ဗိုလ်မှူးကြီး နေလင်းထွန်း

နိုဝင်ဘာ ၃၀

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး အပြောင်းအလဲကြောင့် နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ ၃ရက်ကြာ ကြားဖြတ်ကျင်းပရခြင်း ဖြစ်သည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အဲဒါကတော့ ဒီလိုပါပဲ။ လုံ/နယ်ဝန်ကြီး အပြောင်းအလဲရှိလို့ အဲဒီအတွက်ကြောင့် အထူး အစည်းအဝေး လုပ်ရတာ။ လုံ/နယ်ဝန်ကြီး ကတိသစ္စာခံယူဖို့နဲ့ ပေါင်းပြီးလုပ်လိုက်တာပါ”ဟု အထက်ပါ လွှတ်တော်ဥက္ကဋ္ဌမှ ဆက်လက်ဖြေကြားသည်။

၃ ရက်ကြာ ကျင်းပခဲ့သည့် ယင်း အထူးအစည်းဝေးတွင် တက်ရောက်လာသည့် ပြည်နယ် ကိုယ်စားပြု လွှတ်တော်အမတ်များက ကြယ်ပွင့်ပြမေးခွန်း ၃၇ ခုကို မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနမှ ဝန်ကြီးများက ပြန်လည်ဖြေဆိုပေးခဲ့သည်။

အထက်ပါ အစည်းဝေးတွင် ဆော့လော်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်အမတ်များမှ မေးခွန်း အများဆုံး မေးမြန်းခဲ့ကြပြီး ဆော့လော်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူမှ မေးခွန်း ၁၀ ခွန်း မေးမြန်းကာ ဆော့လော် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်လရှီးဇော်လွမ်းလန်းက မေးခွန်း ၇ ခုကို မေးမြန်းခဲ့ကြသည်။

ဆော့လော်လွှတ်တော်အမတ်များက သောက်သုံးရေ ရှားပါးမှုပြဿနာများ၊ တံတားအသစ်များ တည်ဆောက်ပေးရန်ရှိ/မရှိ၊ ကျောင်းဆောင်ပြုပြင်ခြင်းများ၊ သွားလာရ ခက်ခဲနေသည့် လမ်းများအား ပြုပြင်ပေးရန် ရှိ/မရှိ အစရှိသည့် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခဲ့ကြသည်။

မေးခွန်းများနှင့် ပတ်သက်ပြီးသက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနများမှ ပြန်လည်ဖြေကြားချက်များကို လွှတ်တော်အမတ်များအနေဖြင့် ကျေနပ်အားရမှုမရှိကြောင်း မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ကျေနပ်အားရမှုဆိုတာ နည်းနည်းလေးမှ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်ပုံငွေ တောင်းခံရရှိပါက ဆိုတာလည်း ၂၀၂၀-၂၁ မှတဲ့။ ပြီးတော့ နယ်/လုံဝန်ကြီးနဲ့ ဖြေရမယ့် နတလ ဘတ်ဂျတ်နဲ့ တော့ အရေးကြီးရင်ကြီးသလို ရန်ပုံငွေကနေ ဆောင်ရွက်သွားမယ်လို့တော့ မျှော်လင့်ပါတယ်။ သောက်သုံးရေ ရရှိဖို့ကတော့ ပြည်နယ်အစိုးရကို တောင်းဆိုချင်တာပေါ့နော်။ သောက်သုံးရေလေး ရရှိဖို့တောင် ပြည်ထောင်စုဘတ်ဂျတ်နဲ့ပဲ ပေးမယ်ဆိုတော့ အန်တီ မဲဆန္ဒနယ်မှာတော့ နောက်ထပ် နှစ် ၂၀ တောင် သောက်သုံးရေ မရရှိလောက်ဘူး”ဟု ဆော့လော်မြို့နယ်မဲဆန္ဒနယ်(၂) မှ ပြည်နယ်လွှတ်တော် ဒေါ်ခေါ်မာဝူက ရှင်းပြသည်။

ဆော့လော်မြို့နယ်သည် ဝေးလံခေါင်သီသည် ဒေသတစ်ခုဖြစ်ပြီး မြို့နယ်ဖွံဖြိုးရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန(နတလ)၏ အသုံးစရိတ်ဖြင့်အများဆုံး အသုံးပြုရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

“အရမ်းတော့လည်း ကျေနပ်မှုရှိဘူးပေါ့။ ဘာလို့လဲဆိုအစ်မတို့ ဆော့လော်မြို့နယ်က ဋ္ဌာနတွေက တွဲနေတယ်။ သူတို့က မလာကြဘူး။ ချီဖွေလောက်မှာပဲ နေနေကြတာ။ ဋ္ဌာနဆိုင်ရာတွေရဲ့ တွက်ချက်မှု ပါရင် ပေးမယ်လို့ပြောတယ်လေ။ ဒါပေမဲ့ ဒီနေရာတွေက ဝေးလံခေါင်ပါးတော့ ကွင်းသိပ်မဆင်းနိုင်ကြဘူး။ အဲဒီလိုအားနည်းတာပေါ့နော်”ဟု ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လရှီးဇော်လွမ်းလန်းမှ ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းများအရ ဆော့လော်မြို့နယ်တွင် လူဦးရေ ၆၅၂၂ ရှိပြီး အိမ်ထောင်စု ၁၀၇၃ စု ရှိကြောင်းလည်း သိရသည်။

စည်သူ(မြစ်ကြီးနား)