china foods

နိုဝင်ဘာ ၃၀

မြစ်ကြီးနားခရိုင် တရားမဝင်ကုန်ပစ္စည်း တားဆီး၊ ဖမ်းဆီးရေးအဖွဲ့မှ မြစ်ကြီးနား -ဗန်းမော် ကားလမ်းမကြီးတွင် သိမ်းဆည်းရမိသော စားသုံးရန်မသင့်သည့် အေးခဲအသားများနှင့် မုန့်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆေးလိပ်နှင့် ဆေးထိုးအပ်ပုံစံ ပြုလုပ်ထားသော တရုတ်နိုင်ငံထုတ် ကလေးစားစရာ မုန့်များ (မူးယစ်ဆေးဝါးအစ ဆေးလိပ်က)
ဝိုင်းမော် ရွှေညောင်ပင်ကျေးရွာအနီးရှိ ကားလမ်းမဘေးတွင် ဗန်းမော်မှ မြစ်ကြီးနားသို့ ဝင်ရောက်လာသော ယာဉ်ကြီး၊ ယာဉ်ငယ်များအား စစ်ဆေးရာတွင် ခရီးသည်တင်ယာဉ်ငယ်များဖြင့် တစ်ပိုင်တစ်နိုင်ပါရှိလာသော တရုတ်နိုင်ငံထုတ် အေးခဲအသားမျိုးစုံ ၂၆ ဖာ နှင့် စားသုံးရန်မသင့် မုန့်မျိုးစုံ ၅ ဖာတို့ ကိုတွေ့ရှိရာ နိုဝင်ဘာလ ၂၈ ရက်က သိမ်းဆည်းခဲ့ကြောင်း သိရသည်။

   

“ဒီပစ္စည်းတွေကို မတင်လာပါနဲ့ဆိုပြီး ပညာပေးမှုတွေကိုလည်း လုပ်တယ်။ ဒါပေမဲ့ တင်ဆောင်လာကြတဲ့ အတွက် ပညာပေးအနေနဲ့ ဖမ်းဆီးလိုက်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့ ဒါက ဖျက်ဆီးသင့်တဲ့ အရာဖြစ်ကြောင်းကို ပြချင်တဲ့သဘောပါ”ဟု မြို့နယ်အကောက်အခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝင်းက ပြောသည်။

အဆိုပါအဖွဲ့ကို နိုင်ငံတော်အစိုးရ၏ညွှန်ကြားချက်အရ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ စားသုံးရန်မသင့်သည့် တရားမဝင် ကုန်ပစ္စည်းများဖမ်းဆီးရေးအဖွဲ့ ဖွဲ့ခိုင်းသည့်အတွက် ဖွဲ့စည်းခဲ့သည်မှာ ၄ လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

“တရားမဝင် ကုန်ပစ္စည်းများဆိုတာ နိုင်ငံတော်က ပိတ်ပင်တားဆီးထားသည့် ကုန်ပစ္စည်း ဖြစ်ပါတယ်။ အများပြည်သူစားဖို့၊ သုံးဖို့မသင့်တဲ့ အရာဖြစ်တယ်။ အဲဒါကို တရားဝင်တင်သွင်းခွင့်ကို မရဘူး။ တရားဝင်အခွန်ဆောင် ခွင့်လည်းမရတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အဲဒါတွေကို ခိုးတင်ပြီး အများပြည်သူကြား ရောက်အောင်ပို့ပြီး စားသုံးနေကြတာ တွေ့နေရတယ်။ (FDA) ကစစ်ဆေးတော့လည်း စားသုံးရန်မသင်တဲ့အစားအစာတွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် မစားဖို့ပညာပေးပြီး ဖြစ်ပေမယ့် စားနေကြတယ်။ တင်သွင်းနေတယ်။ တစ်ဘက်ကလည်း ဖမ်းနေတယ်”ဟု ဦးမောင်ဝင်းက ရှင်းပြသည်။

အဆိုပါ စားသုံးကုန်များကိုကားတစ်စီးတည်းဖြင့် သယ်ဆောင်ခဲ့ခြင်း မဟုတ်သည့်အတွက် သယ်ဆောင်လာသည့် ပစ္စည်းနည်းပါးခြင်း၊ ပိုင်ရှင်ပါမလာခြင်း၊ ကားသမားများအနေဖြင့် မည်သည့်ပစ္စည်းများဖြစ်ကြောင်း မသိရခြင်းတို့ကြောင်း ကုန်ပစ္စည်းအပြင် ကားသမားနှင့် ကားများကို ဖမ်းဆီးခြင်းများ မပြုလုပ်နိုင်ကြောင်း ရှင်းပြသည်။

ကချင်ပြည်နယ်အတွင်းတရားမဝင် ဝင်ထွက်သည့်လမ်းကြောင်း များသည့်အတွက် နိုင်ငံတော် အခွန်ရရှိမှုနစ်နာခြင်း၊ ပိတ်ပင်တားဆီးထားသည့် ပစ္စည်းများဝင်ရောက်လာပြီး ပြည်သူများ စားသုံးခြင်းကြောင့် မလိုလားအပ်သည့် ကျန်းမာရေးပြဿနာများ ရင်ဆိုင်လာနိုင်သည့်အတွက် စားသုံးရန်မသင့်ကြောင်းနှင့် တစ်ဖက်နိုင်ငံကစီးပွားဖြစ်ရင်ပြီးရော ဆိုပြီး ထုတ်ထားသည့် အစားအစာများကို မစားသင့်ကြောင်း ဦးမောင်ဝင်းက ပြောသည်။

ယင်းပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ မြန်မာကျပ်ငွေ ၁၀ သိန်းကျော်ခန့်ရှိပြီး ထို သိမ်းဆည်းရမိသည့် စားသုံးကုန်များကို အကောက်အခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် (FDA) အစားအသာက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ပူးပေါင်းကာ မြို့နယ်အကောက်ခွန်ဦးစီးဌာန ရုံးဝင်းအတွင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်းမွန်းပန်