ဝန

မြစ်ကြီးနားသတင်းဂျာနယ် ပရိသတ်ကြီးရေ။ ကချင်ပြည်နယ် မြစ်ကြီးနားဇာတိသား တေးသံရှင် ဝနရဲ့ သီချင်းသုံပုဒ်လို့ နာမည်ပေးထားပြီး သီချင်းသုံးပုဒ်ပဲ ပါဝင်တဲ့ mini album လေးထွက်ရှိလာပါပြီ။

သီချင်းသုံးပုဒ် တေးစီးရီးကို စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက HORUS Entertainment ကနေ တစ်ခွေကို ၁၈၀၀ ကျပ်နဲ့ ဖြန့်ချိနေပြီး မိတ်ဆက်ပွဲကိုတော့ ရန်ကုန်မြို့ Old Skool (Bar & Restaurant) မှာ စက်တင်ဘာလ ၁၂ ရက်နေ့ကပြုလုပ်လိုက်တာပါ။ ဒီ Album မှာ အချစ်သီချင်း နှစ်ပုဒ်နဲ့အတူ စစ်ဘေးသင့်နေတဲ့ ပြည်သူတွေအတွက် သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်လည်း ပါဝင်လာပါတယ်။ ဝနရဲ့ နောက်ထွက်ရှိလာနိုင်ဦးမယ့် Album တွေနဲ့ အခုထွက်လာတဲ့ သီချင်းသုံးပုဒ် Album အကြောင်းကို မြစ်ကြီးနားသတင်းဂျာနယ်ပရိသတ်တွေ သိရှိခံစားနိုင်ဖို့အတွက် သတင်းထောက် ရွှေဖူးခင်(freelance) က တေးသံရှင်ဝနကို တွေ့ဆုံမေးမြန်းပေးထားပါတယ်နော်။

MNJ – ကိုဝနရေ မင်္ဂလာပါ။ အရင်ဦးဆုံး အခုထွက်ရှိတဲ့ Mini Album လေးနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါရှင့်။
Wana – ဒီ Mini Album က ကျွန်တော်တို့ သြင်္ကန်အပြီးမှာ စပြီး တည်လိုက်တာပေါ့နော်။ အမှန်ကတော့ ကျွန်တော့်ရဲ့ တရားသဖြင့် ခွေလုပ်နေရင်းနဲ့ တရားသဖြင့်ခွေက မတရားသဖြင့် ကြာသွားတယ်လေ။ ကြာတဲ့အခါကျတော့ ကြားထဲမှာ Horizon က အစ်ကိုရော ပြီးလို့ရှိရင် ပရိုဂျူဆာချမ်းချမ်းပေါ့နော်။ ချမ်းမြေ့လွင်ကလည်း ကြားထဲမှာ မင်း တအားကြာသွားပြီ။ နည်းနည်းဖြစ်ဖြစ် အရင်ထုတ်ရအောင်ဆိုပြီး ပြောလို့ လုပ်ဖြစ်သွားတာပေါ့နော်။

MNJ – ဒီ Album ကို သီချင်းသုံးပုဒ်ပဲ ထည့်ဖြစ်သွားတဲ့အကြောင်းလည်း ရှင်းပြပေးပါဦး။
Wana – ခွေထွက် အရမ်းကျဲနေပြီ။ မင်း ဝေးသွားပြီဆိုပြီးမှ ပရိသတ်ကို စိတ်ချမ်းသာအောင်ချော့တဲ့အနေနဲ့ သီချင်းလေး တစ်ပုဒ်နှစ်ပုဒ်လောက် တင်လိုက်ပါလား။ ခွေထုတ်လိုက်ပါလားဆိုပြီးတော့ အကြံပေးလို့ Mini Album လေးမှာ သုံးပုဒ်နဲ့ စလုပ်ဖြစ်သွားတာပါ။

MNJ – ပရိသတ်ကို စိတ်ချမ်းသာအောင် ချော့တဲ့အနေနဲ့ဆိုတော့ ပရိသတ်သီချင်းတွေချည်းပဲ ပါမလား။ ဘယ်လိုပုံစံမျိုး ဖြစ်မလဲရှင့်။
Wana – အမှန်ကတော့ကျွန်တော့်အကြိုက်တွေချည်းပဲ(ရယ်လျက်)။ ပရိသတ်နဲ့ကျွန်တော်နဲ့ အကြိုက်တူတယ် ဆိုရင်တော့ ပရိသတ်အကြိုက်လည်း ဖြစ်သွားမှာပေါ့နော်။

MNJ – ဟုတ်ကဲ့ပါ။ ဒီထဲက သီချင်းတွေကရော ဘယ်လိုရသမျိုးတွေလဲ။ ဘယ်လိုအကြောင်းအရာမျိုး တွေလဲ မိတ်ဆက်ပေးပါဦး။
Wana – ဟုတ်ကဲ့။ သီချင်းက အချစ်သီချင်းနှစ်ပုဒ် ပါမယ်။ တစ်ပုဒ်ကကျတော့ ဒီ ကျွန်တော်တို့ စစ်ဘေးသင့်နေတဲ့ ပြည်သူတွေအတွက်ပေါ့နော်။ ရည်ရွယ်ပြီးမှ စစ်ပြေးတစ်ယောက်ရဲ့ စစ်ဘေးသင့်ပြီး ပြေးနေရတဲ့ ခံစားချက်ကို ရေးထားတာပါ။

MNJ – အဲဒီခံစားချက်လေးရဖို့အတွက် ဘယ်လို ဘယ်လိုသက်ဝင်ခံစားပြီး ရေးဖွဲ့ဖြစ်သွားတာလဲ မသိဘူး။
Wana – တေးရေးကကျတော့ နိုင်လေးပေါ့နော်။ ကိုယ်တိုင်ရေးတာ တစ်ပုဒ်မှမပါဘူး။ ပထမ ခွေတွေတုန်း ကတော့ ကိုယ်တိုင်ရေးဖြစ်တာပေါ့။ နိုင်လေးက သူကလည်း မြစ်ကြီးနားကပဲ။ လောလောဆယ်က ကျွန်တော်ရော သူရောကတကယ့်ကို စစ်ဖြစ်နေတဲ့ ဒေသက လူတွေဆိုတော့ ကျွန်တော်တို့အတွဲက ဒီဟာက တကယ့် ကိုယ်တွေ့လို ဖြစ်နေတာပေါ့။

MNJ – အရင်ထွက်ခဲ့တဲ့ Album တွေနဲ့ အခုဟာနဲ့ရော ဘယ်လိုကွာခြားမှုရှိလဲ။ သီချင်းအမျိုးအစားတွေက အစပေါ့။
Wana – အရှေ့မှာက ပထမဦးဆုံးက One Hour ဆိုပြီး ထွက်တယ်။ ဒုတိယတစ်ခုက နှစ်ထောင့်ဆယ့်နှစ် ဆိုပြီး ထွက်တယ်။ ဒါပေမဲ့ အဲဒါကျတော့ နှစ်ယောက်တွဲခွေပေါ့နော်။ ကျွန်တော့် တစ်ကိုယ်တော်ခွေကကျ တော့ အသင့်ဖြစ်ထားတယ်ဆိုပြီး တစ်ကိုယ်တော်ထွက်လိုက်တယ်။ သီချင်းကွာခြားမှုကတော့ အရင်ပုံစံတွေ လိုပါပဲ။

MNJ – အခု သီချင်းသုံးပုဒ်နဲ့ ပရိသတ်ကို ချော့ပြီးပြီဆိုတော့ တရားသဖြင့်ခွေကရော ကြာလာနိုင်မလား။ ဒါမှမဟုတ် ပုံမှန် အတိုင်းပဲထွက်မှာလား။
Wana – ပုံမှန်အတိုင်းပါပဲ။ သတ်မှတ်ထားတဲ့အချိန်ကို ထွက်မှာပါ။ သတ်မှတ်ထားတဲ့အချိန်ဆိုတာ ဒီနှစ်ထဲမှာပဲ။

MNJ – အဲဒီ တရားသဖြင့်မှာရော ဘယ်လိုသီချင်းလေးတွေပါမလဲ။ နည်းနည်း ကြိုတင်မိတ်ဆက်ပေးပါလား။ တရားသဖြင့်ဆိုတဲ့ ခေါင်းစဉ်ကလည်း နည်းနည်းထူးဆန်းနေသလိုပဲ။
Wana – တရားသဖြင့်က ဘယ်လိုပြောမလဲ။ ဟို..ကိုယ်ချစ်တဲ့ ကိုယ့်ရဲ့ကောင်မလေးကို တောင်းဆိုတာပေါ့။ မတူညီတဲ့ အသိုင်းအဝိုင်းပေါ့။ မိဘတွေကိုလည်း မှားတယ်မပြောဘူး။ ကိုယ်လည်း မှန်တယ်လို့ မဆိုလိုဘူး။ ကြားထဲကနေ နှစ်ဦးနှစ်ဖက် တရားသဖြင့်လေး စဉ်းစားပေးပါဆိုပြီး တောင်းဆိုထားတဲ့ သီချင်းလေးပေါ့။

MNJ – ကိုဝနဆိုလိုက်တာနဲ့ သီချင်းတိုင်းလိုလိုက လူငယ်တွေကြားမှာ ပေါက်တယ်လေ။ အကိုဆိုထားတဲ့ အနီးဆုံးလူသီချင်းဆိုရင် စ’နားထောင်လိုက်တာနဲ့ ကြက်သီးထသွားစေတာမျိုး အရမ်းကြိုက်ကြတာမျိုးတွေ ရှိတယ်ပေါ့။ ဘယ်လိုခံစားပြီးဆိုခဲ့တာလဲ။ အဲဒီအပေါ်မှာရော ပရိသတ်ကို ဘာတွေပြောချင်မလဲ။
Wana – သီချင်းဆိုရင်တော့ ကိုယ့်ခံစားချက်လေးနဲ့ကိုယ် ဆိုတာပေါ့နော်။ သူတို့ခံစားရတယ်။ သူတို့ အတွက် တစ်ခုခုကျန်သွားစေတာကတော့ တိုက်ဆိုင်လို့ပေါ့နော်။ ဒါ သူတို့နဲ့ သဟဇာတဖြစ်လို့ပေါ့လေ။

MNJ – အခုခွေမှာ တီးဝိုင်းနဲ့ စတူဒီယိုကရော ဘယ်မှာသွင်းတာလဲ။
Wana – တီးဝိုင်းကတော့ Horizon Music Band ပေါ့။ စတူဒီယိုကတော့ Horus Studio မှာ သွင်းတာပေါ့။

MNJ – သူကရော CD ပဲလား။ MTV ရိုက်ဖို့ရှိမလား။
Wana – လောလောဆယ်တော့ Album CD ပဲ။ နောက်မှ Music Vedio ရိုက်ပြီးမှ ပြန်ဖြန့်ဖို့ရှိပါတယ်။

MNJ – ဘယ်တော့လောက်ဖြစ်မလဲ။ နောက်ပြီး ဘယ်လိုနေရာတွေမှာ ဘယ်သူတွေနဲ့ သရုပ်ဆောင်မယ် ဆိုတာလေးလည်း သိပါရစေ။
Wana – ဒါပြီးတာနဲ့ စပြီးအကောင်အထည်ဖော်တော့မှာပါ။ ဘယ်နေရာတွေမှာ ဘယ်သူတွေနဲ့ သရုပ်ဆောင်မယ် ဆိုတာတော့ လောလောဆယ် မဆုံးဖြတ်ရသေးဘူး။ ပရိုဂျူဆာနဲ့ ဒါရိုက်တာတွေနဲ့ တိုင်ပင်ပြီး ဆွေးနွေးနေဆဲပါပဲ။

MNJ – ကချင်ပြည်နယ်ကိုရော လာပြီး One Man Show ဆိုဖို့ အစီအစဉ်တွေ ဘာတွေရှိမလား။
Wana – One Man Show ကလုပ်ဖို့တော့ဆန္ဒ ရှိတာပေါ့နော်။ အိပ်မက်တော့ရှိတယ်။ ဒါပေမဲ့ တာဝန်ကြီးတယ်။ တကယ်လုပ်ဖြစ်လုပ်တဲ့အခါကျရင်တော့ ပြောပါမယ်။

MNJ – ကိုဝနအနေနဲ့ သီချင်းတွေဘာတွေရော ရေးဖြစ်ရဲ့လား။ အခုနောက်ပိုင်း ကိုဝနရေးတဲ့သီချင်းတွေ သိပ်မတွေ့ရသလိုပဲ။
Wana – အခုနောက်ပိုင်းက သီချင်းက ရေးဖြစ်တယ်။ ဒါပေမဲ့ ကျဲတာပေါ့နော်။ သီချင်းအရေးကျဲသွားတယ်။

MNJ – ကိုဝနက ဒီဂီတပိုင်းဆိုင်ရာ သီချင်းဆိုတာအပြင် ပန်းချီတွေ ကာတွန်းတွေ ရေးတာ ဝါသနာပါတယ် လို့လည်း သိရတယ်ပေါ့နော်။ အဲဒီတော့ သီချင်းဆိုတာအပြင် အခြားဘာအနုပညာတွေ လုပ်ဖြစ်သေးလဲ။
Wana – အခုနောက်ပိုင်းကတော့ မလုပ်ဖြစ်တော့ပါဘူး။ အရင်တုန်းက ငယ်ငယ်ကပေါ့နော်။ ငယ်ငယ်တုန်းက မြစ်ကြီးနားမှာ ကာတွန်းသင်တန်းဆိုပြီးမှ ထူးထူးဆန်းဆန်းလာဖွင့်တာရှိတယ်။ ဆရာဗိုသံပေါ့။ ဆရာဗိုသံလာဖွင့်တဲ့အချိန်မှာ ဦးဦးဖျားဖျားတက်တဲ့တပည့်က ကိုဝနပဲ။ ဦးဦးဖျားဖျား တစ်ဦးတည်းသောတပည့်ပေါ့(ရယ်လျက်)။ အဲဒီတုန်းကတော့ ဆရာနဲ့အတူ ဆရာဆွဲ ထားတာလေးကို ခဲဖျက်နဲ့လိုက်ဖျက်ပေး၊ ဆေးလေးတွေ လိုက်ဖြည့်ပေးလေးတွေ လုပ်ခဲ့ဖူးတယ်။ အခု သီချင်းသုံးပုဒ်ခွေမှာ ဆရာကိုယ်တိုင် Cover ဒီဇိုင်း လုပ်ပေးထားပါတယ်။

MNJ – ဟုတ်ကဲ့ပါ။ ကချင်ပြည်နယ်က ကိုဝနရဲ့ပရိသတ်တွေက ကိုဝနရဲ့အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့လည်း သိချင်ကြမယ်ထင်တယ်။ ချစ်သူရှိရင်လည်း နာမည်လေးပါ မိတ်ဆက်ပေးပါဦး။
Wana – အချစ်ရေးကတော့ ကိုးနှစ်ကျော်သွားပြီပေါ့။ မင်္ဂလာဆောင်ခါနီးကျရင်တော့ Date ကို ပြောပြပေးပါမယ်။ ပရိသတ်တွေကိုလည်း ဖိတ်ပါမယ်လို့။ နာမည်က အောင်းနီပါ။

MNJ – ကိုဝနနဲ့ ပတ်သတ်ပြီးမှတ်မှတ်ရရ မြစ်ကြီးနားဂျာနယ်မှာ အဖြစ်အပျက်တစ်ခုရှိဖူးတယ်။ သတင်းထောက်က ဝလုံးနဲ့နငယ် ဝနဆိုပြီးရေးပေမဲ့ အယ်ဒီတာက ဝလုံး ဏကြီးနှစ်လုံးဆင့်နဲ့ ဝဏ္ဏဆိုပြီး ပြန်ပြင်လိုက်လို့ ပုံနှိပ်တိုက်အထိ အသည်းအသန်လိုက် ပြင်ခဲ့ရဖူးတယ်။ ဝနဆိုတာ အနုပညာနာမည်ပဲလား။ နာမည်ရင်း ရှိသေးရင်လည်း ပြောပြပေးပါဦး။
Wana – သူတို့မှားတဲ့ ဝလုံးနဲ့ ဏကြီးနှစ်လုံးဆင့်ကကျတော့ အဓိပ္ပါယ်က ရုပ်ချောတာကိုပြောတာ။ အစ်ကိုရဲ့ ဝန ကကျတော့ “တော”။ ပါဠိလိုပေါ့။ နာမည်အရင်းက ဇန ပါ။ အဖွားက ပေးသွားတာပေါ့နော်။ အဲဒါကို ဝန ဝနနဲ့ ခေါ်ရင်းနဲ့ ဝနလို့ပဲ တွင်သွားတာပါ။

MNJ – ဂီတနဲ့ ပတ်သက်ပြီးတော့ကျတော့ရော ဘယ်အချိန်ကတည်းက ဝါသနာပါခဲ့တာလဲ။ ဘယ်နှခုနှစ် ကတည်းက ဝင်ရောက်ခဲ့တာလဲ။
Wana – ဝါသနာဆိုတာကတော့ ကိုယ်မသိတဲ့အချိန်ကတည်းက ပါရင်ပါနေမှာပေါ့နော်။ လုပ်ဖြစ်တာ ကတော့အသက်ဆယ့်ခြောက် ဆယ့်ခုနစ်လောက်ကတည်းက စလုပ်ဖြစ်နေပြီ။ သူငယ်ချင်းတွေနဲ့ Band ထောင်ပြီး လုပ်နေကြပြီ။

MNJ – ကိုဝနရဲ့ ညီမဝမ်းကွဲတစ်ယောက်ကလည်း စာတွေရေးတယ်။ စာရေးဆရာမလို့ သိရတယ်။ ကိုဝနတို့က အနုပညာမျိုးရိုးကလာ တာပဲလား။ အခြားရော ဘယ်သူတွေရှိဦးမလဲ။
Wana – ညီမ လွမ်းမိုးဆွေထင်တယ်။ အဲလိုတော့ မဟုတ်ပါဘူး။ အစ်ကိုတို့က အနုပညာမျိုးရိုးမရှိပါဘူး။ ကိုယ်ဝါသနာပါသလိုပဲ သွားနေကြတာပါ။

MNJ – နောက်တစ်ခုကလေအချို့ တေးသံရှင်တွေက သီချင်းခွေ တစ်ခွေနှစ်ခွေထွက်တယ်။ အရမ်းလည်း ပေါက်သွားတယ်။ ပရိသတ် အခိုင်အမာရသွားပြီးရင် သူတို့ကပျောက်ပျောက်သွားတာမျိုးပေါ့။ မဆိုကြတော့တာမျိုးတွေရှိတယ်။ ကိုဝနအနေနဲ့ကရော ရှေ့ဆက်ပြီး ဒီဂီတလောကမှာ အမြဲတမ်းရှင်သန်အောင် နေထိုင်ဖို့ ဘယ်လိုစီမံကိန်းတွေ ချထားလဲ။
Wana – အများကြီးရှိပါတယ်။ ဘာလို့လဲဆိုတော့ သီချင်းတွေပဲဆိုမယ်။ သီချင်းတွေပဲ ရေးနေရင်းနဲ့ သေသွားမှာကိုး။ သေတဲ့အထိ ဒါပဲလုပ်မယ်။ ဒါပဲလုပ်တတ်တယ်။ ကိုယ့်ပရိသတ်အတွက် အကောင်းဆုံး လုပ်မယ်။ အကောင်းဆုံး မလုပ်နိုင်သေးရင် ခွေမထွက်သေးဘူး။ အကောင်းဆုံးလုပ်နိုင်မှပဲ ပရိသတ်ကိုချပြမယ်။ တကယ် ကိုယ့် fan အစစ်ဆိုရင်လည်း ကိုဝန တစ်ခွေ တစ်ခွေကို ဘယ်လောက်ကြာကြာ စောင့်နေမှာပါ။ ကိုဝနရဲ့ လုံ့လဝီရိယရှိသလောက် အကောင်းဆုံး ကြိုးစားနေမယ်။ ပရိသတ်ကိုလည်း အရိုးသားဆုံးပေးဆပ်သွားမယ်။

MNJ – ကိုဝနကကျတော့ ဒီဂီတလောကထဲကို အဆိုပြိုင်ပွဲတွေဝင်ပြီး ရောက်လာတာမဟုတ်ဘူးနော်။ အဆိုပြိုင်ပွဲတွေ ဘာတွေရော ငယ်ငယ်ကဝင်ပြိုင်ဖူးလား။
Wana – အရင်တုန်းက တစ်ခါမန္တလေးမှာလုပ်တဲ့ ဦးကျော်ဟိန်းနဲ့လုပ်တဲ့ အဆိုတော်တို့သရုပ်ဆောင်တို့ ရွေးပွဲမှာတော့ တစ်ခါပြိုင်ခဲ့ဖူးတယ်။ မြစ်ကြီးနားကနေပြီး မန္တလေးထိကို သွားပြိုင်တာ။

MNJ – ဂီတနဲ့ ပတ်သက်ပြီး ကိုဝန လေးစားအားကျရတဲ့သူ ရှိရင်လည်း ပြောပြပေးပါဦး။
Wana – ကိုဒိုးလုံးနဲ့ ကိုလေးဖြူကို အရမ်းလေးစားပါတယ်။ ဟုတ်ကဲ့။

MNJ – မြစ်ကြီးနားမှာကျတော့ ကိုဝန ဘယ်ရပ်ကွက်မှာနေခဲ့တာလဲရှင့်။
Wana – ခေမာသီရိ ရပ်ကွက်မှာ နေခဲ့တာပါ။

MNJ – နောက်ဆုံးအနေနဲ့ ကချင်ပြည်နယ်က ကိုဝနကိုချစ်တဲ့ ပရိသတ်တွေကို စကားတစ်ခုခုပါး ပေးပါဦးရှင့်။
Wana – ကချင်ပြည်နယ်ကမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီတစ်နိုင်ငံလုံးမှာရှိတဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေအားလုံးအတွက်ပေါ့နော်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေဘယ်တော့မှ သိက္ခာမကျစေရပါဘူးလို့။

MNJ – အခုလို ဖြေကြားပေးတဲ့အတွက် မြစ်ကြီးနားသတင်းဂျာနယ်က ကိုဝနကို ကျေးဇူးတင်ပါတယ်။