မြစ်ကြီးနား၊ နိုဝင်ဘာ ၂၃

ကချင်ပြည်နယ်အတွင်းရှိအမျိုးသမီးများအတွက် Myanmar Kindness Charity မှ ဦးစီး၍ သားအိမ်ခေါင်းကင်ဆာ အခမဲ့စစ်ဆေးမှုများကိုမြစ်ကြီးနား ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစစ်ဆေးမှုကို Myanmar Kindness Charity မှ ဦးစီး၍ Rotary Club & HAND Group နှင့် ပူးပေါင်းကာ ကျွမ်းကျင်သော နိုင်ငံတကာ ဆရာဝန်ကြီးများကိုယ်တိုင် အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာကို အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများအနေဖြင့် ရောဂါကို အချိန်မီသိရှိ၍ ကြိုတင်ကာကွယ်မှုများနှင့် ကုသမှုများပြုလုပ်နိုင်စေရန် ရည်ရွယ်ပြီး ယင်းကဲ့သို့ အခမဲ့ စစ်ဆေးမှုများကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း Myanmar Kindness Charity မှ ဒါရိုက်တာနှင့် အထွေထွေအတွင်းရေးမှူး ဦးတင်သိန်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကျွန်တော်တို့ ယဉ်ကျေးမှုအရဆိုရင် သူတို့က ဒါကို ရှက်တယ်။ မပြောရဲဘူး။ အဲ့ဒါမျိုးတွေ အများကြီးရှိတယ်။ ဒါတွေကိုလည်း နောက်နောင် မဖြစ်အောင်လို့ ကြိုတင်ကာကွယ်နိုင်အောင် ရည်ရွယ်ပါတယ်။ အန်ကယ်တို့က ဒါကို လုပ်ပေးရုံတစ်ခုတည်း မဟုတ်ဘူး။ ပညာလည်းပေးတယ်။ သူတို့ကိုလည်း အမြဲပြောပါတယ်။ ရောဂါတွေ့ပြီဆိုလည်း ဘယ်အဆင့်ရောက်နေတယ်။ ဘယ်ဆေးရုံ ဘယ်ဆရာဝန်တွေနဲ့ တစ်ခါချိတ်ပေးတယ်”ဟု ဦးတင်သိန်းက ပြောသည်။

ရောဂါစစ်ဆေးခြင်းသည်အရေးကြီးကြောင်းနှင့် ရောဂါစစ်ဆေးတွေ့ရှိပါက လိုအပ်ချက်များ ညွှန်ကြားကာ သက်ဆိုင်ရာ ဆရာဝန်များနှင့် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း Myanmar Kindness Charity  Founder ဒေါ်ခင်မာလာက ပြောသည်။

“စစ်ဆေးပေးတာကိုက တော်တော်ကြီးကို အရေးကြီးတဲ့အပိုင်းဖြစ်တယ်။ ဘာလို့ဆို ဖြစ်နေတဲ့ သူတွေက မသိကြဘူးလေ။ စစ်ဆေးပေးပြီးမှ ကုသရမယ်။ ရောဂါဖြစ်နေတဲ့သူတွေကို ဘယ်လိုလုပ်ရမယ် ဆိုတာ ညွှန်ကြားပေးမယ်။  ပြီးမှ သက်ဆိုင်ရာဆရာဝန်တွေနဲ့ ပြန်ပြီးချိတ်ဆက်ပေးမယ်”ဟု ဒေါ်ခင်မာလာက ပြောသည်။

လူဦးရေ ၅၀၀ ထိ စစ်ဆေးပေးရန် သတ်မှတ်ထားသောကြောင့် စစ်ဆေးလိုသူ အမျိုးသမီးများ အနေဖြင့် ဖုန်းနံပါတ် ၀၉-၄၀၁၈၀၀၃၆၉၊ ၀၉-၃၀၉၁၄၁၉၉၊ ၀၉- ၄၀၀၀၅၄၇၉၆ သို့ စာရင်း ပေးသွင်းနိုင်သကဲ့သို့ Myanmar Kindness Charity Facebook မှလည်း စာရင်းသွင်းနိုင်ကြောင်း သိရသည်။

Ann