မသန်းသန်းဆင့် ကချင်ပြည်နယ်အမှတ်အများဆုံး

“ကြိုးစားအားထုတ် အလုပ်လုပ်ခြင်းမှတပါး အောင်မြင်မှုအတွက် ဖြတ်လမ်းမရှိ”

အားနေရင် စကားပဲမပြောဘဲနဲ့ စာကိုသေသေချာချာလေး လေ့လာစေချင်တယ်။ နောက်ပြီးတော့ တိကျတဲ့ရည်မှန်းချက်ကို နှစ်စကတည်းက ထားပြီးတော့မှ သေသေချာချာလေး ကြိုးစားစေချင်ပါတယ်။ ကျန်းမာရေးကိုလည်း အဓိက ဂရုစိုက်စေချင်ပါတယ်။ ဖြေဆိုကြမယ့်သူတွေအတွက်လည်း ယောကျ်ာလေးဆိုရင် ဂိမ်းတွေပဲ မကစားဖို့၊ မူးယစ်ဆေးဝါးတွေလည်း မသုံးစွဲ ဖို့ တိုက်တွန်းချင်ပါတယ်။ မိန်းကလေးတွေအနေနဲ့ ဇာတ်လမ်း/ဇာတ်ကား ကြည့်တာလေးတွေကို လျှော့ပြီးတော့ ရည်မှန်းထားတဲ့အတိုင်း ကြိုးစားကြပါလို့ အကြံပြုချင်ပါတယ်”       ကချင်ပြည်နယ်မှာ နှစ်စဉ်နှစ်တိုင်း ဘာသာစုံဂုဏ်ထူးရှင်တွေ ထွက်လေ့ရှိပါတယ်။ မနှစ်က ဘာသာစုံဂုဏ်ထူးရှင် ၁၁ ယောက်ပေါ်ထွက်ခဲ့ပြီး ဒီနှစ်မှာတော့ မြစ်ကြီးနားမြို့နယ်က မသန်းသန်းဆင့်၊ မောင်လဗျဂွမ်ရိန်အောင်၊ မောင်ဉာဏ်သစ်ထွန်း၊ မဖြိုးဇာနီလင်း၊ မကြည်ဖြူဝဏ္ဏမော်၊ မနဒီညွန့်ဝင်း၊ မစန္ဒာစိုးနဲ့ မိုးညှင်းက မရွှေရည်သက်ထွန်း၊ မမာမာလင်း၊ နမ္မတီးမြို့က မမင်းအံ့ကြည်တို့  ဂုဏ်ထူးရှင် ၁၀ ယောက်ထွက်ခဲ့ပါတယ်။

ယခု ၂၀၁၇ – ၁၈ ပညာသင်နှစ်မှာ ဘာသာစုံဂုဏ်ထူးရှင် ၁၀ ဦးထဲက တစ်ပြည်နယ်လုံး အမှတ်အများဆုံးရအောင် ဖြေဆိုနိုင်ခဲ့တဲ့ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်၊ အိမ်နံပါတ် ၅၇၃ က တောင်ယာလုပ်တဲ့ဖခင် ဦးအောင်ကျော်ဦးနဲ့ အရောင်းအဝယ်ပြုလုပ်သူ မိခင်ဒေါ်ဂွါမီးတို့ရဲ့သမီး မသန်းသန်းဆင့်ကို မြစ်ကြီးနားသတင်းဂျာနယ်က သွားရောက် တွေ့ဆုံမေးမြန်းထားပါတယ်။

အမည် – မသန်းသန်းဆင့်

အသက် – ၁၆ နှစ်

အဘအမည် – ဦးအောင်

ကျော်ဦး၊ တောင်သူ

အမိအမည် – ဒေါ်ဂွာမီး၊ အရောင်းအဝယ်

တက်ရောက်အောင်မြင်ခဲ့သည့်ကျောင်း – ရာပြည့်ဘော်ဒါနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း

ခုံအမှတ် – ၅၅၃

စုစုပေါင်းရမှတ် – ၅၃၇ မှတ်

နေရပ်လိပ်စာ – အမှတ် – ၅၇၃၊

ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။

ညီမ အခုအောင်မြင်ခဲ့တဲ့ ကျောင်းနဲ့ ငယ်ငယ်တုန်းက တက်ရောက်ခဲ့တဲ့ ကျောင်းလေးကိုလည်း ပြောပြပေးပါဦး။

ညီမက သူငယ်တန်းကနေ သတ္တမတန်းအထိ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းမှာ တက်ခဲ့ပါတယ်။ အဋ္ဌမတန်းကနေ နဝမတန်းအထိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှာ တက်ခဲ့ပါတယ်။ အခုဆယ်တန်းမှာ ရာပြည့်ကိုယ်ပိုင်အထက် တန်းကျောင်းမှာ တက်ခဲ့ပါတယ်။

အခုစာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးရှင်မဖြစ်ခင် အတန်းစဉ်တစ်လျှောက်မှာ ဘယ်လိုဆုမျိုးတွေရခဲ့ဖူးလဲ ဆိုတာ အရင်ဆုံး ပြောပြပေးပါဦး။

မူလတန်းကနေ တောက်လျှောက်က အမြဲတမ်းပထမရရှိပါတယ်။ နဝမတန်းမှာတော့ ဒုတိယပဲရရှိပါတယ်။ ဆယ်တန်းမှာ သချာၤအိုလံပစ်ဝင်ပြိုင်တာ တစ်ပြည်နယ်လုံးမှာ ပထမဆုရပါတယ်။ ဘက်စုံထူးချွန်ဆုလည်း ရရှိပါတယ်။

ညီမလေး ဆယ်တန်းစတက်တုန်းက ဘယ်လိုရည်မှန်းချက်ထားခဲ့သလဲ။ ၆ ဘာသာ ထွက်ကိုထွက်ရမယ်ဆိုတဲ့ ရည်မှန်းချက်မျိုး ရှိခဲ့လား။

နှစ်စကတည်းက ထွက်ကိုထွက်ရမယ်လို့ တွေးခဲ့တာပါ။ တွေးထားတဲ့အတိုင်း ရည်မှန်းထားအတိုင်းပဲ ကျက်မှတ်လေ့လာခဲ့ပါတယ်။

ဖြေရတဲ့ဘာသာတွေထဲမှာ ဘယ်ဘာသာကို စိုးရိမ်ခဲ့သလဲ။ ညီမလေးအတွက် အခက်ဆုံးဘာသာက ဘယ်ဘာသာလို့ထင်လဲ။

အခက်အခဲဆုံးဘာသာကတော့ အင်္ဂလိပ်လို့ထင်ပါတယ်။ Eassy/Letter ကနည်းနည်းလေးကြောက်ရတယ်။ အရမ်းခက်တဲ့ဟာတွေ မေးမှာကြောက်ရတယ်။ အဲဒါကြောင့် ကောင်းကောင်းလေး ပိုပြီးလေ့ကျင့်ခဲ့ရတယ်။

ဒီလို အမှတ်အများဆုံးရအောင် ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာကိုလည်း ညီမကိုအားကျတဲ့ ညီငယ်၊ ညီမငယ်တွေအတုယူနိုင်အောင် ပြောပြပေးစေချင်ပါတယ်။

တစ်ရက်စာတစ်ရက် ပြတ်အောင်လေ့ကျင့်ခဲ့ရတယ်။ ဆရာ/မတွေ စာသင်တဲ့အချိန်မှာလည်း အာရုံစူးစိုက်တယ်။ သူငယ်ချင်းတွေ စကားပြောနေတဲ့အချိန်မှာလည်း စိတ်ကိုထိန်းချုပ်ပြီးတော့ စာကိုပဲအဓိကထားတယ်။ စာမေးပွဲဖြေခါနီးမှာ မေးခွန်းဟောင်းတွေကို အထပ်ထပ်အခါခါလေ့ကျင့်ဖြစ်ခဲ့ပါတယ်။

ဘာသာရပ်အလိုက် ညီမပြင်ဆင်ခဲ့ပုံလေးကိုလည်း သိချင်ပါတယ်။

မြန်မာစာကို နွေရာသီကတည်းက သဒ္ဒါ၊ ရေသည်၊ ခက်ဆစ်၊ အလင်္ကာတွေ အပြီးပြတ်ခဲ့ပါတယ်။ နွေရာသီမှာ သရုပ်ဖော်စာစီစာကုံး ၁၅ ပုဒ်လောက် ရေးဖြစ်ပါတယ်။ အပုဒ်ရှည်တွေကို မေးတဲ့ခေါင်းစဉ်တွေနဲ့ အံဝင်အောင် လေ့ကျင့်ခဲ့ပါတယ်။ မေးခွန်းတိုတွေကိုလည်း အမှားမရှိအောင် သေချာပြင်ဆင်ခဲ့ပါတယ်။ အင်္ဂလိပ်စာကျတော့ ကဗျာတွေကို အကြိမ်ကြိမ်ရေးကျက်ပါတယ်။ ဖတ်စာထဲက စာပိုဒ်တွေကို နေ့စဉ်ပုံမှန် ဖတ်ပါတယ်။ ဖတ်ပါများတော့ အလွတ်နီးပါးရနေတယ်။ အဲဒီအတွက်ကြောင့် ကွက်လပ်၊ မေးခွန်းတိုနဲ့ close type တွေက ပြင်ဆင် ပြီးသားဖြစ်စေပါတယ်။ Grammar ပုံစံပေါင်းစုံ လေ့ကျင့်ပါတယ်။ ဆရာမသင်ကြားပေးတဲ့  Eassy နဲ့ letter ကို ကိုယ်ပိုင်ဟန်နဲ့ ပေါင်းစပ်ပြီး လေ့ကျင့်ပါတယ်။ သချာၤကိုတော့ အခန်းတိုင်းက ပုစ္ဆာတွေကို မလွတ်တမ်းလေ့ကျင့်ပါတယ်။ မေးခွန်းဟောင်းတွေကိုလည်း ပြီးပြည့်စုံအောင်လေ့ကျင့်ပါတယ်။ တစ်မှတ်တန်ကိုတော့ သီးသန့်အချိန်ယူပြီး လုပ်ပါတယ်။ မေးနိုင်တဲ့ ဉာဏ်စမ်းပုစ္ဆာတွေကိုလည်း လေ့လာခဲ့ပါတယ်။ ဓာတုဗေဒကို Defination တွေ Formula တွေကို နွေရာသီကတည်းက ကျက်ခဲ့ပါတယ်။ ထုတ်ဖော်ပုံတွေကိုလည်း ပြည့်စုံအောင် လုပ်ပါတယ်။ လေးမှတ်တန်၊ ရှစ်မှတ်တန်တွေကို ထပ်ထပ်ခါခါ လေ့ကျင့်ပါတယ်။ ကွက်လပ်ဖြည့်အတွက် အခန်းတိုင်းကို နှံ့စပ်အောင် ဖတ်ပါတယ်။ ရူပဗေဒကျတော့ Defination, Law နဲ့မေးခွန်းတိုတွေကို နေ့တိုင်းရေးကျက်ပါတယ်။အလွတ်ချရေးပါတယ်။ Diagram နဲ့ Graph မလွတ်တန်း ကြည့်ပါတယ်။ Formula တွေ တွက်ထုတ်ပုံအားလုံး မချန်မလှပ်ကြည့်ပါတယ်။ Text ပုစ္ဆာတွေကိုမေးခွန်းဟောင်းနဲ့ တွဲဖက်လေ့ကျင့်ပါတယ်။

ညီမအမှတ်စာရင်းထဲမှာ ဇီဝဗေဒက အမှတ်ပြည့်ရဖို့ ၂ မှတ်ပဲလိုတာတွေ့ရတယ်။ ၉၈ မှတ်အထိရအောင် ဘယ်လိုကျက်မှတ်ခဲ့ရသလဲ။

ရွေးကျက်တာမျိုးမလုပ်ဘဲ အကုန်ကျက်မှတ်ပြီး မေးခွန်းဟောင်းတွေနဲ့ နေ့စဉ်နေ့တိုင်း အလွတ်ကျက် အလွတ်ရေးပါ တယ်။ ပုံဆွဲတာ အားနည်းမှုမရှိအောင် အကြိမ်ကြိမ်ရေးဆွဲပြီး ပုံအညွှန်းတွေကိုလည်း လေ့ကျင့်ခဲ့ပါတယ်။

တစ်နှစ်လုံးမှာ စာသင်ချိန်၊ စာကျက်ချိန်၊ ထမင်းစားချိန်၊ အိပ်ချိန်တွေကို ဘယ်လိုစီမံခန့်ခွဲခဲ့ပါသလဲ။

အားလုံး မျှမျှတတဖြစ်အောင် စီမံခန့်ခွဲခဲ့ရပါတယ်။ အိပ်ချိန်ဆိုရင်လည်း အရမ်းနောက်ကျအောင် မအိပ်ဘူး။ အဓိက ကတော့ စာပေါ့။ ပုံမှန်အိပ်တယ်၊ ပုံမှန်စားတယ်၊ ပုံမှန်စာကျက်တယ် အားလုံးကို မျှမျှတတဖြစ်အောင် နေထိုင်ရပါတယ်။

စာချည်းပဲလုပ်နေရတော့ အရမ်းပင်ပန်းမှာပေါ့။ ကျန်းမာရေးပိုင်းမှာရော ထိခိုက်တာတွေမဖြစ်ဘူးလား။ တစ်နှစ်လုံးကျန်းမာရေး ကောင်းမွန်အောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြုစုနေထိုင်ခဲ့ရလဲ။

ကျန်းမာဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ဖျားနေရင် စာကောင်းကောင်းသင်နိုင်မှာမဟုတ်ဘူး ဆိုတော့ မတည့်တဲ့ အစားအစာတွေ မစားဘူး။ ရာသီဥတုအလိုက် လိုက်ဖက်တဲ့အစားအစာ အဝတ်အထည်တွေကို ရွေးဝတ်ရတယ်။ ဖျားလို့ နားလိုက်ရရင်လည်း သင်ခန်းစာတွေ အများကြီး နောက်ကျပါတယ်။

အခုလိုဘာသာစုံ ဂုဏ်ထူးထွက်ပြီးတော့ ကချင်ပြည်နယ် ဂုဏ်ဆောင်ကျောင်းသူတစ်ယောက်ဖြစ်အောင် ဘယ်လိုအကြောင်းအရာတွေက ညီမလေးကို တွန်းအားဖြစ်စေခဲ့တာလဲ။

ဆရာ၊ ဆရာမတွေရဲ့ ထောက်ပံ့မှု၊ မိဘတွေရဲ့ ထောက်ပံ့မှု၊ သူငယ်ချင်းတွေ ဝိုင်းပြီးအားပေးမှုတွေ ကိုယ်ကိုယ်တိုင်ကြိုးစားမှုတွေ တွန်းအားဖြစ်စေတာပါ။ နောက်ပြီးမိဘတွေရယ်၊ ဆရာ/မတွေရယ်၊ ကျောင်းရဲ့ဂုဏ်တွေကို ဆောင်နိုင်ဖို့ ကြိုးစားခဲ့တာပါ။

(ရာပြည့်ဘော်ဒါအုပ် ဆရာဇေယျာ၏ ဖြည့်စွက်ပြောကြားချက် )- “သူတို့က ၆ ဘာသာထွက်ချင်တယ်၊ အဲဒါကြောင့် သူ့လိုတော်တဲ့သူငယ်ချင်းတွေနဲ့လာပြီးတော့ ဆရာ ၉ တန်းပြီးတာနဲ့ နောက်နေ့ သင်ပေးနိုင်မလားလို့ ပြောတယ်။ ဒီနေ့ပြီးတာနဲ့ နောက်နေ့သင်ချင်တယ်။ ကျွန်တော်က ကိုးတန်းပြီးရင် ဆယ်တန်းသင်ဖို့ နှစ်ပတ်လောက်မှစတယ်။ အဲဒါကြောင့် သမီးရေ ခဏလောက် နားပါလားလို့ ပြောတယ်။ သူတို့ရဲ့လိုချင်စိတ်က ဘယ်လိုမှ တားမရဘူး။ အဲဒီစိတ်ဓာတ်ခွန်အားလေးတွေက ခြောက်ဘာသာထွက်ဖို့ တွန်းပို့တယ်။”

ညီမအခုလို အမှတ်အများဆုံး ဘာသာစုံဂုဏ်ထူးရှင်ဖြစ်အောင် ဆရာ၊ ဆရာမတွေဘက်ကရော ဘယ်လိုပံ့ပိုးပေးခဲ့လဲ။

စာမေးပွဲဖြေခါနီးမှာ မေးခွန်းကို အစုံလိုက်လေ့ကျင့်ခိုင်းတယ်။ နားမလည်တာရှိရင်လည်း သေသေချာချာနဲ့ စိတ်ရှည်ရှည်ရှင်းပြတယ်။ ပြီးတော့ အချိန်ပိုတွေ ယူပြီးတော့မှလည်း ကောင်းကောင်းမွန်မွန်သင်ကြားပေးခဲ့ပါတယ်။ စာတွေကိုလည်း ဒီဇင်ဘာဆိုရင် ပြတ်အောင် သင်ပေးပါတယ်။ ပြီးရင် ကျန်တဲ့သုံးလလုံးက (revision) ပြန်လှန်လေ့ကျင့်ခန်း လုပ်ပေးတယ်။ စာမေးပွဲမေးခွန်းမေးတဲ့ပုံစံ အကြိမ်ကြိမ်လုပ်ပေးတယ်။ အဲဒီလိုမျိုးအပိုင်းတွေရှိပါတယ်။

ညီမရဲ့ အနာဂတ်ရည်မှန်းချက်က…။

ဆေးကျောင်းတက်ဖို့တော့ ရည်မှန်းထားပါတယ်။ ဆရာဝန်လုပ်မှာပါ။ ဒီထက်ပိုပြီးကြိုးစားရဦးမှာပါ။

ညီမလေးရဲ့ဝါသနာက ဘာများဖြစ်မလဲ။

ဝါသနာပါတာတော့ အများကြီးပါ။ အကြိုက်ဆုံးဝါသနာကတော့ စာဖတ်တာပါပဲ။

ညီမလေး လက်စွဲပြုတဲ့ဆောင်ပုဒ်။

သမီးလက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့ “ကြိုးစားအားထုတ် အလုပ်လုပ်ခြင်းမှတစ်ပါး အောင်မြင်မှုအတွက်ဖြတ်လမ်းမရှိ” ဆိုတာပါ။

နောက်ထပ်ဆယ်တန်းဖြေဆိုကြမယ့် ညီငယ်၊ ညီမငယ်လေးတွေကို ရှောင်သင့်တာနဲ့ ဆောင်သင့်ာတွေ အကြံပြုပေးပါဦး။

အဓိကကတော့ မိဘဆရာတွေရဲ့စကားကို နားထောင်စေချင်တယ်။ တစ်ရက်စာတစ်ရက်ကိုလည်း ပုံမှန်လုပ်ခိုင်းစေချင်တယ်။ အားနေရင်စကားပဲမပြောဘဲနဲ့ စာကိုပဲသေသေချာချာလေး လေ့လာစေချင်တယ်။ နောက်ပြီးတော့ တိကျတဲ့ရည်မှန်းချက်ကို နှစ်စကတည်းက ထားပြီးတော့မှ သေသေချာချာလေး ကြိုးစားစေချင်ပါတယ်။ ကျန်းမာရေးကိုလည်း အဓိကဂရုစိုက်စေချင် ပါတယ်။ ဖြေဆိုကြမယ့် သူတွေအတွက်လည်း ယောကျ်ားလေးဆိုရင် ဂိမ်းတွေပဲ မကစားဖို့၊ မူးယစ်ဆေးဝါးတွေလည်း မသုံးစွဲဖို့ တိုက်တွန်းချင်ပါတယ်။ မိန်းကလေးတွေအနေနဲ့ ဇာတ်လမ်း/ဇာတ်ကားတွေကြည့်တာလေးတွေကို လျှော့ပြီးတော့ ရည်မှန်းထားတဲ့အတိုင်း ကြိုးစားကြပါလို့ အကြံပြုချင်ပါတယ်ရှင့်။

ညီမလေးအနေနဲ့ မြစ်ကြီးနားဂျာနယ်ကတစ်ဆင့် စာဖတ်သူတွေကို တစ်ခုခုပြောပေးပါဦး။

ကချင်ပြည်နယ်မှာ ပထမရတာတော့ အရမ်းဝမ်းသာပါတယ်။ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်ပါတယ်။ မိသားစုတွေ အားလုံးကိုလည်း ကျေးဇူးတင်ချင်ပါတယ်။

အခုလိုဖြေပေးတဲ့အတွက် ညီမလေးကို မြစ်ကြီးနားသတင်းဂျာနယ်က ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ ညီမလေးလည်း ကျေးဇူးတင်ပါရှင့်။