နီပေါနိုင်ငံမှ မိမိတို့ဂေါ်ရ်ခါးလူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့မည် သည့်အချိန်ကစတင်၍ ဝင်ရောက်နေထိုင်လာခဲ့ကြသည်ကို တိကျစွာဖော်ပြထားခြင်း မရှိသော်လည်း၁၈၈၆ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့ India ဘုရင်ခံချုပ်လော့ဒ်ဒပ်ဖရင်မှ မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာသို့ သွတ်သွင်းလိုက်ကြောင်း ကြေညာသည့်နောက်ပိုင်းမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည်ကိုမူ ပြောဆိုနိုင်မည် ဖြစ်သည်။ ဂေါ်ရ်ခါးလူမျိုးများကို သမိုင်းစာပေအထောက်အထားများအရ Nepal နိုင်ငံတွင် (၁၇၉၂)ခုနှစ်၌ တိဘက်ကျူးကျော်မှုကိုလည်းကောင်း၊ ၁၈၁၄ ခုနှစ်ဗြိတိသျှနယ်ချဲ့တို့၏ ကျူးကျော်မှုကိုလည်းကောင်း အစရှိသောတိုက်ပွဲများကို ခုခံအောင်မြင်ခဲ့သဖြင့် ယင်းတိုက်ပွဲများမှရရှိသော စစ်ရေးအတွေ့အကြုံများကြောင့် ဂေါ်ရ်ခါးစစ်သားများသည် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ပွဲများတွင် အစွမ်းပြခဲ့ခြင်းပင်ဖြစ်သည်။ ဤကဲ့သို့ နီပေါနိုင်ငံသည်နိုင်ငံသေးငယ်ပြီး လူဦးရေနည်းပါးသောနိုင်ငံ ဖြစ်လင့်ကစား ဂေါ်ရ်ခါးလူမျိုးများ၏ရိုးသားမှု၊သစ္စာရှိမှု၊ စည်းကမ်းရှိမှု၊ ဇွဲသတ္တိရှိမှု၊ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်တတ်မှု၊ အရေးကြုံလာပါက မိမိတို့မှီတင်းနေထိုင်သောတိုင်းပြည်/ဒေသအတွက်အသက်ကို ပဓာနမထားဘဲ အသက်စွန့်ကာကွယ်ကြသူများဖြစ်ခြင်းကြောင့် ကမ္ဘာကပင် လေးစားရလောက်အောင်ထူးခြားချက်လက္ခဏာများရှိ သည်ဟု ဆိုရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ခြင်း၊ ဂေါ်ရ်ခါးလူမျိုးများ နေထိုင်ရာ Nepal နိုင်ငံသည်လည်း မြတ်ဗုဒ္ဓဖွားတော်မူရာနေရာ ဒေသဖြစ်ခြင်းနှင့် ဗုဒ္ဓဘာသာကိုလေးစားကိုးကွယ်သောလူမျိုးဖြစ်ခြင်းကြောင့် လူနေမှုစရိုက်အနီးစပ်ဆုံး တူညီသည့်အလျောက် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတောင်တန်းဒေသများ၌ တိုင်းရင်းသားများနှင့်အတူ ရောနှောကာ ထိုစဉ်ကာလမှစတင်၍အခြေစိုက်နေထိုင်လာခဲ့ခြင်း ပင်ဖြစ်သည်။ ဤကဲ့သို့ အခြေစိုက်နေထိုင်လာသော ဂေါ်ရ်ခါးလူမျိုးများသည် မူလလုပ်ကိုင်ခဲ့သည့် စစ်မှုထမ်းခြင်းဖြင့်လည်းကောင်း သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးတွင်လည်းကောင်း၊ လယ်ယာလုပ်ငန်းနှင့်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကိုလည်းကောင်း လုပ်ကိုင်လျက် ရှိနေကြပါသည်။ထိုသို့ဂေါ်ရ်ခါးလူမျိုးများ၏ ရိုးသားမှု၊ သစ္စာရှိမှု၊ သတ္တိစွမ်းအားကြီးမားမှုတို့နှင့်တကွ မိမိတို့၏တိုင်းပြည် နေရင်းဒေသအတွက် အသက်စွန့်ကာကွယ်သော မွေးရာပါစိတ်ဓာတ်များကိုသိမြင်သည့် နယ်ချဲ့ဗြိတိသျှတို့သည်နီပေါနိုင်ငံမှဂေါ်ရ်ခါးလူမျိုးများကို ရှာဖွေခေါ်ဆောင်လာရာ ၁၈၉၀ ခုနှစ်နောက်ပိုင်းတွင်သာ ဗြိတိသျှလက်အောက်ခံ အန္ဒိယတပ် တော် အစိတ်အပိုင်းအဖြစ် ဂေါ်ရ်ခါးတပ်ကို မြန်မာပြည်ရှိမြစ်ကြီးနားမြို့နှင့် ပြင်ဦးလွင်မြို့တို့၌ အခြေစိုက်နေထိုင်ခဲ့ခြင်းနှင့်အတူ သတ္တုတွင်းများဖြစ်သော နမ္မတူဘော်တွင်း၊မော်ချီး၊ မိုးကုတ်၊ တနသာရီတိုင်း စသောနေရာဒေသများတွင် အလုပ်သမားများအဖြစ်အလုပ်လုပ်ရင်း ယင်းဒေသများတွင် ယနေ့ထိတိုင်အခြေစိုက်နေထိုင်လျက်ရှိနေကြပြီးအချို့မှာလယ်ယာစိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများကို ရိုးသားစွာ လုပ်ကိုင်နေကြပါသည်။ မြန်မာနိုင်ငံတွင်းသို့ ဗြိတိသျှတပ်များနှင့်အတူ လိုက်ပါလာပြီး ပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်တိုက်ပွဲများ ပြည်တွင်းသောင်းကျန်းသူ ကူမင်တန်တရုတ်ဖြူများ၏နယ်ချဲ့မှုများကို တွန်းလှန်ဖယ်ရှားရင်းနိုင်ငံအတွက် အသက်ပေါင်းများစွာ ပေးလှူတိုက်ပွဲဝင်ခဲ့ကြသည်။ ဓား ၂ လက် ကြက်ခြေခတ်၊ အမှတ်(၄)ခြေလျင်တပ်ရင်းသည် ဂေါ်ရခါးလူမျိုးများဖြင့်သာ ဖွဲ့စည်းထားသောအထူးချေမှုန်းရေးတပ်မတော်အဖြစ် ထင်ရှားခဲ့သလို အခြားတပ်ရင်းများတွင်လည်း ဂေါ်ရ်ခါးလူမျိုးများစွာ စစ်မှုထမ်းဆောင်ခဲ့ကြသည်။ ထို့ကြောင့်နိုင်ငံတော်မှလည်း စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်အမြင့်ဆုံးသောဘွဲ့တစ်ခု ဖြစ်သောအောင်ဆန်းသူရိယ ဆုတံဆိပ်အပါအဝင် ““သီဟသူရ၊ သူရ၊သူရဘား၊ ဇေယျကျော်ထင်သူရဲကောင်းမှတ်တမ်းဝင်”” ဆုတံဆိပ်အပါအဝင် အခြားဂုဏ်ထူးဆောင်ဆုတံဆိပ်များချီးမြှင့်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတော်အစိုးရမှ မိမိနိုင်ငံအတွက် အသက်ပေါင်းများစွာ ပေးလှူကာနိုင်ငံချစ်စိတ် အပြည့်အဝရှိသော ဂေါ်ရ်ခါးလူမျိုးကို (၁၉၄၇) ခုနှစ် နိုင်ငံခြားသားများနိုင်ငံသားပြုခြင်း ဥပဒေအရသော်လည်းကောင်း၊ (၁၉၇၄) ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရသော်လည်းကောင်း၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုနေထိုင်စေခဲ့သည်။ ထို့ကြောင့်ဂေါ်ရ်ခါးလူမျိုးများသည် နိုင်ငံတော်အစိုးရ ဂေါ်ရ်ခါးစစ်မှုထမ်းဟောင်းကြီးများနှင့် ကျဆုံးလေပြီးသော မိမိတို့၏ဘိုးဘေးများကို ကျေးဇူးအခါခါ တင်မိနေကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလ ခေတ်အဆက်ဆက်တွင်တိုင်းရင်းသားမျိုးနွယ်စုအသီးသီးနှင့် အေးအတူပူအမျှ အတူတကွ ရောနှောနေထိုင်လာခဲ့သော လူဦးရေ(၁)သိန်းကျော်သော ဂေါ်ရ်ခါးလူမျိုးများမှာ –

၁။ ရှမ်းပြည်နယ်မြောက်ပိုင်း – နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ နမ္မတူ၊ ကွတ်ခိုင်၊ တန့်ယန်း၊ နမ့်ခမ်း။
၂ ။ ရှမ်းပြည်နယ်တောင်ပိုင်း – ကလော၊ တောင်ကြီး၊ လွယ်လင်၊ နမ့်ဆန်၊ ရပ်စောက်(ဗထူး)ဆင်တောင်၊ရွှေညောင်၊ တာချီလိတ်။ မိုင်းရှူး။
၃။ ကချင်ပြည်နယ် – ဟိုပင်၊ ကားမိုင်း၊ မိုးညှင်း၊ မိုးကောင်း၊နမ္မတီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ရွှေကူ၊ မန်စီ၊ မိုးမောက်၊ ဗန်းမော်။
၄ ။ ချင်းပြည်နယ် – ဖလမ်း၊ဟားခါး၊ တီးတိန်။
၅။ ကယားပြည်နယ် – လွိုင်ကော်၊ ဒီမောဆိုး၊ မော်ချီး။
၆။ ကရင်ပြည်နယ် – သံတောင်
၇။ မန္တလေးတိုင်း – ပုသိမ်ကြီး၊ပြင်ဦးလွင်၊ မိုးကုတ်၊ ကျတ်ပြင်။
၈။ စစ်ကိုင်းတိုင်း – ကသာ၊ ကလေး၊ တမူး၊ မော်လိုက်။
၉။ တနင်္သာရီတိုင်း – ကော့သောင်း
၁၀။ ရန်ကုန်တိုင်း – မြို့နယ်အသီးသီး စသည့်တိုင်းနှင့်ပြည်နယ်တို့တွင် နေထိုင်ကြကာ မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားယူခဲ့ပြီးသော ဂေါ်ရ်ခါးစစ်မထမ်းဟောင်း၊ ရဲတပ်ဖွဲ့အကြီးအကဲများ၊ ဌာနဆိုင်ရာအတွင်းဝန်ထမ်းများ၊ နယ်ပယ်အသီးသီးတို့တွင် တတ်သိပညာရှင်များ၊ လယ်ယာနှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်အေးချမ်းစွာ နေထိုင်ရှိနေကြသော်လည်း ယနေ့ဂေါ်ရခါးလူမျိုးများကြုံတွေ့နေရသည့် အဓိကအကျဆုံးပြသာနာမှာ – မြန်မာနိုင်ငံသား ဥပဒေကြောင်း
အရ မြန်မာနိုင်ငံသားများအဖြစ်ရပ်တည်နေသော ဂေါ်ရခါးလူမျိုးများသည် မြန်မာ့တိုင်းရင်းသားများ နည်းတူနိုင်ငံသားစိစစ်ရေး (နိုင်)ကတ်ပြားများ ကိုင်ဆောင်ခွင့်ရရှိထားကြသော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတွင်ဖော်ပြမထားသော (ညွှန်ကြားစာများဖြင့်) သွေးနှော(ကပြား)ဟုသတ်မှတ်၍ ချန်လှပ်ထားခြင်းများ၊ အမိန့်ညွှန်ကြားချက်နှင့် နိုင်ငံသားပြုမှု ဥပဒေပုဒ်မများနှင့်အညီ ဂေါ်ရ်ခါးလူမျိုးများသည် မြန်မာနိုင်ငံသား/ နိုင်ငံသားပြုမှုလက်မှတ်များ လက်ဝယ်ရှိနေပြီး နိုင်ငံသားစိစစ်ရေး (နိုင်)ကတ်များ ကိုင်ဆောင်ထားနိုင်သော်လည်း အချို့သော ဌာနဆိုင်ရာ အောက်ခြေဝန်ထမ်းများသည် မိမိတို့၏ သားသမီးများဖြစ်သော ပညာသင်ကြားနေသည့် ကျောင်းသူ/ကျောင်းသားများအတွက် လိုအပ်နေသည့် အသက်(၁၀)နှစ်ပြည့် (နိုင်)၃(က)နှင့် အသက်(၁၈)နှစ်ပြည့် (နိုင်)၆(က)နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ရာတွင်လည်ကောင်း၊ အိမ်ထောင်စုအပြောင်းအရွှေ့ ပုံစံ(၁၀)ထုတ်ယူရာတွင်လည်းကောင်း၊ နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံးသဖြင့် ပြန်လည်ပြုလုပ်ရာတွင်လည်းကောင်း၊ မြန်မာနိုင်ငံသား ဂေါ်ရ်ခါးလူမျိုးစစ်စစ်ဖြစ်သော်လည်း သွေးနှော(ကပြား)အဖြစ် သတ်မှတ်၍ ခရိုင်/တိုင်း/နေပြည်တော်သို့ အဆင့်ဆင့်တင်ပြနေရပါသဖြင့် လပေါင်းများစွာ ကြန့်ကြာရခြင်း အချို့နှစ်ကျော် ကြန့်ကြာရခြင်းများကြောင့် သွားရေးလာရေး၊ နေရေး၊ ထိုင်ရေး၊ အဓိကကျောင်းသူ/သားများ ကျောင်းပညာသင်ကြားရေးနှင့် အလုပ်အကိုင်ရှာဖွေသူများအတွက် အခက်အခဲများ စသဖြင့် ကြီးစွာသော ဒုက်္ခဆင်းရဲများ ကြုံတွေ့နေရခြင်းကြောင့် လိုအပ်သလို အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြလိုက်ရပါသည်။
ဦးဂဲနက်စ်