တုတ်ထိုး –
မဝယ်ဘူး။ မယ်ခူးတဲ့ ဖက်စို။
မီးမကူ နေပူမှာ မကင်အားလို့
ထားရတယ် အိပ်ရာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား ရှေ့သွားနှင့် ကိုက်လို့တို
မချိုတောင့်လိပ်ဆေး။
ပိုးမကူ ဝါချည်ဖြူ တစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။ ။
အိုးပေါက် – အောင်မယ် မယ်ခွေရဲ့ “ဆေးလိပ်လက်ဆောင်”လေးချိုးနဲ့ သာယာနေပါ့လား။

တုတ်ထိုး – မသာမယာ ဖြစ်နေတာဗျ။
အိုးပေါက် – ဘာလို့။

တုတ်ထိုး – အဲ့ဒီကဗျာကို ကျောင်းသင်ရိုးထဲက ထုတ်လိုက်ပြီ။
အိုးပေါက် – ဒါကြောင့် “မယ်ခွေ”ကို လွမ်းနေတာကိုး။

တုတ်ထိုး – လွမ်းနေတာထက် နှမြောနေမိတာ။
အိုးပေါက် – ဘာဖြစ်လို့တုန်း။

တုတ်ထိုး – ပြင်ညာရှိကြီးတွေကြောင့်ပေါ့။
အိုးပေါက် – “ပညာရှိ|လို့ သုံးစမ်းပါ။

တုတ်ထိုး – ခုဟာက “ပြင်ညာရှိ”။
အိုးပေါက် – လင်းစမ်းပါဦး။ ဘာတွေဖြစ်နေတာတုန်း။

တုတ်ထိုး – လူမှုကွန်ရက်ပေါ်မှာ ဝေဖန်နေကြတာ မသိဘူးလား။
အိုးပေါက် – ဟင့်အင်း။ “မာရသွန်ဆရာတော်ဘုရား” သတင်းတွေ လိုက်ဖတ်နေတာနဲ့ အဲ့ဒီအကြောင်း သတိမထားမိလိုက်ဘူးဗျ။

တုတ်ထိုး – ဆရာဝန်တစ်ယောက်က ရေးထားတာ။ ဘာတဲ့၊ “၂၀၀၄ ခုနှစ်ကတည်းက တိုက်ခဲ့တဲ့ တိုက်ပွဲ ၂၀၁၉ ကျတော့ အောင်မြင်ပါပြီ။ ဆေးလိပ်ကင်းစင်ရေး ဆိုင်းဘုတ်တပ်ပြီးတော့ (၈)တန်းသင်ရိုးမှာ “မယ်ခွေ”ရဲ့ လက်ဆောင်ကဗျာ(ဆေးလိပ်အကြောင်း) ပါနေတဲ့ကိစ္စကို စိုက်လိုက်မတ်တတ် ဆန့်ကျင်ခဲ့ပါတယ်”တဲ့။
အိုးပေါက် – ဒီကဗျာကို ကျောင်းသင်ရိုးထဲက ထုတ်ပယ်ဖို့အကြောင်းပြချက်က ဆေးလိပ်သောက်သုံးမှု လျော့ကျသွားမယ်တဲ့လား။ ဒီကဗျာဖတ်ပြီး ဆေးလိပ်သောက်ချင်လာလိမ့်မယ်တဲ့လား။

တုတ်ထိုး – ရွှေဉာဏ်တော် စူးကြတဲ့ ပြင်ကြညာကြတဲ့ပြင်ညာရှိကြီးပါပဲ။
အိုးပေါက် – ဆေးလိပ်ဟာ မကောင်းဘူး။ လက်ခံတယ်။ ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူး။ လက်ခံတယ်။ ဒါပေမဲ့ အနုပညာပစ္စည်းတစ်ခုကို အနုပညာပစ္စည်းလို့ မမြင်ဘဲကလေးတွေ ဆေးလိပ်သောက်ချင်လာကြမှာ စိုးလို့ ဆိုတဲ့တစ်ဖက်ပိတ်အတွေးနဲ့ ပယ်လိုက်တယ်ဆိုတဲ့ အမြင်ဟာဖုန်ရှူဖို့သာ ကောင်းတော့တယ်။

တုတ်ထိုး – သင်ရိုးပြောင်းတာ ပြောင်းပေါ့။ ဒါပေမဲ့အကြောင်းပြချက်ကြီးက ပိန်းလွန်လွန်းလို့ ကျုပ်က လက်မခံတာ။
အိုးပေါက် – ကျုပ်ဖြင့် ဒီကဗျာကို ကျောင်းသားဘဝကတည်းက နှစ်ခြိုက်ခဲ့တာပဲ။ အခုထိလည်း စွဲမြဲနေတုန်းပါပဲ။ ဒါပေမဲ့ ဆေးလိပ်ကို အခုထိ မသောက်ခဲ့ပေါင်ဗျာ။ သင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကလည်း ဆေးလိပ်သောက်တတ်အောင် သင်ကြားပေးကြတယ်လို့ မကြားဖူးပါဘူး။

တုတ်ထိုး – ရှေးမြန်မာလူမျိုးတွေရဲ့ လူနေမှုစရိုက် သဘာဝကိုထင်ဟပ်တယ်။ ချစ်ခြင်းတရား၊ မေတ္တာတရားတွေနဲ့ ထုံမွှမ်းထားပြီး သိင်္ဂါရ ရသတွေ သန္တရသတွေ ပြည့်လျမ်းနေတယ်။
အိုးပေါက် – ကျုပ် မိတ်ဆွေကြီးတစ်ယောက်ကတော့ ဆင်းရဲလို့ ကျောင်းမနေခဲ့ရဘူး။ အဲ့ဒီကဗျာလည်း မသင်ခဲ့ရဘူး။ ဒါပေမဲ့ သူ ဆေးလိပ်သောက်နေတယ်။

တုတ်ထိုး – လူတွေဟာ ဆေးလိပ်မကောင်းမှန်း သိကြပါတယ်။ ဆိုးကျိုးတွေကို သိကြပါတယ်။ သိရက်နဲ့ သောက်နေကြတာပါပဲ။
အိုးပေါက် – ဆေးလိပ်ကို လူတိုင်း မသောက်စေချင်ရင်အခွန်တွေ တိုးကောက်လိုက်ဗျာ။ ဆေးလိပ်ဈေး မြှင့်လိုက်ဗျာ။ ဒီကဗျာကြောင့် ဆေးလိပ်သောက်တတ်လိမ့်မယ်ဆိုတာမျိုးကတော့ အဲ့ဒီခေါင်းကို ရွှေချသိမ်းထားဖို့ပဲ ကောင်းတော့တယ်။

တုတ်ထိုး – ဒီလောက်တောင် ရှိလှတာ ဝန်ကြီးပဒေသရာဇာရဲ့ “နွေဦးကာလ မြူထသောအခါ”ကဗျာလည်း မသင်နဲ့။ “ဖြုတ်”။
အိုးပေါက် – ဘာဖြစ်လို့။

တုတ်ထိုး – ထန်းတက်သမားအကြောင်း ရေးထားတာလေ။ ကလေးတွေ အတုခိုးမှားပြီး ထန်းရေသောက်ချင်လာကြလိမ့်မယ်။
အိုးပေါက် – မှတ်တောင် ထားရဦးမယ်။

တုတ်ထိုး – ဝန်ကြီးပဒေသရာဇာရဲ့ “ဝဿန်ကာလ မိုးကျတည့်လျှင်”ကဗျာလည်း ဖြုတ်။ တောင်သူလယ်သမား သပိတ်တွေ ပေါ်ပေါက်စေနိုင်လို့။
အိုးပေါက် – မဆီမဆိုင်ဗျာ။

တုတ်ထိုး – ဆရာမကြီး ငွေတာရီရဲ့ “ဤမီးတိုင်” ကဗျာလည်း ဖြုတ်။ ဒီကဗျာလည်း မီးခဏခဏပျက်နေတဲ့ နိုင်ငံတော်ကြီးရဲ့ပုံရိပ်ကို ထိခိုက်စေတာပဲ။ ဖြုတ်။
အိုးပေါက် – ဘာကျန်သေးလဲဟင်။

တုတ်ထိုး – “နေဝင်စ ချိုးမရယ်ကူ” ကဗျာလည်း ဖြုတ်၊ ဆဒ္ဒန်ဆင်မင်းဝတ္ထုလည်း ဖြုတ်။
အိုးပေါက် – ဘာဖြစ်လို့။

တုတ်ထိုး – တောရိုင်းတိရစ္ဆာန် သတ်ဖြတ်ရေးကို အားပေးအားမြှောက်ပြုလို့။ ဦးပုညရဲ့ “ရေသည်ပြဇာတ်” ကိုလည်း ဖြုတ်။
အိုးပေါက် – ဟဲ့ ပလုတ်တုတ်။ ဘာဖြစ်လို့။

တုတ်ထိုး – ဘုရင်ကို လုပ်ကြံပြီး ထီးနန်းလုယူတဲ့ ကိစ္စကြီးလေ။ အာဏာလု သတ်ဖြတ်တာတွေ ဖြစ်စေနိုင်လို့ ဖြုတ်။
အိုးပေါက် – မှတ်သားထိုက်ပါပေတယ်။

တုတ်ထိုး – “စစ်မှာတစ်မူ” ကဗျာလည်း ဖြုတ်။ ဒီလောက်စစ်ပွဲတွေ ဖြစ်နေရတဲ့ကြားထဲ ကလေးတွေ စစ်စိတ်စစ်သွေး ဝင်လိမ့်မယ်။ “မြင်စိုင်းရွှေပြည်”ကဗျာလည်း ဖြုတ်။ ဘယ့်နှယ် စစ်ကိုမလိုလို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတာ နှစ်ချီနေပါတယ်ဆိုမှ ဒီကဗျာတွေ ပြဋ္ဌာန်းရလား။ ဖြုတ်။ပြီးတော့ ပြည်တွင်းစစ်မီးက တကျည်ကျည် ဖြစ်နေပါတယ်ဆိုမှ “စီးချင်းတိုက်ပွဲ” ပြဋ္ဌာန်းထားရလား။ ဖြုတ်။
အိုးပေါက် – ဘာကျန်သေးလဲဟင်။

တုတ်ထိုး – သစ်တောတွေ မရှိတော့ပါဘူးဆိုမှ နိုင်ငံတော်ကို ထိကပါး ရိကပါးဖြစ်စေတဲ့ လေးမောင့်စံကျောင်းကိုလည်း ဖြုတ်။ ဒီကြားထဲ မာရသွန်ဆရာတော်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်ဆိုမှ တောရအကြောင်း ပါလာနေသေးတယ်။ ဖြုတ်။
အိုးပေါက် – မှတ်တောင် ထားရဦးမယ်။

တုတ်ထိုး –
“အစ်မနှမ သမီးကကို
စ၍ဆက်နှင်း လက်ဆောင်သွင်း၍
စိုးမင်းချစ်မြတ် ထိုအမတ်သည်
အတတ်မရှိ သတ္တိကင်းကွာ
ဘုန်းကြီးလှမူ
ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း”တဲ့လား။
ဘယ့်နှယ်ဗျာ၊ လွှတ်တော်မှာ ချွတ်ချော်နေတဲ့အကြောင်းရွဲ့စောင်းဖော်ပြနေတဲ့ “ရွှေပြည်ဝန်ကြီး” အကြောင်းက ထည့်စရာလား။ “ယောမင်းကြီးစိတ်ဓာတ်” သင်ခန်းစာကိုလည်းမချန်နဲ့။ ဖြုတ်။
အိုးပေါက် – ရွှေဉာဏ်တော်တွေ ထွက်နေတာ။

တုတ်ထိုး – မြစ်ဆုံအရေး ရတက်မအေးရတဲ့ကြားထဲ “မြကန်သာ”တို့၊ “ချောင်းကလေး”တို့၊ “လှိုင်းကလေးသင်” တို့ သင်နေသေးလား။ ဖြုတ်။
အိုးပေါက် – ခင်ဗျားသာ ပြင်ညာရေးမှာ အမှုတော် ထမ်းပါတော့။

တုတ်ထိုး – ဒီကြားထဲ အနောက်တံခါးပြဿနာက ရှိသေးတယ်မဟုတ်လား။ ရခိုင်အရေးကလည်း ကမ္ဘာကတောင်စောင့်ကြည့်နေရတဲ့ ပြဿနာပဲ။ ဒီတော့ ရခိုင်အရေး တွေးပူနေရသေးလို့ ရခိုင်တေးသံဖြစ်တဲ့ “ကျွဲကျောင်းသံ”ကဗျာကို ဖြုတ်။ ဖြုတ်။ အဲ့ဒါ ပိုအရေးကြီးတယ်။
အိုးပေါက် – စဉ်းစားစရာပါပဲ။

တုတ်ထိုး – မြန်မာ့ဘဏ်တို့၊ မြန်မာ့ဆန်တို့၊ ငွေတုတို့ ဘာတုတို့ အသံတွေ ထွက်နေရတဲ့ကြားထဲ ဈေးကွက်စီးပွားရေးတို့၊ ငွေကြေးဈေးကွက်တို့က သင်ရိုးထဲ ပါနေတာပဲ။ အဲ့ဒါတွေလည်း ဖြုတ်။
အိုးပေါက် – မထူးတော့ပါဘူး။ မြန်မာစာသင်ရိုးညွှန်းတမ်းဆိုပြီး ပလိန်းတစ်အုပ်သာ ထုတ်လိုက်ပါတော့ဗျာ။

တုတ်ထိုး – မယောင်ရာ ဆီလူးနေကြတာပဲဗျာ။ ဒီတော့ဒီလိုလူတွေရှိနေရင် သူတို့ကို ကြောင်တစ်ကောင်စီသာ လက်ဆောင် ပေးလိုက်ကြပါတော့။
အိုးပေါက် – ရေချိုးကြပေတော့။ သန်းရှာကြပေတော့။

တုတ်ထိုး – Biology ထဲက Chapter 10 ကိုလည်း ဖြုတ်ခိုင်းပစ်။ တော်ကြာ ကာမစိတ်တွေ ကြွကုန်ဦးမယ်။
အိုးပေါက် – မှတ်တောင် ထားရဥိးမယ်။

တုတ်ထိုး – ဒါနဲ့ မယ်ခွေရဲ့ လက်ဆောင်ကဗျာကြောင့်ကလေးတွေ ဆေးလိပ်သောက်ချင်လာလိမ့်မယ်လို့ ပြောတဲ့ ဆရာကြီးကို မေးလိုက်ချင်တယ်။ မယ်ခွေရဲ့ကဗျာကြောင့် ဆေးလိပ်သောက်တတ်မယ်ဆိုရင် WY တွေ ကိစ္စက ဘယ်သူ့ကဗျာကြောင့်ပါလိမ့်နော်။ ဟဲ ဟဲ ဟဲ။
အိုးပေါက် – မထူးတော့ပါဘူးဗျာ။ ရှင်မဟာရဋ္ဌသာရတို့၊ ရှင်မဟာ သီလဝသံတို့၊ မန်လည်ဆရာတော် ဘုရားကြီးတို့ရဲ့စာတွေကိုလည်း ဖြုတ်ပစ်လိုက်ပါတော့။

တုတ်ထိုး – ဘာလို့တုန်း။ သူတို့စာ၊ သူတို့ကဗျာတွေကရောဆေးလိပ်နံ့ရနေလို့လား။
အိုးပေါက် – ဆရာတော်ဦးဝီရသူရဲ့ အမှုတွေတောင် မပြီးသေးဘူး။ ဖမ်းဝရမ်း ထုတ်ထားတာပဲ ရှိတယ်။ ဒီတော့ ဒီဆရာတော်ဘုရားတွေရဲ့ စာတွေကိုပါ ထုတ်။ ဖြုတ်။

တုတ်ထိုး – ဘုရား ဘရား။ ဦးနှောက်အခွံ၊ နှလုံးသားအခွံနဲ့ရှေ့ဘယ်လို့ ဆက်ကြမတုန်း။
အိုးပေါက် – မြန်မာ့ပညာရေး အလင်းပွင့်ပါစေကြောင်း ဆုတောင်းနေကြရုံပေါ့ဗျာ။

တုတ်ထိုး – ကောင်းလေစွ၊ ကောင်းလေစွတကား။ ။