မေး။ ။တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ လက်အောက်မှာ တခြားဌာနတွေ ရှိပါသလားခင်ဗျ။
ဖြေ။ ။တိုင်းရင်းရေးရာဝန်ကြီးဌာနအောက်မှာတော့ စာပေယဉ်ကျေးမှုဆိုင်ရာ ဦးစီးဌာနဆိုပြီးတစ်ခု၊ တိုင်းရင်းသားများရဲ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနဆိုပြီး ဦးစီးဌာန ၂ ခု ရှိတယ်။ မနက်ဖြန်ဆို ဆိုင်းဘုတ်တင်ပါပြီ။
မေး။ ။အဲဒါတွေက ပြည်ထောင်စုကနေ ဆောင်ရွက်ပေးတာလား၊ ပြည်နယ်ကနေ ဆောင်ရွက်တာလား ဆိုတာကို သိပါရစေခင်ဗျ။
ဖြေ။ ။ပြည်ထောင်စုကနေ ချပေးတာ ဖြစ်တယ်။ တိုင်းရင်းသားရေးရာဝန်ကြီး ၄ ပါးလုံးနဲ့ ဆိုင်တယ်။ တိုင်းရင်းသားရေးရာဝန်ကြီးမရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့လည်း ဆိုင်တယ်။
မေး။ ။ကချင်ပြည်နယ်မှာ လီဆူတိုင်းရင်းသား ဘယ်လောက်လောက် ရှိပါသလဲခင်ဗျ။
ဖြေ။ ။သန်းခေါင်စာရင်းတွေ လိုက်ကောက်တဲ့အချိန် ဥပဒေမစိုးမိုးနိုင်တဲ့အချိန် ကျွန်တော်တို့ လီဆူတိုင်းရင်းသားတွေက တောထဲမှာကျက်စားတော့ အတိအကျတော့ ကျွန်တော်တို့ မဖော်ပြနိုင်သေးဘူး။ အစိုးရလည်း မဖော်ပြနိုင်သေးသလို ကျွန်တော်တို့ကလည်း fund ရဲ့ အခြေအနေအကြောင်းကြောင်းကြောင့် အတိအကျတော့ ပြောလို့မရဘူး။ သို့သော် အနည်းဆုံး ကချင်ပြည်နယ်မှာ လီဆူလူမျိုးပေါင်း တစ်သိန်းရှစ်သောင်း ရှိပါတယ်။
မေး။ ။ဝန်ကြီးတို့ တိုင်းရင်းသားရေးရာဝန်ကြီးတွေကို လုပ်ပိုင်ခွင့်တွေ ချထားပေးတာတွေ ရှိသလား ခင်ဗျ။
ဖြေ။ ။လုပ်ပိုင်ခွင့်တော့ အများကြီး ရှိပါတယ်။ လုပ်ပိုင်ခွင့်ချထားတယ်ဆိုရာမှာ ပြည်ထောင်စုက နေပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအမှတ်(၈) ဥပဒေအရဆိုရင်တော့ တိုင်းရင်းသားလူမျိုးများ စာပေယဉ်ကျေးမှု၊ တိုင်းရင်းသားများရဲ့ ဘာသာရေး၊ တိုင်းရင်းသားများရဲ့ သမိုင်းအမွေအနှစ် ထိန်းသိမ်းခြင်းဆိုင်ရာ၊ တိုင်းရင်းသားများအချင်းချင်း အငြင်းပွားမှုဖြစ်လာတဲ့ ဘာသာရေးသော်လည်းကောင်း၊ စာပေ၊ လူမှုရေးတွေအားလုံး တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေထဲမှာ အကုန်ပါပါတယ်။ အဲဒီစာအုပ်က ထွက်ထားပြီးပါပြီ။ ကျွန်တော်တို့ လက်ဝယ်ကိုင်ဆောင်ပြီး ဆောင်ရွက်နေပါတယ်။
မေး။ ။ဝန်ကြီးတို့ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနကိုဘတ်ဂျက် ချထားပေးထားတာတွေရှိလား။
ဖြေ။ ။ပြည်ထောင်စု ဘတ်ဂျက်အနေနဲ့တော့ မရှိပါဘူး။ ပြည်နယ်ဘတ်ဂျက်အနေနဲ့ ရေးဆွဲပြီးမှ တိုင်းရင်းသားရေးရာဝန်ကြီးတစ်ပါးကို သိန်း ၉၀၀ ကို သာမန်သုံးငွေအဖြစ် ချထားပေးတယ်။ ဒါပေမယ့် သိန်းတစ်ရာကတော့ တစ်နှစ်ပတ်လုံး စာတွေ ထုတ်လုပ်တဲ့နေရာမှာ သုံးဖို့ပေါ့။ သိန်းရှစ်ရာက ခေါင်းစဉ်သပ်သပ်ရှိတယ်။ အခါကြီးရက်ကြီးပေါ့။ တိုင်းရင်းသားရိုးရာ ပွဲလမ်းသဘင်မှာ သုံးလို့ရတဲ့ အကောင့်ရယ်၊ ပြပွဲ၊ ပြိုင်ပွဲဆုပေးတဲ့ နေရာမှာသုံးစွဲဖို့ ပြည်နယ်ဘတ်ဂျက်ကနေ ရေးဆွဲထားပေးပါတယ်။ တစ်နှစ်ပတ်လုံးအတွက် သုံးစွဲရတာပါ။ အများကြီး အခက်အခဲတွေရှိတယ်။ တိုင်းရင်းသားရေးရာဝန်ကြီး မရှိတဲ့သူတွေလည်း တန်းတူခံစားရမယ်လို့ ကျွန်တော် ခံယူတယ်။ တံတားတိုတိုလေးထိုးဖို့တောင် မလုပ်ပေးနိုင်ဘူး။ ဘတ်ဂျက်ချပေးတယ်ဆိုတဲ့ သဘောလောက်ပဲ ရှိတယ်။ ဘာမှလုပ်လို့မရဘူး။ မနှစ်က စချပေးတယ်။ ဒီလာမယ့်ဘတ်ဂျက်ဆို နှစ်ကြိမ်ရှိပြီပေါ့။
မေး။ ။အဲဒီ ဘတ်ဂျက်တွေကို ဘယ်လိုသုံးစွဲခဲ့ပြီးပြီလဲခင်ဗျ။ လုံလောက်မှုရော ရှိရဲ့လား။
ဖြေ။ ။လုံလောက်မှုမရှိလို့ ပြည်သူကိုချပြရမှာတောင် ရှက်တယ်။ ဘာကြောင့်လဲဆိုတော့ အခု ကချင်ပြည်နယ် အဆင့် တိုင်းရင်းသားပွဲတော် လုပ်မယ်။ ဒီနှစ်လုပ်မယ်။ ပြင်ဆင်နေပြီ။ သိန်း ၅၀၀၀ လောက် ကုန်ကျတယ်။ အဲဒီပွဲတစ်ပွဲပဲ သိန်းငါးထောင်လောက် ကုန်တယ်။ အဲဒီနေရာမှာ သိန်းနှစ်ရာသုံးရာလောက် သုံးစွဲလို့ရမယ်။ ဒါပေမယ့် အခြားနေရာမှာတွေ အများကြီး လစ်ဟာမှုတွေ ရှိတာပေါ့။ နောက်လော်ဝေါ် လချိတ်စာပေတစ်ခုခုလုပ်ဖို့ တောင်းဆိုလာတယ်။ ပွဲလုပ်ဖို့ တောင်းဆိုလာတယ်ဆို ဒီနေရာတွေမှာဖဲ့ပေးမယ်ဆိုတော့ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ အလုပ်လုပ်ဖို့ဆိုရင် ခက်ပါတယ်။ အဲဒါကြောင့် တိုင်းရင်းသား ကာကွယ်စောင့်ရှောက်ရေး ဥပဒေအမှတ်(၈)ကို ဘာသာပြန်ပြီးပြီ။ စာပေရိုးရာယဉ်ကျေးမှုကော်မတီတွေ အားလုံးစုပြီးတော့ ဧည့်ခံပြီး ဖြန့်ဝေပြီးသွားပါပြီ။ လီဆူလို ဘာသာပြန်လိုက်တယ်။ နောက်သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းတဲ့အနေနဲ့ နှစ်ပေါင်းတစ်ရာက စာထုတ်ဝေခဲ့တဲ့ သီချင်းအတိုလေးတွေ မပျောက်သွားအောင် လီဆူသီချင်း အတိုလေးတွေ ရှေးရှေးကဘယ်လိုဆိုခဲ့တယ်ဆိုတာလေးတွေကို ဆောင်ရွက်ခဲ့ပြီ။ အခု လီဆူတွေအများစု နေတဲ့ မြို့နယ် ၆မြို့နယ်ကို ခရစ္စမတ်မှာ သိန်းတစ်ရာထဲက နှစ်သိန်းသုံးသိန်းကို သ၀န်လွှာနဲ့အတူ ပေးပို့ဖို့စီစဉ်ထားပြီးပါပြီ။ အားလုံးကိုတော့ မသွားနိုင်ဘူးပေါ့။ ကျွန်တော်ရှိနေတဲ့အနီးအနားတွေကိုတော့ ရောက်အောင် သွားလှူဒါန်းပေးမှာပါ။
မေး။ ။ဝန်ကြီးတို့ တိုင်းရင်းသားရေးရာဝန်ကြီးတွေအနေနဲ့ Cabinet အစည်းအဝေးတိုင်းကိုရော တက်ရပါသလား။
ဖြေ။ ။အစည်းအဝေးတိုင်းကိုတော့ တက်ရပါတယ်။ ပြည်သူလူထုအကျိုးကို ထောက်ပြပြီး ဘယ်ဟာတွေကိုတော့ အဓိကလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးရပါတယ်။ တိုင်းရင်းသားပြည်သူတွေ လိုအပ်ချက်ကို ထောက်ပြပါတယ်။ အခြားဝန်ကြီးတွေ တင်ပြလာတဲ့အပေါ်မှာလည်း ပြည်သူအကျိုးမရှိဘူး၊ အများနဲ့ မသက်ဆိုဘူးဆိုရင်တော့ ကန့်ကွက်တာပေါ့။ မဖြစ်သင့်ဘူး၊ ဖြစ်သင့်တယ်ဆိုပြီး ၀ိုင်းဝန်းဆွေးနွေးရပါတယ်။
မေး။ ။အခု တက်လာပြီးလီဆူတိုင်းရင်းသားတွေအတွက် ဘာတွေလုပ်ပေးခဲ့တာရှိလဲ။ ဘာတွေ လုပ်ပေးနိုင်ခဲ့ပြီလဲခင်ဗျ။
ဖြေ။ ။အစိုးရသက်တမ်း ၁ နှစ်နဲ့ ၈ လအတွင်းမှာ ပူတာအိုကို ၇ ကြိမ်၊ ဆော့လော်၊ချီဖွေ၊ ဆဒုံး၊ ကန်ပိုက်တီ၊ ပန်ဝါ သွားပြီး တိုင်းရင်းသားပြည်သူတွေ၊ ဌာနဆိုင်ရာတွေနဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီထဲမှာဆို တိုင်းရင်းသားများအတွက်ဆိုရင် စာပေရိုးရာယဉ်ကျေးမှုကို စာပေ သတ်သတ်မှတ်မှတ်နဲ့ ဥပဒေဘောင်ထဲမှာလုပ်နိုင်ဖို့၊ ဘာသာရေးကိစ္စ ဖယိုဖရဲဖြစ်အောင် ချပြနိုင်တယ်။ အစိုးရ၊ ပြည်သူ၊ ဌာနဆိုင်ရာတွေနဲ့ သဟဇာတဖြစ်လာအောင် လီဆူတိုင်းရင်းသားတွေကို လမ်းညွှန်နိုင်ခဲ့တယ်။ လိုအပ်ချက်ရှိတာကတော့ တိုင်းရင်းသား စာပေရိုးရာယဉ်ကျေးမှုရုံးတွေ အခိုင်အမာရှိဖို့ လိုတယ်။ နှစ်ပေါင်း ၅၀ လောက် ဖယိုဖရဲထားခဲ့တာ စုမယ့်နေရာလည်း မရှိဘူး။ နောက်ဆုံး နေရာမရှိဘဲ မိမိစိတ်ထဲမှာပဲ လုပ်နေတော့ ဒါတွေ တိမ်ကောပျောက်ကွယ်မှာစိုးလို့ ဘယ်လိုလုပ်သင့်သလဲ၊ အနာဂါတ် ရန်ပုံငွေဘယ်လိုရှာမလဲဆိုတဲ့ အရာအားလုံးကို ကွင်းဆင်းစိစစ်ဆောင်ရွက်ပြီးပါပြီ။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေသွားပြီးပြည်သူတွေရဲ့အသံ အစစ်အမှန်ကိုကြားချင်လို့ ပဏာမ ဆောင်ရွက်ခဲ့တာတွေလည်း ရှိတယ်။ တကယ်ဖြစ်သင့်တဲ့ ပြည်သူတွေထံက ဒေတာတွေ ရပြီးတဲ့အခါကြမှ ကက်ဘိနက်မှာ တင်ပြဆောင်ရွက်ပေးခဲ့တာရှိတယ်။ လမ်းမှာနေတဲ့ ပြည်သူတွေကိုလည်း တည့်မတ်ပေးဖို့ သွားခဲ့တာတွေ ရှိတယ်။ ကျွန်တော်တို့မှာ တာဝန်ရှိသော်လည်း လုပ်ပိုင်ခွင့်မရှိဘူး။ သတ္တုသယံဇာတနဲ့ ပတ်သက်ရင် ပြည်သူတွေဒါတွေ လိုအပ်တယ်ဆိုတာကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာတွေ ရှိတယ်။
မေး။ ။ခရီးတွေ ထွက်တော့ရော ခရီးစရိတ်တွေ ချပေးလားခင်ဗျာ။
ဖြေ။ ။မနှစ်ကအထူးဒေသ ၁ ကို သွားတဲ့အခါတော့ နှစ်သိန်းချပေးတယ်ဆိုပြီး နောက် ခုနှစ်သောင်းပဲပေးလို့ မထုတ်ဘဲ ကိုယ့်အိတ်ထဲကနေ စိုက်ပြီးသွားခဲ့တယ်။ ဒီတစ်ခေါက်သွားတော့ ဗမာဝန်ကြီးနဲ့ ကျွန်တော်တောင်းပြီး သိန်း ၂၀ လှူဒါန်းပေးအပ်နိုင်ခဲ့ပါတယ်။ ၀န်ကြီးတစ်ပါးခရီးသွားရင် အနည်းဆုံး ကားသုံးစီးလောက် ပါတယ်။ ဆီဖိုးတောင်မှနှစ်သိန်း၊ သုံးသိန်းလောက် ကုန်တယ်။ ဟိုးချီဖွေ၊ ပန်ဝါဘက်ဆို ခက်ခက်ခဲခဲနဲ့ အသက်စွန့်ပြီး တိုင်းရင်းသားအရေးတွေကို ဆောင်ရွက်နေရတယ်။ လုံးဝအခက်အခဲ ရှိတယ်။
မေး။ ။ဝန်ကြီးတို့ သွားလာတာတွေနဲ့ ပတ်သက်လို့ ကန့်သတ်ထားတာရှိလား။
ဖြေ။ ။တနိုင်းဘက်လို နေရာတွေကိုတော့ ကန့်သတ်ထားတယ်။ ဆော့လော်၊ ချီဖွေဘက်တော့ နယ်မြေလုံခြုံရေးအရ ကန့်သတ်ထားတာတော့ မရှိဘူး။ ပူတာအိုဆို ခဏခဏသွားတယ်ဆိုတာ Clear ဖြစ်တယ်။ ဥပဒေစိုးမိုးမှုမရှိတဲ့ နေရာတွေမှာတော့ ပြည်သူတွေကို ပစ်ထားသလိုဖြစ်နေတယ်။ အမှန်ကတော့ ပစ်ထားတာ မဟုတ်ဘူး။ အခက်အခဲရှိလို့ မသွားတာပါ။ ၀မ်းနည်းတာပေါ။့ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေရဲ့ လိုအပ်ချက် အခက်အခဲ ပြည်သူတွေအသံကို ထိထိရောက်ရောက် မကြားရတဲ့အတွက်ကြောင့် ပြည်သူတွေ နစ်နာတာပေါ့။ ပြည်သူတွေက တင်ပြချင်တယ်။ အစိုးရလည်း မရောက်ဘူး။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားနဲ့အညီ အစိုးရပေါ်မှာ အရေးကြီးဆုံးကဏ္ဍ ဖြစ်နေတယ်။ သွားလို့မရတော့ အစိုးရအခွင့်အရေးမနစ်နာဘူး။ ပြည်သူတွေအခွင့်အရေးပဲ နစ်နာတာဖြစ်တဲ့အတွက် ကြောင့် စိတ်မကောင်းဖြစ်ပါတယ်။
မေး။ ။အဲဒီဘက်ကို ဆန်တွေ၊ ဆီတွေ သယ်ဆောင်တာနဲ့ပတ်သက်လို့ ကန့်သတ်ထားတာတွေ ရှိတယ်လေ။ အဲဒါတွေနဲ့ ပတ်သက်လို့ရော ၀န်ကြီးတို့ ဘာတွေဆောင်ရွက်နေတာရှိသလဲခင်ဗျ။ အဲဒါတွေကို သယ်ဆောင်ဖို့ ခွင့်ပြုပေးပြီးပြီလား။ သယ်ခွင့်ရပြီလား။
ဖြေ။ ။ဆန်တွေ၊ ဆီတွေသယ်တာကို ခွင့်ပြုတယ်ဆိုတာတော့ မရှိသေးပါဘူး။ လုံခြုံရေးအရဆိုတော့ ကျွန်တော်တို့ ထိထိရောက်ရောက် ပြောလို့မရဘူး။ မိုးမပြို ပြိုလာခဲ့မယ်ဆိုတော့ လုံခြုံရေးအရဆိုပြီး ရှိနေပါတယ်။ အစိုးရကတော့မပိတ်ဘူး။
မေး။ ။Cabinet မှာ ဆွေးနွေးတာလည်း ဆွေးနွေးတာပေါ့။ အခုလို အပြင်ကနေ အစိုးရအဖွဲ့ကို အပြုသဘောဆောင်တာ ဒီကနေ ဘာများ အကြံပေးခင်ပါသလဲခင်ဗျ။
ဖြေ။ ။အဓိကကတော့ အစိုးရအဖွဲ့ဟာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားပါတယ်။ ပြောင်းလဲအောင် ဘယ်လိုလုပ်ရမလဲ။ ပြောင်းလဲအောင်ဆိုရင် အောက်ခြေက ဌာနဆိုင်ရာတင်ပြလာတဲ့ အချက်အလက်ကို မစောင့်ဆိုင်းရဘူး။ ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့ တိုင်းရင်းသားရေးရာဝန်ကြီးတွေဆိုရင် တကယ်လည်းခံစားချက်ပြင်းပြင်းနဲ့ တိုင်းရင်းသားတွေအတွက် အလုပ်လုပ်မယ်ဆိုပြီး အစိုးရအဖွဲ့ကိုဝင်ရောက်ယှဉ်ပြိုင်ပြီး အလုပ်လာလုပ်တာ။ တိုင်းရင်းသားရေးရာဝန်ကြီးတွေကို နယ်ဘက်ကိုတကယ်ဆင်းခိုင်းပြီးမှ အောက်ခြေမှာ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေနဲ့ ဌာနဆိုင်ရာတွေ တင်ပြလာတဲ့အပေါ်မှာ ယှဉ်တွဲပြီးမှ အလုပ်လုပ်မှသာ စစ်မှန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့စစ်မှန်တဲ့ အောင်မြင်မှုရမယ်။ မြို့နယ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ အောက်မှာပဲဆိုရင် ဒါတွေကို ရှုပ်ထွေးမှုတွေအများကြီးရှိလို့ ပြောင်းလဲမှုအပေါ်မှာ ပြည်သူတွေကိုဆွဲခေါ်ပြီး ဌာနဆိုင်ရာရော၊ ပြည်သူတွေရော၊ အစိုးရနဲ့ပူးပေါင်းပြီး လုပ်လာနိုင်အောင် ထိထိရောက်ရောက် စောင့်ကြည့်နိုင်ဖို့လိုမယ်။ ဒီလိုမဟုတ်ပဲ လုပ်နေမယ်ဆိုရင် အရင်အစိုးရလည်း လုပ်နေတာပဲ။ အပေါ်စီးက လုပ်နေတာပဲ။ ဒီအစိုးရလက်ထက်မှာလည်း ထဲထဲဝင်ဝင်လုပ်ပြီးတော့ အားလုံးမှန်တယ်လို့ ကျွန်တော် မပြောဘူး။ အမှားတွေ အများကြီးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ပြည်သူဖြစ်ချင်တာက တခြား၊ ဟိုအောက်က တင်ပြတာကတခြား၊ တကယ်ကတော့ အစိုးရအဖွဲ့က အမှန်လုပ်လျှက်နဲ့အမှားမှာ အများကြီ ရောထွေးနေတယ်။ ကျွန်တော်တို့အစိုးရမမှားသင့်ဘဲ မှားတာတွေ အများကြီးရှိပါတယ်။ အစိုးရအဖွဲ့ကို အကြံပြုချင်တာက စီမံကိန်းတစ်ခုခု အစိုးရက အများပြည်သူအတွက် လုပ်တော့မယ်ဆိုရင် ကနဦး ဆုံးဖြတ်ချက် မချခင်မှာ တိုင်းရင်းသားဝန်ကြီးတွေကိုဆိုင်ရာဝန်ကြီးတွေနဲ့လူထုတွေ့ဆုံပွဲ လုပ်ရမယ်။ သူတို့လိုလားသလား၊ မလိုလားဘူးလား။ မြေယာပြဿနာဖြစ်တဲ့အခါ မြေယာတွေမချခင်မှာ တွေ့ဆုံပွဲတွေ အရင်လုပ်ထားရမယ်။ ချပေးလိုက်ရင် ပြည်သူတွေကြားမှာ ရှုပ်ထွေးလာမယ်။ လုပ်ငန်းရှင်တွေကို မချပေးရဘူး။ ချင့်ချိန်ပြီး အစိုးရ အလုပ်လုပ်ရမှာဖြစ်တယ်။
မေး။ ။ဟုတ်ကဲ့ ၀န်ကြီးအနေနဲ့ မြစ်ကြီးနားဂျာနယ်ကနေတစ်ဆင့် ပြည်သူတွေကိုဘာများ ပြောချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ပြည်သူကိုကျတော့ နံပါတ်တစ် ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရသစ်တစ်ရပ် မွေးထုတ်ပေးလိုက်တယ်။ ဒုတိယအချက်အနေနဲ့ စစ်မှန်တဲ့ အုပ်ချုပ်မှုနဲ့၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ရရှိလာသည်အထိ ၀ိုင်းဝန်းပြီးတော့စိတ်ရှည်လက်ရှည်နဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံဆိုတဲ့ စိတ်ဓါတ်နဲ့အစိုးရအဖွဲ့နဲ့လက်တွဲပြီး အကြံပြုပါ။ နောက် လက်တွဲပြီးတော့မှ လမ်းတစ်လမ်းကို လျှောက်တဲ့ ရဲဘော်ရဲဘက်စိတ်ဓါတ်နဲ့ ၀ိုင်းဝန်းပူးပေါင်းပေးပါလို့ ပြည်သူတွေကိုပြောချင်ပါတယ်။