တိုင်းရင်းသားစာပေ

မြစ်ကြီးနား၊ နိုဝင်ဘာ ၃၀

ပညာရေး ဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာ စာပေများအား သင်ကြားပေးနိုင်မည့် နေ့စားလပေး ဆရာဆရာမများရာထူး (Teaching Assistant) နှင့် တိုင်းရင်းသားဘာသာ သင်ဆရာဆရာမများ (Leaguage Teacher) ကို ခေါ်ယူနေပြီဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ နိုဝင်ဘာလ ၃၀ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။

တိုင်းရင်းသားဘာသာစာပေများကိုသင်ကြားမည့် နေ့စားလပေး ဆရာဆရာများသည် ပညာ အရည်အချင်း အနိမ့်ဆုံး ၉ တန်းအောင် ဖြစ်ရမည်ဆိုသော်လည်း၊ ပညာအရည်အချင်း ပိုမိုမြင့်မားသူ လျှောက်ထားလာပါက ဦးစားပေးရွေးချယ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာန၏ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် နေ့စားလပေး ဆရာဆရာမများသည်  မြန်မာဘာသာစကားနှင့် ပြဌာန်းထားသည့် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကို ကျွမ်းကျင်စွာ (အရေး၊ အဖတ်၊ အပြော) သင်ကြားပေးနိုင်သူ ဖြစ်ရမည့်အပြင် မူလတန်းအောက်အဆင့် KG တန်း၊ ပထမတန်း၊ ဒုတိယတန်း ကျောင်းသင်ခန်းစာပြဌာန်းချက်များကို သင်ကြားပေးနိုင်သူဖြစ်ရမည် ဟုလည်း ပါရှိသည်။

နေ့စားလပေး ဆရာ၊ ဆရာမ ရာထူးအတွက် လျှောက်ထားသူများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားဝန်ကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့မှ တာဝန် ပေးအပ်ထားသော ဝန်ကြီးတစ်ဦး၏ ထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

ထို့အပြင် လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး၊ သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ ထောက်ခံချက်များဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခြင်းခံရပါက ခန့်ထားသည့် ဒေသကျောင်းများတွင် အနည်းဆုံး ၃ နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး နေရာအပြောင်းအရွှေ့ လျှောက်ထားမှုကို လျှောက်ထားလာပါက ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း၊ ယင်းဝန်ကြီးဌာနမှ ဖော်ပြကြေညာထားသည်။

သို့ဖြစ်၍ လျှောက်ထားသူများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးများသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့အတွင်း နောက်ဆုံးထားကာ လျှောက်လွှာများကို ပေးပို့ရမည်ဟု တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနမှ သိရသည်။

သတ်မှတ်ထားသည့် ရက်များထက် ကျော်လွန်ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံ စဉ်းစားပေးမည်မဟုတ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကချင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း၊ ဧရာရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ဖုန်းနပါတ် – ၀၉၂၆၂၄၇၀၉၆၃နှင့် ၀၇၄-၂၂၆၉၆ သို့လည်းကောင်း၊ နေပြည်တော်ရှိ  တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ဖုန်းနပါတ် – ၀၆၇ – ၃၄၀၉၃၁၅ သို့ လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်သည်ဟု ထုတ်ပြန်ကြေညာထားပါသည်။

ဆိုင်း(ကချင်မြေ)