တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၇ ၊ အမှတ် ၆

0
304

တုတ်ထိုး – ဟေ့လူ၊ လက်ဆေးခဲ့သလား။
အိုးပေါက် – အခုတော့ အကျင့်ဖြစ်သွားပြီ။ အပြင်ကပြန်လာရင် လက်ဆေးတယ်။ တစ်စုံတစ်ခုကိုင်ပြီးရင်လည်း လက်ဆေးတယ်။ အိမ်သာတက်ပြီးလည်း ဆေးတယ်။

တုတ်ထိုး – ကောင်းတယ်။
အိုးပေါက် – မကောင်းတာက ကောလာဟလတွေပဲ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မမှန်ကန်တဲ့ သတင်းတွေ ဖြန့်နေကြတာတွေ ရှိတယ်။ လူမှုကွန်ရက်တွေမှာ ကိုယ်ဖတ်မိတဲ့သတင်းတွေဟာ အမှန်လား၊ ပြည်သူလူထုကို ထိတ်လန့်စရာအဖြစ်ဖန်တီးနေတာတွေလား။ ချင့်ချိန်ယုံကြဖို့ လိုတယ်။

တုတ်ထိုး – ကျုပ်တို့ မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေတာမျိုး မတွေ့သေးဘူးနော်။
အိုးပေါက် – ကံကောင်းတာပေါ့ဗျာ။ ကံကောင်းတယ်ဆိုပေမယ့် သတိတော့ရှိရမယ်။ သိပ်ကြီး မကြောက်ပါနဲ့။ အရမ်းကြီးလည်း မပေါ့ဆပါနဲ့။ လက်ဆေးပါ။

တုတ်ထိုး – ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ၊ သံသယရှိလူနာအဆင့်လောက်ပဲ ရှိတာ။ ကိုရိုနာဗိုင်းရပ်စ် မတွေ့တာကံတကယ်ကောင်းတာပဲဗျာ။
အိုးပေါက် – မတွေ့တာပါ။ မတွေ့သေးတာလည်း ဖြစ်နိုင်ပါတယ်။ မတွေ့သေးတာဟာ မရှိတာလို့လည်း ပြောလို့မရပါဘူး။ မတွေ့တာနဲ့မရှိတာ ကွဲပြားတယ်ဗျ။

တုတ်ထိုး – ဒါပေါ့ဗျာ။ မတွေ့လည်း မတွေ့ပါရစေနဲ့။ မရှိလည်း မရှိပါစေနဲ့ဗျာ။
အိုးပေါက် – မြန်မာနိုင်ငံမှာ ဖြစ်လာခဲ့ရင် ဘာတွေဖြစ်လာမလဲ။

တုတ်ထိုး – ထိန်းချုပ်ရ ခက်ပါလိမ့်မယ်။ ဒီတော့ မဖြစ်လာခင်ကျန်းမာရေးအသိနဲ့ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။
အိုးပေါက် – ကိုရိုနာဗိုင်းရပ်စ် ရှိတယ်မရှိဘူးတော့ မပြောတတ်ဘူး။ တချို့တွေက ဆန်စုသူစု၊ ဆီစုသူစုနေကြပြီ။

တုတ်ထိုး – ဒီ ကပ်ဆိုးကြောင့် နောက်ထပ်စီးပွားရေးပြိုလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။
အိုးပေါက် – အီတလီမှာတော့ ကိုရိုနာဗိုင်းရပ်စ်အဆိုးဆုံးအနေအထားမှာ ရောက်နေတယ်။ တစ်နေ့ကို လူ ၈၀၀ လောက် သေနေကြတယ်။

တုတ်ထိုး – ဘုရား ဘုရား။ ကြောက်စရာကြီးဗျာ။
အိုးပေါက် – အီတလီမှာ ကမ္ဘာလှည့်ခရီးသွားတွေဟာ နေ့စဉ်နဲ့အမျှ ပျားပန်းခတ်နေတာ။ ပြီးတော့ သူတို့နိုင်ငံဟာ လုံခြုံမှုရှိတယ်ဆိုပြီး ခရီးသွားလာခွင့်တွေကို ပိတ်ပင်တာမျိုးတွေ မရှိခဲ့ဘူး။ နောက်တော့ မထိန်းချုပ်နိုင်တော့တဲ့အနေအထားကို ရောက်သွားရတာပဲ။

တုတ်ထိုး – ကျုပ်တော့ လူထူထူထဲ သွားရမှာ။ လက်ဆွဲနှုတ်ဆက်ရမှာ ကြောက်လာတယ်။ နှာချေတာ၊ ချောင်းဆိုးတာကအစ သတိနဲ့ဆိုးတယ်။ လက်မောင်းနဲ့ကာပြီး ဆိုးတယ်။ ပါးစပ်ကို အုပ်ပြီးဆိုးတယ်။ တစ်ခုခုကို ကိုင်ပြီးတိုင်း Hand Gel လိမ်းတယ်။
အိုးပေါက် – ဒါပေါ့။ လက်ကို အမြဲတမ်း ဆေးကြောရမှာပဲ။

တုတ်ထိုး – ခံစစ်အနေနဲ့ လူစုလူဝေးတွေ မပြုလုပ်ပါနဲ့။ အချင်းချင်း ကျန်းမာရေးအသိပညာ လက်ဆင့်ကမ်းပါ။
အိုးပေါက် – ဘာသာရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့လည်း မိမိတို့ရဲ့ ဘာသာဝင်တွေ၊တိုင်းရင်းသားတွေအပေါ်မှာ လက်ဆေးကြဖို့ တိုက်တွန်းစေချင်တယ်။ ကျန်းမာရေး အသိပညာပေးဖို့ တိုက်တွန်းစေချင်တယ်။

တုတ်ထိုး – ဟုတ်တယ်ဗျို့။ သူတို့ ယုံကြည်ရတဲ့သူရဲ့စကားကို သူတို့က ပိုပြီးနားထောင်ပါလိမ့်မယ်။ ဘာသာရေးအရဆုတွေလည်း တောင်းကြပါ။ ပရိတ်တွေလည်း ရွတ်ကြပါ။လက်ဆေးဖို့လည်း မမေ့ကြပါနဲ့၊ မပေါ့ဆကြပါနဲ့ခင်ဗျ။
အိုးပေါက် – ဒီရောဂါက နယ်စည်းမခြားဘူးဗျ။ လူမျိုးမရွေးဘာသာမရွေး ဝါးမြိုသွားမှာ။

တုတ်ထိုး – ပါတီလည်းမရွေးဘူး။ နိုင်ငံလည်း မရွေးပါဘူး။
အိုးပေါက် – ဒီတော့ ပါတီအသီးသီးမှာ ရှိကြတဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့လည်း အရေးကြီးတဲ့အချိန် ရောက်နေပြီ။ ဒီရောဂါကပ်ဘေးကို လူသားဆန်ဆန် တွန်းလှန်ကြပါစို့။ စောင့်ရှောက်ကြပါစို့။

တုတ်ထိုး – “အရေးကြီးပြီ ___ ညီနောင်အပေါင်းတို့___ သွေးစည်းကာ ညီစေ ညီကြစို့”ဆိုသလိုပေါ့ဗျာ။
အိုးပေါက် – အဲ့ဒါ သံစဉ်၊စာသား ထူးအိမ်သင်ဖြစ်ပြီးအဆိုတော်မွန်းအောင် ဆိုထားတဲ့သီချင်း မဟုတ်လားဗျ။

တုတ်ထိုး – ဟုတ်ပါ့ဗျာ။
အိုးပေါက် – အဲ့ဒီသီချင်းကို ဟိုပါတီကြီးကလူတွေက ပါတီမဲဆွယ်ရေးအတွက် အောင်နိုင်ရေးသီချင်းအဖြစ် စာသားတွေပြင်ပြီး ဆိုနေကြတာ တွေ့ရကြားရနေသဗျ။

တုတ်ထိုး – ခိုးပါစေတော့ဗျာ။ သူတို့က မခိုးရမနေနိုင်ပေါင်ဖြစ်နေသလားမှ မသိတာ။
အိုးပေါက် – သနားလည်း သနားမိပါတယ်။

တုတ်ထိုး – ဘာဖြစ်လို့ သနားနေတာတုန်း။
အိုးပေါက် – သူတို့မှာ ခိုးစရာအခွင့်အရေးက ရွှေလည်းခိုးလို့မရ။ သယံဇာတလည်း ခိုးလို့မရ။ သစ်တွေလည်း ခိုးလို့မရတော့ သီချင်းလေး ခိုးမိတာနေမှာပါဗျာ။

တုတ်ထိုး – မှတ်တောင် ထားရဦးမယ်။
အိုးပေါက် – တော်ပြီ။ တော်ပြီ။ အဲ့ဒါတွေ အသာထားလိုက်တော့။ ငြိမ်းချမ်းရေးအခြေအနေလေး ဘာလေး ဘာကြားတုန်း။

တုတ်ထိုး – ငြိမ်းချမ်းရေးအစည်းအဝေးတော့ လုပ်နေကြတာပဲ။ ကျောင်းတွေ၊ ကျူရှင်တွေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားခိုင်းတယ်။ ပွဲလမ်းသဘင်တွေ မကျင်းပရတော့ဘူး။ ဒါပေမဲ့ ၂၁ ရာစု ပင်လုံညီလာခံကို စီစဉ်ထားတဲ့အတိုင်း ကျင်းပမယ်တော့ ကြားပါတယ်။
အိုးပေါက် – ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငြိမ်းချမ်းရေးဟာ သေသွားမလား။

တုတ်ထိုး – ငြိမ်းချမ်းရေးက ကျုပ်တို့ဆီမှာ သေနေတာကြာပါပေါ့။ အာဏာဗိုင်းရပ်စ်တွေ၊ အခွင့်အရေးဗိုင်းရပ်စ်တွေ အကိုက်အခဲခံရင်း ငြိမ်းချမ်းရေးဟာ သေနေတာကြာပါပေါ့။ငြိမ်းချမ်းရေး မရမှာလည်း ကြောက်တယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်မှာလည်း ကြောက်တယ်။
အိုးပေါက် – ဟိနားဒီနား လူစုလူဝေးနဲ့ အလှူမင်္ဂလာပွဲတွေတော့ ကျင်းပနေကြတာတွေ ရှိတယ်။ အတတ်နိုင်ဆုံး အကျဉ်းရုံးလုပ်ကြစေချင်တယ်။ မဖြစ်မနေ လုပ်ကြရပါတယ်ဆိုရင်လည်း လက်ဆေးပါ။ Hand Gel လေးတွေနဲ့ဖြစ်ဖြစ် လက်ကိုဆေးကြပါခင်ဗျ။ စိုးရိမ်လွန်းလို့ လက်ဆေးဖို့ ခဏခဏသတိပေးပါရစေခင်ဗျ။

တုတ်ထိုး – မိမိကစပြီး ကာကွယ်ကြပါခင်ဗျ။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားတယ်လို့ သံသယရှိရင် နီးစပ်ရာကျန်းမာရေးဌာနတွေကို အမြန်ဆုံး သတင်းပေးကြပါခင်ဗျ။
အိုးပေါက် – အီတလီကိုကြည့်ပြီး သင်ခန်းစာယူပါ။

တုတ်ထိုး – ဘာသင်ခန်းစာတုန်း။
အိုးပေါက် – နယူးယောက်ခ်တိုင်းမ်သတင်းစာမှာ “Italy, Pandermic is New Epicenter, Has Lessons For the World” ဆိုတဲ့ ခေါင်းစဉ်နဲ့ အီတလီနိုင်ငံရဲ့ ဗိုင်းရပ်စ်ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်းအတွေ့အကြုံတွေကနေ ရရှိတဲ့ သင်ခန်းစာကို သုံးသပ်ထားတဲ့ သတင်းဆောင်းပါး ပါပါတယ်။အဲ့ဒါကို အွန်လိုင်းပေါ်မှာ ဖော်ပြထားကြ၊ ဘာသာပြန်ထားကြလို့ ဖတ်ရတာရှိတယ်။

တုတ်ထိုး – ပြန်လည်မျှဝေပါဦးဗျာ။ ရှောင်သင့်တာ ရှောင်၊ဆောင်သင့်တာ ဆောင်ရတာပေါ့။
အိုးပေါက် – အီတလီအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဗိုင်းရပ်စ်ရောဂါအပေါ် ပြည်သူလူထုက ပေါ့ပေါ့တန်တန် သဘောထားစေမယ့် အပြုအမူတွေ၊ စကားတွေကို ပြောခဲ့တယ်တဲ့။ အဲ့ဒီလိုပြောခဲ့လို့ ရောဂါထိန်းချုပ်ရေးအပေါ်မှာ ဆိုးကျိုးဖြစ်စေခဲ့တယ်တဲ့ဗျ။ ပြီးတော့ ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက သတိပေးထားပေမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အီတလီယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေးနှစ် အထိမ်းအမှတ်ပွဲအဖြစ် တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ညစာစားပွဲ၊ တေးဂီတဖျော်ဖြေပွဲတွေနဲ့ ဧည့်ခံခဲ့တယ်တဲ့။

တုတ်ထိုး – ဒါကြောင့် လူစုလူဝေးမလုပ်ကြပါနဲ့။
အိုးပေါက် – ဖေဖော်ဝါရီ (၂၇) ရက်နေ့မှာ ဗိုင်းရပ်စ်ပိုးရှိသူ၄၀၀ ကျော်လာတဲ့အထိမှာတောင် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တစ်ယောက်က မီလန်ဘားတစ်ခုမှာ အရက်သောက်နေတဲ့ပုံနဲ့အတူ ဆိုရှယ်မီဒီယာမှာ ပို့စ်တစ်ခု တင်ခဲ့တယ်။ “ငါတို့လုပ်နေကျအကျင့်တွေ ပြင်ဖို့ မလိုပါ”တဲ့။

တုတ်ထိုး – ပေါ့ဆမှုတွေပေါ့ဗျာ။
အိုးပေါက် – နောက်ဆယ်ရက်အကြာ အီတလီနိုင်ငံမှာရောဂါပိုးတွေ့သူ (၅၈၈၃)ဦး။ သေသူ (၂၃၃)ဦး ဖြစ်သွားရတယ်။ အဲ့ဒီပါတီခေါင်းဆောင်လည်း ရောဂါကူးစက်ခံခဲ့ရတယ်။

တုတ်ထိုး – ဒီရောဂါပိုးက ပါတီမရွေးဘူး။ ဆင်းရဲချမ်းသာမရွေးဘူးဗျ။ ခင်ဗျားအိတ်ကပ်ထဲ ပိုက်ဆံဘယ်လောက်ရှိလဲကြည့်မနေဘူးဗျနော်။
အိုးပေါက် – အတိုက်အခံ လက်ယာပါတီက တရုတ်နိုင်ငံတွေမှာ ကျောင်းပိတ်ရက်အပန်းဖြေ ခရီးထွက်ပြီး ပြန်ရောက်လာတဲ့ကျောင်းသားတချို့ကို သီးခြားခွဲထားဖို့၊ ကျောင်းတွေပိတ်ဖို့ တောင်းဆိုခဲ့သေးသတဲ့။ ဒါပေမဲ့ အာဏာရပါတီကဒါဟာ ပေါ်ပင်နိုင်ငံရေး လုပ်တာပဲလို့ တုန့်ပြန်ခဲ့သတဲ့။ဝန်ကြီးချုပ်ကိုယ်တိုင်လည်း တောင်းဆိုချက်ကို ပယ်ချခဲ့တယ်တဲ့။

တုတ်ထိုး – အခုတော့ အဲ့ဒီရဲ့ဆိုးကျိုးတွေ ခံစားနေရပြီ။ ဒီတော့ ကျုပ်တို့ဆီမှာရှိတဲ့ ကျောင်းတွေလည်း ယာယီပိတ်ထားကြဖို့ တားမြစ်ထားတာကို လိုက်နာပေးကြပါခင်ဗျ။
အိုးပေါက် – အီတလီကျန်းမာရေးဝန်ကြီးကလည်း တရုတ်မှာဖြစ်တာ ငါတို့နဲ့အဝေးကြီးဆိုတဲ့ အတွေးမျိုး ဝင်ခဲ့သတဲ့။

တုတ်ထိုး – အခုတော့ ရောဂါက နယ်စည်းမခြားတော့ပါဘူး။
အိုးပေါက် – ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပထမဆုံးလူနာကိုတွေ့တဲ့အချိန်မှာ တုန့်ပြန်မှု အားနည်းခဲ့တယ်တဲ့ဗျ။အဲ့ဒီလူနာဟာ ဖေဖော်ဝါရီ (၁၈)ရက်နေ့မှာ တုပ်ကွေးရောဂါလက္ခဏာနဲ့ ဆေးရုံရောက်လာတယ်။ ဆေးရုံမတက်ဘူး။ အိမ်ပြန်သွားသတဲ့။ နောက်မှ အဲ့ဒီလူနာဟာ ဗိုင်းရပ်စ်ပိုးကူးနေတာ သိကြရသတဲ့။

တုတ်ထိုး – ဒီကြားထဲ ဘယ်လောက်ကူးစက်သွားပြီလဲဆိုတာ ဘုရားပဲ သိတော့မယ်။
အိုးပေါက် – အဲဒီလူနာက တရုတ်ကို သွားခဲ့သူမဟုတ်ဘူး။ရောဂါပိုးရှိတဲ့အချိန်မှာ ညစာစားပွဲသုံးခု တက်ခဲ့သတဲ့။နောက်တော့ တရုတ်ပြီးရင် အီတလီဟာ အဆိုးဆုံးအခြေအနေဖြစ်လာသတဲ့ဗျ။ ဝန်ကြီးချုပ်က စိတ်မပူဖို့ လူထုကို နှစ်သိမ့်ခဲ့သတဲ့။

တုတ်ထိုး – အခုတော့ ဝန်ကြီးချုပ်ကိုယ်တိုင် မျက်ရည်စက်လက်နဲ့ ကြေကွဲမဆုံး ရှိနေရပါပြီဗျာ။
အိုးပေါက် – ဒါတင်မကသေးဘူးဗျ။ ခရီးသွားဧည့်သည်တွေအများဆုံးလာတဲ့ ဘုရားရှိခိုးကျောင်းကို ပြန်ဖွင့်ပေးခဲ့သတဲ့။

တုတ်ထိုး – လူဝင်လူထွက်နဲ့ ခရီးသွားလာမှု ထိန်းချုပ်မိန့်ထုတ်ပြန်တဲ့အခါ ရှင်းလင်းပြတ်သားမှု၊ တိကျမှုမရှိတဲ့အတွက် ပြဿနာပေါ် တက်တာတွေပဲ။
အိုးပေါက် – ဒါပေါ့ဗျာ။ အပြည့်အစုံ သိချင်ရင်တော့ လူမှုကွန်ရက်တွေမှာ ရှာဖတ်ကြပေတော့။ မူရင်းဘာသာပြန်ပေးတဲ့သူကိုလည်း ဒီလိုဗဟုသုတလို့ ကျေးဇူးတင်မိတယ်။ ကျုပ်ကတော့ KyawSwaHlaing ရဲ့ Post မှာ ဖတ်လိုက်ရတာပဲဗျို့။

တုတ်ထိုး – ကဲဗျာ။ စကားလည်း ပြောရတာများသွားပြီ။ ဒီမှာပဲ ခဏရပ်လိုက်ကြပါစို့။
အိုးပေါက် – မကြာခဏ လက်ကို စနစ်တကျဆေးကြပါ။ ချောင်းဆိုးတိုင်း၊ နှာချေတိုင်း၊ နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ကြပါ။ မဖြစ်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါခင်ဗျ။

တုတ်ထိုး – ဟိုပါတီ၊ ဒီပါတီ၊ အစိမ်းတွေ အနီတွေအနေနဲ့လည်း ပါတီချင်းမတည့်တာတွေ၊ အမြင်မတူတာတွေ အသာထားလို့ လောလောဆယ်တော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ရောဂါဘေးကနေ လွတ်အောင် အချင်းချင်းကူညီကြပါစို့။
အိုးပေါက် – လက်ဆေးကြဖို့လည်း မမေ့ကြနဲ့နော်။ မြန်မာပြည်ကြီး Good Luck ပါဗျာ။

တုတ်ထိုး – ဟာ… ဟေ့လူ။ နေဦး နေဦး။ ဒီမှာသတင်းတွေတက်လာပြီ။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်လူနာ တွေ့ပြီတဲ့။ ထုတ်ပြန်လိုက်ပြီတဲ့။
အိုးပေါက် – ဗျာ။

တုတ်ထိုး – မိမိကိုယ်ကစလို့ ကာကွယ်ကြပါစို့။ အတူတူရင်ဆိုင်ကြပါစို့ဗျာ။

LEAVE A REPLY

Please enter your comment!
Please enter your name here