မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသည့် ယာယီတဲဆိုင်ခန်း ဓာတ်ပုံ - ဆိုင်းမိုင်(မြစ်ကြီးနား)

မြစ်ကြီးနား၊ သြဂုတ် ၁၇
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းဝယ်သည့် ယာယီတဲများတွေ့ရှိပါက ဖျက်ဆီးသွားမည်ဖြစ်ပြီး ရောင်းဝယ်သုံးစွဲမှုကို တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်ဟု လုံးခင်းနယ်မြေရဲစခန်းက သတိပေးထားသည်။
သြဂုတ်လ ၁၅ ရက်နေ့က လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသည့် ယာယီတဲဆိုင်ခန်း ၃၅ ခန်းကို ဖျက်ဆီးခဲ့ပြီး ထပ်မံတွေ့ရှိခဲ့ပါကလည်း ဖျက်ဆီးသွားမည်ဖြစ်ကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိန်မြင့်ထွန်းမှ မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“တွေ့ရင်တွေ့သလိုပဲ ရောင်းစားလို့မရအောင် လိုက်ပြီးတော့မှ ဖျက်ဆီးနေမှာပဲ။ ကျူးကျော်တဲတွေဆိုတော့ မြေယာပိုင်ဆိုင်မှုအထောက်အထားမရှိတော့ ရာဇဝတ်မှုတွေလည်း ဖြစ်လာနိုင်တယ်လေ။ လူတွေတော့ သွားဖမ်းတဲ့အချိန်မှာ မတွေ့ခဲ့ပါဘူး”ဟုလည်း စခန်းမှူးမှ ဆက်လက်ပြောပြသည်။

ထို့အပြင် ဇူလိုင်လ ၃ ရက်နေ့ကလည်း ယင်းနယ်မြေဒေသတွင် ကျေးရွာ၏ ခွင့်ပြုချက်မရရှိဘဲ မူးယစ်ဆေးဝါးရောင်း ဝယ်သည့် ယာယီတဲ ၅၀ ကျော်ကို ဖျက်ဆီးခဲ့ရာမှ ယခုကဲ့သို့ တဲ ၃၅ လုံး ပြန်လည်တည်ဆောက်ကာ ရောင်းဝယ်မှုပြုလုပ်ခဲ့ခြင်းကြောင့် ယခုလိုလုပ်ဆောင်ရခြင်း ဖြစ်ကြောင်းလည်း စခန်းမှူးက ပြောသည်။

ဒေသခံအများစုက မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ယခုလို လုပ်ဆောင်ခြင်းကို အားပေးကြောင်း၊ လုံးခင်း အုပ် စုတင်မကဘဲ ဖားကန့်မြို့နယ် တစ်နယ်လုံးတွင်ရှိသည့် မူးယစ်ဆေးဝါး ရောင်းချနေသည့် ယာယီတဲများကိုလည်း လိုက်လံစစ်ဆေးသင့်ကြောင်းလည်း ပြောဆိုနေကြသည်။

“ဖားကန့်မှာ မူးယစ်ဆေးဝါးရောင်းတဲ့ နေရာတွေအကုန်လုံးကို ဒီလိုလုပ်နိုင်ရင်တော့ ကောင်းမယ်။ ဒါမှ မူးယစ်ဆေးဝါး ပပျောက်မှာ။ ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်သင့်ပါတယ်”ဟုလည်း ဆိပ်မူကျေးရွာမှ ကိုလမင်းဦးက သုံးသပ်ပြောကြားသည်။

ဖားကန့်ဒေသတွင် မြို့နယ်ရဲစခန်းမှူး အသစ်ပြောင်းလာသည့်နောက်ပိုင်း ရာဇဝတ်မှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနေကြောင်း ဒေသခံများက ပြောဆိုနေကြပြီး သြဂုတ်လ ၉ ရက်နေ့ကလည်း မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် ကျော်ဇောသတင်းရှိသူ ဦးသိန်းဇော်ထံမှ ငွေကျပ်သိန်း ၃၅၀ ရယူခဲ့မှုနှင့် ပတ်သက်ပြီးဖားကန့်မြို့မရဲစခန်း ဒုတိယစခန်းမှူးနှင့် နယ် ထိန်းနှစ်ဦးကို စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

စည်သူ(မြစ်ကြီးနား)