ချီဖွေမြို့ပေါ်ရှိ စစ်ဘေးဒုက္ခသည်စခန်း (စခန်း-၁)တွင် လက်နက်ကြီးတစ်လုံး ကျခဲ့ခြင်းကြောင့် စစ်ရှောင်ပြည်သူများ စိုးရိမ်နေရပြီး ယင်း လက်နက်ကြီးကျည်ဆံကို အမြန်ဆုံး ဖယ်ရှားပေးစေလိုကြောင်း စစ်ရှောင်စခန်းမှ တာဝန်ရှိသူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“မြေကြီးမှာ အဲဒီလက်နက်ကြီးက မြုပ်နေတယ်ဆိုတော့ ဘယ်အချိန်ဘယ်အခါမှာများ ပေါက်ထွက်လာမလဲပေါ့ အရမ်းစိုးရိမ်နေကြရတယ်”ဟု စစ်ရှောင်စခန်းမှ တာဝန်ရှိသူ ဒေါ်ဇေညွယ်ကပြောသည်။

လက်နက်ကြီးကျည်ဆံသည် နိုဝင်ဘာလ ၂၅ ရက် ည ၉ နာရီချိန်ခန့်က စခန်းအတွင်းရှိ ဦးမိနော့ဇေလွမ်း နေအိမ်ခေါင်မိုးပေါ်တွင် ကျခဲ့ခြင်းကြောင့် အိမ်ခေါင်မိုး ပေါက်ပြဲခြင်းနှင့် လျှပ်စစ် မီတာဘောက်များလည်း ပျက်စီးခဲ့သည်။

လက်နက်ကြီးကျသည့် နောက်တစ်နေ့တွင်  အစိုးရတာဝန်ရှိသူများက လာရောက် ကြည့်ရှုခဲ့သော်လည်း မိမိတို့၏ လက်နက်ပစ္စည်းမဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေါ်ဇေညွယ်က ပြောသည်။

“ဒီလက်နက်က သူတို့ဟာမဟုတ်ဘူး။ မထုတ်ရဲဘူးဆိုပြီးမှ  ဆားအထုတ်ကြီးတစ်ထုတ်ကို ထည့်ထားပေးခဲ့တယ်”ဟု စခန်းတာဝန်ရှိသူ ဒေါ်ဇေညွယ်က ပြောသည်။

ယင်းစခန်းသည် ဘုရားကျောင်းဝင်းအနီးရှိ မြစ်ကမ်းနံဘေးတွင် သီးသန့်အခန်း ၂၀ အဆောင် တည်ဆောက်ပေးထားခြင်း ဖြစ်သည်။

“စခန်းအတွင်းမှာ ကျကျန်နေတဲ့ အဲဒီ ဗုံးအလုံးကြီးက အဲဒီမြေကြီးအထဲမှာ မရှိနေရင်၊ ထုတ်ပေးလိုက်ရင် ရပြီ။ စိတ်ချမ်းသာပြီ။ အဲဒီမြေကြီးပေါ်မှာကျနေတဲ့ အဲဒီဗုံးကြီးကို လာထုတ်ပေးလိုက်ရင်တော့ အိပ်လို့ပျော်ပြီ၊ စားလို့လည်း ဝင်ပြီ။ အခုက ရင်တထိတ်ထိတ်နဲ့ နေနေရတယ်” ဟု စစ်ရှောင်စခန်းမှ တာဝန်ရှိသူ ဒေါ်ဇေညွယ်က ပြောသည်။

ချီဖွေမြို့တွင် ၂၀၁၂ ခုနှစ် တွင် တစ်ကြိမ်၊ ၂၀၁၅ တွင် တစ်ကြိမ် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ဖူးသည်။

လဖိုင်လု