ဒေါ်နန်ပူ
(ဒါရိုက်တာ၊ ထွယ်ဂျဲန်ဒါ၊ ကျားမတန်းတူညီမျှရေးအဖွဲ့ ၊ မြစ်ကြီးနား)

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြောရမယ်ဆိုရင်  အမျိုးသမီးတွေ အကြမ်းဖက်မှုခံရမှုကို ထိထိရောက်ရောက် ကာကွယ်တားဆီးမှု အများကြီး လိုအပ်နေသေးတယ်ဆိုတာ တွေ့ရတယ်။ အကြမ်းဖက်ခံရမှုဆိုရင် ဒီ လိင်ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ်၊ ကိုယ်ထိလက်ရောက်ပဲ ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် အကြမ်းဖက်ခံရလို့ရှိရင် တရားရင်ဆိုင်တဲ့အခါ ဒီလို ခိုင်ခိုင်မာမာ ကာကွယ်ထားတဲ့ ဥပဒေတွေလည်း မရှိဘူး။ တရားမျှတမှုတွေ ရရှိမှုလည်း  နည်းပါးနေသေးတယ်ဆိုတာ တွေ့ရတယ်။ တရားဥပဒေတွေလည်း ပြင်ဆင်မှု လိုအပ်နေသေးတယ်ဆိုတာ တွေ့ရတယ်။ တရားမျှတမှုမရတဲ့ အခါကျတော့ ကျူးလွန်တဲ့သူတွေကလည်း ထပ်ထပ်ပြီး ကျူးလွန်ကြတယ်။ ပြီးတော့ ကျူးလွန်ခံရတဲ့ သူတွေကိုလည်း သူတို့အတွက် ပြန်လည်ထူထောင်ရေး ဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ တရားမျှတမှု ရအောင် လုပ်တဲ့အခါမှာလည်းပဲ ဥပဒေအထောက်အပံ့တွေက လက်လှမ်းမမီနိုင်သေးဘူး။ ပြီးတော့ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုင်ရင် တိုင်းရင်းသူအမျိုးသမီးတွေပေါ့ ရှမ်းတို့၊ ကချင်တို့ ရွာမှာရှိတဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရလို့ရှိရင် တရားမျှမှုမရှိဘူးဆိုတာ တွေ့ရတယ်။ အကြမ်းဖက်ခံရလို့ရှိရင် သူတို့ရဲ့ဆွေမျိုးတွေ နည်းနည်းက ပညာတတ်ဖြစ်ပြီးမှ နည်းနည်း ခပ်ကျော်ကျော် ဖြစ်တဲ့အခါကျမှ ဥပမာ မုဒိမ်းကျင့်ခံရတယ်ဆိုလို့ရှိရင်  သူတို့ရဲ့ အစ်မတွေ၊ အဒေါ်တွေ နည်းနည်းသွက်သွက်လက်လက်ရှိမှ ရိုးရာလူကြီးတွေဆီ ရောက်သွားပြီးမှ ဖြေရှင်းပေးခံရတယ်။ ရဲစခန်း၊ တရားရုံးသွားပြီး တရားရင်ဆိုင်တဲ့ အမှုတွေက တော်တော်နည်းတယ်။ အဲ့ဒီလိုသွားပြီး တရားရင်ဆိုင်တဲ့အခါမှာ ဒီရှေ့နေတွေနဲ့ အခြားသူတွေရဲ့ မေးမြန်းမှုတွေကို ခဏခဏဖြေနေရတဲ့ အခါကျတော့ နောက်ပိုင်းအကြမ်းဖက်ခံရတဲ့ သားကောင်တွေဟာ ရဲစခန်းသွားတာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး သွားတာတွေ မလုပ်တော့ဘဲနဲ့ သူတို့ဟာသူတို့ပဲ ရေငုံနှုတ်ပိတ်ပြီးမှ သည်းခံပြီးနေကြတယ်။ သူတို့ဟာ သူတို့ပဲကြည့်ပြီး ဖြေရှင်းလိုက်တာ ပေါ့နော်။ တချို့ ကိစ္စရပ်တွေမှာ ဆိုရင်လည်း ကချင်ရိုးရာနဲ့ ဖြေရှင်းတဲ့ အမှုတွေလည်း ရှိတယ်။ ဖြေရှင်းတဲ့ သူတွေကလည်း အမျိုးသားတွေပဲဆိုတဲ့ အခါကျတော့ အမျိုးသားစိတ်ဓာတ်နဲ့၊ မျက်လုံးနဲ့၊ နားလည်ပေးနိုင်မှုနဲ့ အမျိုးသမီးတွေရဲ့ နားလည်ပေးနိုင်မှု အခြေအနေက မတူဘူးလေ။ အဲ့ဒီအခါကျတော့ တခါတလေကျရင် ပိုက်ဆံသုံး၊ လေး၊ ငါးသောင်း၊ တစ်သိန်းနဲ့ ဆန်၊ ဆိတ်ဘယ်နှစ်ကောင် ဆိုတဲ့ဟာနဲ့ပဲ ပြီးသွားတဲ့အခါကျတော့ အကယ်၍ ကျူးလွန်သူက အများကြီးပေးနိုင်တဲ့ ယောကျ်ားက အများကြီး ကျူးလွန်လို့ရတယ်ဆိုတဲ့ သဘောဖြစ်နေတယ်။  အဲ့ဒီလို ပေါ့ပေါ့ဆဆနဲ့ပဲ သ့ူကို ပြစ်ဒဏ်ပေးမယ်ဆိုလို့ရှိရင် တခြားအမျိုးသားတွေလည်း ဆက်ပြီးကျူးလွန်ဖို့ အခြေအနေရှိနေတယ်။ ကျူးလွန်သူကို ပြင်းထန်စွာ အရေးယူမှုမရှိတဲ့အခါ၊ အဲ့ဒီလိုကျူးလွန်သူတွေဟာ ပိုပိုပြီးများလာတာကို တွေ့ရတယ်။ တချို့ တရားစီရင်မှုမှာ သက်ငယ်မုဒိန်းမှုက ထောင်ဒဏ် ၁၀ နှစ်ဆိုရင် တချို့တရားသူကြီးတွေက သက်ငယ်မုဒိမ်းမှုမြောက်ပေမယ့် ကလေးကိုယ်တိုင်ကလည်း မုဒိမ်းမှုမြောက်ကြောင်း ထွက်ဆိုပေမယ့်။ တချို့အမှုတွေက အဂတိလိုက်စားမှု၊ အကျင့်ပျက်ချစားမှုတွေ ရှိနေသလားဆိုတာ ဘယ်သူမှ မသိဘူး။ ထောင်ဒဏ် အနှစ် ၂၀ မချဘဲနဲ့ ၁၀နှစ်တို့ ချတဲ့ဟာလည်း ရှိတယ်။ ဆယ်နှစ် ထောင်ချဖို့ကို လျှော့ရက်နဲ့ဆိုရင် ၆ နှစ် လောက်နဲ့ ထွက်လာမယ့် အခြေအနေရှိတယ်။ အဲ့ဒီအခါကျတော့ ထောင်ကနေ ထွက်လာလို့ရှိရင် ကလေးကို မုဒိမ်းကောင်က ပြန်ပြီး ခြိမ်းခြောက်တဲ့အခါကျတော့ ကလေးအတွက်လည်းပဲ လုံခြုံမှုမရှိဘူး။ တရားစီရင်ရေးနဲ့ အမျိုးသမီးတွေကို ကာကွယ်တဲ့ ဥပဒေတွေ အများကြီး ပြင်ဆင်ဖို့၊ ဖြည့်စွက်ဖို့ လိုအပ်နေသေးတယ်ဆိုတာ တွေ့ရတယ်။

ဒေါ်နန်အောင်

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ထိရောက်တဲ့ ဥပဒေ၊ မူဝါဒရေးဆွဲဖို့ အရေးကြီးတယ်။ အမျိုးသမီးတွေရဲ့ ဘဝကို လုံခြုံမှုပေးနိုင်တဲ့ မူဝါဒကို အစိုးရကနေ တာဝန်ယူရေးဆွဲရမယ်လို့ မြင်တယ်။ အဲ့ဒီအခါကမှ ခိုင်လုံတဲ့ မူဝါဒကို ချမှတ်ထားမှပဲ ဒီလိုမျိုးအကြမ်းဖက်မှုတွေလည်း လျော့လာမယ်။ ပပျောက်လာမယ်လို့ မြင်ပါတယ်။ ပထမဦးဆုံးက မူဝါဒကို ရေးဆွဲရမယ်။ ပြီးတော့ အခုအချိန်မှာက အကြမ်းဖက်မှုတွေ အရမ်းများတယ်။ အိမ်တွင်း အကြမ်းဖက်မှုတွေလည်း အများကြီးရှိတယ်။ တရားဝင်လင်မယားဖြစ်တဲ့ အတွက် ကျွန်မတို့ အမျိုးသမီးတွေအနေနဲ့  ဒီအကြမ်းဖက်မှုကို ကိုယ့်ရဲ့ လက်ထပ်ထားတဲ့ ယောကျ်ားဖြစ်တဲ့ အတွက် အရမ်းကြီးလည်း တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ကြတော့လည်း  မတိုင်ရဲတာတို့ အရမ်းများတာကို တွေ့ရတယ်။ အဲ့ဒီလိုမျိုး အမျိုးသမီးတွေ များတဲ့အတွက်ကြောင့် ယောကျ်ားတွေလည်း အကြမ်းဖက်မှုကို  ရောဂါလို ဖြစ်နေပြီ။ သူတို့က အိမ်တွင်းအကြမ်းဖက်မှုဆိုတာကို လွယ်လွယ်နဲ့ လုပ်ကြတယ်။ ကျင့်သား ဖြစ်နေကြပြီ။ ဒီမိသားစု အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပြီဆိုရင် အခြားမိသားစုလည်း ဖြစ်မယ်။ သူ့ရဲ့ဥပဒေ၊  မူဝါဒအတိုင်း မရင်ဆိုင်တဲ့အတွက် ရောဂါလိုမျိုး ကူးစက်ပြီး ဖြစ်နေတယ်။ အဲ့ဒါကတော့ ကျွန်မတို့နိုင်ငံမှာ ဖြစ်နေတဲ့ဟာလို့ မြင်မိပါတယ်။  ထိရောက်တဲ့ ဥပဒေ၊ မူဝါဒတွေကို ရေးဆွဲခိုင်းစေချင်ပါတယ်။

မဆွတ်ဆိုင်းထွယ်

အမျိုးသမီး အကြမ်းဖက်မှုတစ်ခုလို့ ပြောတဲ့အချိန်မှာ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးသာမက လူမျိုး အသီးသီးရဲ့ လူ့အသိုင်းအဝိုင်းပေါ့နော်။ ကချင်ဆိုလို့ရှိရင်လည်း ကချင် Society မှာ စိတ်ပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော အကြမ်းဖက်မှုက အဆင့်ဆင့် ခံနေရတယ်။ အမျိုးသမီးတွေကို အကြမ်းဖက်မှုကနေ ကာကွယ်ပေးတဲ့ မူဝါဒတွေ၊ ဥပဒေတွေ ရှိဖို့လိုတယ်။ ဒီလိုဥပဒေတွေ ရှိတဲ့အချိန်ကျမှ ဒီအကြမ်းဖက်မှုတွေက တဖြည်းဖြည်းနဲ့ ရပ်တန့်လာနိုင်မယ့် အနေအထားတစ်ခု ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့၊ ဖြစ်နေတဲ့ပြဿနာပေါ်မှာပဲ  လိုက်လံဖြေရှင်းနေတာထက် စာရင်တော့ နိုင်ငံတော် အစိုးရကနေ ထိရောက်တဲ့ ဥပဒေ၊ အမျိုးသမီးတွေကို လုံခြုံမှုပေးတဲ့ ဥပဒေကို ထိထိရောက်ရောက် ပြဋ္ဌာန်းပေးဖို့လိုတယ်။ ဒီလို ပြဋ္ဌာန်းပေးတဲ့ အချိန်ကျမှ  တစ်ဘက်မှာလည်းလျော့သွားမှာ ဖြစ်တယ်။ အဲ့ဒါကြောင့် အစိုးရကိုလည်း ထိရောက်တဲ့ ဥပဒေတစ်ခု ပြဋ္ဌာန်ပေးဖို့ လူငယ်အမျိုးသမီး တစ်ယောက်အနေနဲ့ တောင်းဆိုချင်တယ်။

မောင်ဖုန်ဆန်အောင်

မြန်မာနိုင်ငံရဲ့ အမျိုးသမီးအကြမ်းဖက်ခံရတာကတော့ တော်တော်ဆိုးတယ်လို့ ပြောရမယ်။ အစိုးရအနေနဲ့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ ထိရောက်တဲ့ အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုချင်တယ်။ အဲ့ဒါနဲ့ တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံသူ/သား အကြီးပိုင်းအားလုံးမှာ ကိန်းအောင်းနေတဲ့ မိန်းကလေးဆိုတာ တစ်ဆင့်နိမ့်သလိုမျိုး ထင်နေတဲ့စိတ်ကို လူကြီးတွေကို ပြောလို့တော့ အဆင်မပြေပေမယ့်၊ ရေရှည် ရည်မှန်းချက်အနေနဲ့ ကလေးတွေကနေပြီးတော့ သွန်သင်ပေးတာမျိုး လုပ်ပေးတာမျိုး လုပ်ခိုင်းစေချင်တယ်။ ပြီးတော့ ယောက်ျားလေးအနေနဲ့လည်း ကျူးလွန်တာသေချာတယ်။ ယောကျ်ားလေး အနေနဲ့လည်း မိန်းကလေးတွေကို တန်ဖိုးထားခိုင်းစေချင်တယ်။ တန်ဖိုးထားတတ်ဖို့ တိုက်တွန်းချင်ပါတယ်။ အမျိုးသမီးတွေ အပေါ်အကြမ်းဖက်မှုဆိုင်ရာကာကွယ်မှု ထိရောက်တဲ့ ဥပဒေကို ကျွန်တော် လူငယ်တစ်ယောက်အနေနဲ့ အကောင်အထည် ဖော်ခိုင်းစေချင်ပါတယ်။

ဦးမောင်မောင်

အမျိုးသမီးတွေ သီးခြားပေါ့နော်…အမျိုးသမီးများကို အကြမ်းဖက်မှုကာကွယ်ရေးဥပဒေတွေ ကိုလည်း လွှတ်တော်မှာ တင်ထားတုန်းပဲ ရှိသေးတယ်ပေါ့နော်။ မထွက်လာသေးဘူး။ အမျိုးသမီးနဲ့ ပတ်သက်တဲ့အကြမ်းဖက်မှုတွေက ဘယ်လိုတွေ အများဆုံး ဖြစ်နေလဲဆိုရင် သက်ငယ်မုဒိန်းတွေရှိတာပေါ့။ နောက်ပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ ရှိတာပေါ့။ အမျိုးသမီးကို ယူထားပြီး ကောင်းကောင်း မကျွေးမွေးဘူး၊ ပစ်ထားတယ်ပေါ့နော်။ တချို့ဆိုရင် ကာမလိမ်လည်မှုပေါ့နော်။ ချစ်တယ်၊ ကြိုက်တယ်၊ လက်မထပ်ဘဲနဲ့ ရှောင်သွားတဲ့ အမှုတွေ များတယ်။ အိမ်ထောင်ရေးပြစ်မှုတွေ များတာပေါ့။ အဲ့ဒီမှာ ကျွန်တော်တို့ အဖွဲ့တွေလည်း ဥပဒေကြမ်း ရေးဆွဲတဲ့အထဲမှာ ပါတယ်လေ။ သူတို့ကလည်း ဒီ အမျိုးသမီးအခွင့်ရေးနဲ့ ပတ်သက်တဲ့ ရသင့်ရထိုက်တဲ့ဟာကို ဥပဒေမှာ ထည့်သွင်းပေးဖို့ တောင်းဆိုထားပြီးသားပါ။

Benadeth မေးမြန်းသည်။