မိုင်းခေါင်စစ်ရှောင်စခန်းမှ အမျိုးသားနှစ်ဦး ပျောက်ဆုံးမှု

သြဂုတ် ၁၇
တပ်မတော်၏ သဘောထားထုတ်ပြန်ချက်တွင် “ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကေအိုင်အေ နှစ်ဦးကို အသေဖမ်းဆီးရမိခဲ့သည်”ဟု ပါရှိသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၅ ရက်အရောက်တွင် မိုင်းခေါင်ကျေးရွာမှ ဒေါ်ကော့အောင်က ယင်းကျေးရွာရှိကေဘီစီ စစ်ရှောင်စခန်းတွင် နေထိုင်သူ ဦးဖော်ဂန်ယော်နှင့် RC စစ်ရှောင်စခန်းတွင် နေထိုင်သူ ဦးနော်ဆန့်တို့နှစ်ဦး ဇန်နဝါရီလ ၃၀ ရက်နေ့က ကျွဲနွားများသွားရောက် ကြည့်ရှုရန် ခပရာကျေးရွာသို့ သွားရာမှ တစ်လကြာသည့်တိုင် ပြန်မလာသဖြင့် မန်စီရဲစခန်းသို့တိုင်တန်းခဲ့ရာ ရဲစခန်းက အမှုဖွင့်ပေးခဲ့သလို ကချင်ပြည်နယ်အစိုးရအဖွဲ့မှလည်း ယင်းပျောက်ဆုံးမှုကို စစ်ဆေးရန်ညွှန်ကြားခဲ့သဖြင့် မန်စီထွေ/အုပ်ရုံးမှ စုံစမ်းစစ်ဆေးရေးဖွဲ့စည်းစစ်ဆေးခဲ့သည်ဟု ဆိုသည်။

တပ်မတော် ထုတ်ပြန်ချက်တွင် “မတ်လ ၉ ရက်နေ့က ခပရာကျေးရွာတွင် ရုပ်အလောင်းနှစ်ခုအား တွေ့ရှိခဲ့ပြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များအရ ရုပ်အလောင်းများတွင် ကေအိုင်အေ လက်မောင်းတံဆိပ်ပါ စစ်စိမ်းရောင် အင်္ကျီကိုဝတ်ဆင်ထားပြီး ဦးနော်ဆန်းအလောင်းသည် ပြင်းထန်စွာပေါက်ကွဲစေတတ်သည့် လက်နက်ကြောင့် ဦးခေါင်းအပိုင်းပိုင်း ကျိုးကြေသေဆုံးရခြင်း ဖြစ်ကြောင်းနှင့် ဦးဖော်ဂန်ယော်သည် သေနတ်ကျည်ဆံကြောင့် နောက်စေ့ပွင့်ထွက်ဒဏ်ရာနှင့် သေဆုံးခြင်းဖြစ်သည်”ဟု ပါရှိသည်။

တပ်မတော်က ယင်းတို့စစ်ဆေးတွေ့ရှိချက်များကို ထုတ်ဖော်သည်မှာ သေဆုံးသည့် အမျိုးသားနှစ်ဦးသည် ကေအိုင်အေတပ်ဖွဲ့ဝင်ဖြစ်ကြောင်းနှင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံရခြင်းမဟုတ်ဘဲ တိုက်ပွဲဖြစ်ပွားစဉ် အတွင်း ကျည်ဆံထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး တပ်မတော်စစ်ကြောင်းအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းများ ((ROE- Rules Of Engagement))အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

ယင်းနယ်မြေသည် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် သွားလာခြင်းမပြုရန် ကန့်သတ်ထားသည့် နယ်မြေဖြစ်ကြောင်း၊ အသက် ၆၆ နှစ်အရွယ် ဦးဖော်ဂန်ယော်နှင့် အသက် ၃၀ အရွယ် ကိုနော်ဆန့်တို့သည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ခပရာကျေးရွာမှ ကျွဲနွားများကို အစာသွားကျွေးရင်း တပ်မတော်စစ်ကြောင်းနှင့် တွေ့ရှိခဲ့ပြီးနောက်ပိုင်း တစ်လကျော် ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း၊ မတ်လ ၈ ရက်နေ့တွင် မြုပ်နှံထားသည့် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှ စတင်ကာ မိုင်းခေါင်ကျေးရွာအနီး တစ်ဝိုက်ရှိ ကျေးရွာများတွင် ပျောက်ဆုံး/သတ်ဖြတ်ခံရသူ ၁၃ ဦးရှိခဲ့ပြီး ၁၃ ဦးအနက် အမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း၊ လက်ရှိအချိန်အထိ ၁၁ ဦးကို ရှာဖွေတွေ့ရှိထားပြီး ယင်းအမျိုးသမီးနှင့် အမျိုးသားတစ်ဦးသည် ယနေ့အထိရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

စည်သူ(မြစ်ကြီးနား)