ဗိုလ်ချုပ် ဂွန်မော်
ဗိုလ်ချုပ် ဂွန်မော်

တရုတ်ပြည်မှာ ကျင်းပသွားတဲ့ ဆွေးနွေးပွဲမှာ ကေအိုင်အို ဘက်က ဗိုလ်ချုပ်အပြင် ကေအိုင်အိုက ဘယ်သူတွေ လိုက်ပါသွားသလဲ။ တပ်မတော်ဘက်ကရော ဘယ်သူတွေ တက်ရောက်ပါသလဲ။

ဒီလ၅ရက်နေ့ ကတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တာလီမြို့မှာ ကေအိုင်အိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့နဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်တဲ့ (တပ်မတော်)အဖွဲ့တို့ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလ ဇူလိုင်လ ၂၀ ရက်နေ့ ကေအိုင်အိုဥက္ကဋ္ဌနဲ့ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာတွေ့ဆုံစဉ်က ဒုဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း) ကတစ်ဆင့် ပေးပို့တင်ပြထားတဲ့ အကြောင်းအရာ ၆ ချက်ကို ဆွေးနွေးဖို့ KIO ဥက္ကဋ္ဌက တင်ပြခဲ့ပါတယ်။ ထိုဆွေးနွေးပွဲမှာ KIO ဥက္ကဋ္ဌ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ ၆ ချက်အပေါ်အခြေခံပြီး ဆွေးနွေးကြရန်
(၁) ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ၂၄ ရက်နေ့တွင် ချုပ်ဆိုခဲ့သောနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့နှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့၏ နှစ်ဦးနှစ်ဘက် နားလည်သဘောတူညီချက်များအပေါ်တွင် အခြေခံပြီး အပစ်အခတ်ရပ်စဲရေးကိစ္စ ဆက်လက်ဆွေးနွေးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော ၂၀၁၃ ခုနှစ် မေလ ၃၀နှင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက် သဘောတူညီချက်များကိုလည်း ဆက်လက်ထိန်းသိမ်းလေးစားလိုက်နာရန်။
(၂)အထက်ဖော်ပြပါ သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရာတွင် ရေးသားဖော်ပြခြင်းမရှိသော ကြိုတင်ချုပ်ချယ်ကန့်သတ်ချက်များ မထားရှိရန်။
(၃) ထင်သာမြင်သာရှိသည့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်သွားရန်။
(၄)အကောင်အထည်ဖော်ဆောင်ရာတွင် လေးနက်ထိရောက်မှုရှိစေရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ ကြားဝင်ဆောင်ရွက်ပေးရန်။
(၅) IDPs ဆိုင်ရာ ကိစ္စများကိုဆက်လက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရန်။
(၆)နှစ်ဘက် သဘောတူညီသော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ချုပ်ဆိုရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန်။

အဲဒီဆွေးနွေးပွဲက အချိန်ဘယ်လောက်ကြာခဲ့လဲ။ အစည်းအဝေးကို မပြီးဆုံးခင် ဆွေးနွေးပွဲပျက်သွားတယ်လို့ သတင်းမီဒီယာမှာ ရေးသားထားတာ တွေ့ရတယ် ဟုတ်ပါသလား။ ဘာကြောင့် ပျက်ခဲ့ရတယ်ဆိုတာကို နည်းနည်းလောက် ပြောပြပေးစေချင်ပါတယ်။

အစည်းအဝေးကတော့ တစ်နာရီနီးပါး ဖြစ်ပါတယ်။ အစည်းအဝေး ပျက်သွားတယ်လို့မဟုတ်ပါဘူး။ KIO ဥက္ကဋ္ဌက ကြိုတင်အကြောင်းကြား တင်ပြထားတဲ့အကြောင်းအရာ ၆ ချက်အပေါ် ဆွေးနွေးလိုကြောင်း ပြောခဲ့ပေမယ့် တပ်မတော်ဘက်မှ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ ငြိမ်းချမ်းရေး ကမ်းလှမ်းစဉ်က ကြေညာခဲ့တဲ့
၁။ ဒို့တာဝန်အရေးသုံးပါးကိုလက်ခံရန်
၂။ ပြည်ထောင်စုမှ ခွဲထွက်ရေးစကားမပြောရန်
၃။ ယခု လက်ရှိသွားနေသောရွေးကောက်ပွဲလမ်းကြောင်းနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လက်ခံပြီး ပါဝင်မည်ဟု ကတိပြုရန်။
ဆိုတဲ့ အချက် ၃ ချက်ကို လက်ခံပြီးမှသာ ဆက်လက်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ပြောပါတယ်။

တွေ့ဆုံတဲ့အခါ ဘာတွေကို အဓိကထားပြီး ဆွေးနွေးဖြစ်ခဲ့တယ်ဆိုတာကို ကချင်ပြည်နယ်သားတွေကို စိတ်ဝင်စားနေပါတယ်။
ကေအိုင်အိုဥက္ကဋ္ဌက အပစ်အခတ်ရပ်စဲရေးအား ဦးစွာသဘောတူညီမှု ရယူပြီး ဆက်လက်ဆွေးနွေးကြလျင် သင့်တော်မည်ဖြစ်ကြောင်း ထပ်မံဆွေးနွေးခဲ့ပေမယ့် အချက်၃ ချက်ကို ကေအိုင်အိုဘက်ကလက်ခံကြောင်း/ လက်မခံကြောင်း ဆွေးနွေးအဖြေထုတ်ပြီးမှ ပြန်လည် အကြောင်းကြားဖို့ တုံ့ပြန်ပြောဆိုနေတာကြောင့် တွေ့ဆုံမှု ပြီးဆုံးသွားခဲ့ရပါတယ်။

ဒီတစ်ခါ တွေ့ဆုံဆွေးနွေးမှုဟာ ငြိမ်းချမ်းရေးခရီးအတွက်ရလဒ်ကောင်းတွေ ထွက်ပေါ်ခဲ့လား။ ဒါမှမဟုတ် ပိုပြီးတင်းမာသွားစေနိုင်သလား။
ဆွေးနွေးပွဲတွေက တစ်ကြိမ်၊ နှစ်ကြိမ်နဲ့ ရလဒ်ကောင်းတွေ ရရှိမှာ မဟုတ်ဘူး။ ဆွေးနွေးဘက်တွေရဲ့ စိတ်ရှည်မှုနဲ့ဆုံးဖြတ်ခွင့်ရှိတဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေက ပိုပြီး အရေးကြီးပါတယ်။

နောက်ဆုံးအနေနဲ့ ကချင်လူထုအတွက် တစ်ခုခုပြောကြားပေးပါဦးခင်ဗျ။
ကေအိုင်အိုအနေနဲ့ ဆွေးနွေးအဖြေရှာပြီး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ လိုလားပါတယ်။ ခက်ခဲပေမယ့် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောလိုပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်