မြစ်ကြီးနား၊ ဒီဇင်ဘာ ၃

မေခမြစ်အထက်ပိုင်းရှိ မြစ်ကြီးနားမြို့နယ်၊ ခါဘာကျေးရွာတွင် စက်ယန္တရားကြီးများဖြင့် တူးဖော်နေသည့် ရွှေလုပ်ကွက်များကို နိုဝင်ဘာလ ၂၈ ရက်ကတွေ့ရှိခဲ့ရသည်။

ယင်းကျေးရွာတွင်  ဒေသခံများ တစ်နိုင်တစ်ပိုင် တူးဖော်လုပ်ကိုင်နေကြရာမှ ယခုနှစ် သြဂုတ်လပိုင်းက ဒေသခံမဟုတ်သော အမည်မသိရွှေလုပ်ငန်းရှင်များ ဝင်ရောက်လာကာ ဘက်ဟိုး ယန္တရား(၄)စီးဖြင့် လာရောက်တူးဖော်လုပ်ကိုင်နေကြောင်း သတင်းအရ မြစ်ကြီးနားသတင်း ဂျာနယ်မှ သွားရောက်ကြည့်ရှုစဉ် နိုဝင်ဘာ ၂၈ ရက်နေ့က တွေ့ခဲ့ရခြင်းဖြစ်သည်။

၎င်းစက်ကြီးများဖြင့် ရွှေတူးဖော်သူများသည် ဒေသခံအချို့၏ အခင်းများတွင် ကျူးကျော်မှုများ ရှိနေကြောင်းနှင့် ဒေသခံများက အခြေအနေအရ စိုက်ခင်းများကို ရောင်းချလိုက်ရကြောင်း အခင်းပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်ဂျာရမ်က မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

“အဘွားတို့က ဘာလို့ သူတို့ကို တူးခိုင်းရမှာလဲ။ သူတို့ ဘာသာသူတို့ ဘယ်သူ့ခွင့်ပြုချက်နဲ့ လာတူးတာလဲ မသိဘူး။ သူတို့ တူးပြီးမှ အဘွားတို့ သိရတာ”ဟု ဒေါ်ဂျာရမ်က ပြောသည်။

ထိုသို့ အခင်းနေရာကျူးကျော်၍ တူးဖော်နေခြင်းကို မသိရှိရကြောင်းနှင့် အများပြောစကားဖြင့် ကြားသိ၍ သွားရောက် ကြည့်ရှုခဲ့ရာ ၎င်း၏ အခင်းမြေနေရာပါရှိနေသဖြင့် လုပ်ငန်းရှင်များထံ ရောင်းချလိုက်ကြောင်း ဒေသခံဦးတန်ဂွန်းက ပြောသည်။

“အစကမသိဘူး။ သူများပြောမှ သွားကြည့်လိုက်တော့ ဘက်ဖောနဲ့ တူးစားနေကြပြီကော။ ဘယ်လိုကနေ ဘယ်လိုဝင်လာတာလဲ မသိဘူး။ တူးလိုက်ပြီမို့လို့ လျော်ကြေးတောင်းရင်လည်း ဟိုရက်ချိန်း ဒီရက်ချိန်းနဲ့။ နောက်ဆုံး မထူးဇာတ်ခင်းပြီး ရောင်းလိုက်ရပြီ”ဟု ဦးတန်ဂွန်းက ပြောသည်။

ယခင်က စက်ကြီးများဖြင့်မဟုတ်ဘဲ တစ်နိုင်တစ်ပိုင် တူးဖော်စဉ်ကပင် ရွှေတူးဖော်ရာ၌ အသုံးပြုသည့် ပြဒါးနှင့် ဆာယာနိုက်များကြောင့် လူနှင့်တိရစ္ဆာန်များကို ထိခိုက်ခြင်း၊ မြစ်၊ ချောင်း၊ လမ်း ပျက်စီးခြင်း၊ အဖိုးတန်သစ်ပင်များ ဆုံးရှုံးကာ ကမ်းပါးများ ပြိုကျခြင်း၊ တောရိုင်းတိရစ္ဆာန်များ သေကျေပျက်စီးခြင်း ကဲ့သို့သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ခဲ့ရသည်ဖြစ်ရာယခုကဲ့သို့ စက်ကြီးများဖြင့် တူးဖော်ပါက ထိခိုက်နှစ်နာမှုများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု KDNG အတွင်းရေးမှူး ဦးစားဂျီက သုံးသပ်ပြောကြားသည်။

“အရင်က စက်ထောင်နဲ့ပဲ တူးစားတာတောင် အူဗျစ်၊ အာလမ်၊ စီတာပူတစ်ဝိုက်က မြစ်ကမ်းပါးတွေ ပြိုသွားတယ်။ အဲ့ဒါက ရွှေတူးတာရဲ့ တိုက်ရိုက် အကျိုးသက်ရောက်မှုတွေပေါ့။ စက်ကြီးနဲ့ဆိုရင်တော့ နောက်လာမယ့်အချိန်တွေမှာ ကိုယ့်နေရာ ဒေသလှပသာယာမှုကို ဖျက်ဆီးသလိုဖြစ်လာနိုင်တယ်”ဟု ဦးစားဂျီက ပြောသည်။

မိမိ ကိုယ်ကျိုးကြည့်ပြီး ရွှေတူးဖော်မှုများကို ဆက်လက်လုပ်ဆောင်ပါက လူအများ မှီတင်းနေထိုင်နေသော ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးရာရောက်နိုင်သည့်အတွက် ဝိသမစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အများပြည်သူအကျိုးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟုလည်း ဦးစားဂျီကပြောသည်။

“ဘယ်အစိုးရပဲ ဖြစ်ဖြစ်၊ ဘယ် လက်နက်ကိုင် အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် လူအများ မှီတင်းနေထိုင်နေတဲ့ အရင်ကကမ္ဘာမှာ အသန့်ဆုံးစာရင်းဝင်ခဲ့တဲ့ မြစ်ချောင်းကို ဒီနေ့ ဖျက်လိုဖျက်ဆီး လုပ်တာကတော့ မကောင်းဘူး။ မေခ၊ မလိခ ပေါင်းဆုံတဲ့ ဧရာဝတီမြစ်က အရမ်းအရေးပါတယ်”ဟု ဦးစားဂျီက ပြောသည်။

မြစ်ဆုံအထက်ပိုင်း မဇွပ်၊ ခါဘာကျေးရွာရှိ ဒေသခံများသည် မြစ်ဆုံစီမံကိန်းကြောင့် လက်ရှိချိန်တွင် အောင်မြင်သာစံပြကျေးရွာ၌ ပြောင်းရွှေ့နေထိုင်နေကြရပြီး ဒေသခံအချို့မှာ မူလနေရာဖြစ်သော ခါဘာကျေးရွာတွင် စိုက်ခင်းများ ပြန်လည် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဒေသခံများက မြစ်ဆုံအထက် မေခမြစ်ဘက်ခြမ်းတွင် ၂၀၀၃၊ ၂၀၀၄ခုနှစ်ခန့်မှ စပြီး တစ်နိုင်တစ်ပိုင်တူးဖော် လုပ်ကိုင်ခဲ့ကြရာ၊ ထိုစဉ်က စက်ကြီးများဖြင့် လာရောက်တူးဖော်မှုရှိခဲ့သော်လည်း ကာလအတန်ကြာ ရပ်ဆိုင်းထားခဲ့ရာမှ ယခုနှစ် သြဂုတ်လခန့်တွင် ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မျိုးမြတ်မြတ်ပန်