မောင်တူးမိုင်

Tu Mai

ပထမဦးဆုံး ကျွန်တော်တို့ မြန်မာနိုင်ငံအခြေအနေနဲ့ နှိုင်းယှဉ်ပြီးပြောချင်တယ်။ ဒီ မြန်မာ နိုင်ငံမှာကျတော့ ၁၈ နှစ် အောက်ဆိုရင် အများအားဖြင့် ကျောင်းမပြီးသေးတဲ့ အရွယ်ပေါ့နော်။ တချို့ ဆိုလို့ရှိရင် ဆယ်တန်းအောင်ပြီးခါစ တက္ကသိုလ်တက်မယ်။ ပြောရမယ်ဆိုရင် ကျောင်းသားဘဝပဲ ရှိသေးတောပေါ့။ အဲ့ဒီကျတော့ ပညာလည်း မပြီးသေးတဲ့အခါကျတော့ သူတို့အနေနဲ့က ဆန္ဒရှိလို့ ယောကျ်ား၊ မိန်းမ ယူကြတယ်ဆိုပေမယ့် မိသားစုတစ်ခုတည်ဆောက်ဖို့ ဆိုလို့ရှိရင် သူတို့ဆီမှာ ခွန်အား မရှိသေးဘူူး။ ဦးမဆောင်နိုင်သေးဘူး။ ဘာလို့ဆို ဒီမြန်မာနိုင်ငံရဲ့ စံနှုန်းအရဆိုရင် လူငယ်က ၁၈ မပြောနဲ့ ၂၀ တောင်မှ အလုပ်လက်မဲ့တွေက အများကြီးရှိသေးတယ်။ အဲဒီအခါကျတော့ ဒီအလုပ်လက်မဲ့တွေကို ဖွင့်ပေးလိုက်မယ်ဆိုရင် ရတော့ရတာပေါ့။ ဒါပေမဲ့ သူတို့အနေနဲ့ဆိုရင် အိမ်ထောင်ရေးကို ကောင်းကောင်း ဦးဆောင်နိုင်မှာ မဟုတ်တဲ့ အခါကျတော့ အဲ့ဒါလည်း တစ်ချက် စိုးရိမ်ရတယ်။ ပြီးတော့ ၁၈ နှစ် ကျော်ကျော်လေးတွေဆိုလည်း စိတ်ကစားတာလည်း ဖြစ်နိုင်တယ်။ သူတို့ကို ဒီတိုင်း အိမ်ထောင်ပြုခွင့် ပေးလိုက်တယ် ဆိုလို့ရှိရင် တရားဝင်လက်ထပ်ခွင့် ပေးလိုက်တယ်ဆိုရင်…ဥပမာသူတို့က ယူကြပြီ နောက် ၂၀ ပဲဖြစ်ဖြစ် ၂၅၊ ၂၆ စသဖြင့် အဲ့ဒီလို အသက်အရွယ်မှာ သူတို့ တကယ်ကြိုက်နှစ်သက်တဲ့ တစ်ယောက် ယောက်များ ထပ်ပေါ်လာလို့ရှိရင် သူတို့က အသက်ငယ်သေးတဲ့အခါကျတော့ စိတ်ကပြောင်းသေးတဲ့ အချိန်ရှိသေးတဲ့ အခါကျတော့ သူတို့ကို တရားဝင်လက်ထပ်ခွင့် ပြုလိုက်တာက ကျွန်တော့်အမြင်အရ အိမ်ထောင်ရေးကို မတည်မငြိမ် ဖြစ်စေတယ်ဆိုတဲ့အပိုင်း တွေ့တယ်။ ပြီးရင် နောက်တစ်ချက်က နိုင်ငံတကာနဲ့ယှဉ်မယ်ဆိုရင် ပေးသင့်တယ်။ သူတို့က အိမ်ထောင်ပြုတာ၊ မပြုတာအပထား ချစ်လို့၊ ကြိုက်လို့ တကယ်ယူတဲ့ အခါကျတော့ သူတို့ကို မယူနဲ့လို့တားလို့မရဘူး။ အဲ့အခါကျတော့ လူ့အခွင့်အရးအရဆိုရင်တော့ ပေးသင့်တာ မှန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင် ဒါက တော်တော်ခက်တယ်။ အိမ်ထောင်ရေးအခြေအနေကလည်း မတည်မငြိမ်အရမ်းရှိလာနိုင်တယ်။ ပြီးရင် စီးပွားရေးမှာလည်း သူတို့က ဦးဆောင်ပြီးလုပ်နိုင်တယ်ဆိုတာက နှုန်းထားအရမ်းနည်းတယ်။ ကျန်းမာရေးပိုင်းရော၊ ပညာရေး ပိုင်းရော၊ စီးပွားရေးပိုင်းရော အားလုံးခြုံပြီးပြောရမယ်ဆိုရင် ၁၈ နှစ်အောက်တွေကို လက်ထပ်ခွင့် ပေးလိုက်တာက နိုင်ငံတကာအနေနဲ့ ပေးသင့်တာမှန်ပေမယ့် မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော့်ရဲ့ အမြင်က အိမ်ထောင်ရေးကို ပိုပြီးမှ မတည်မငြိမ်ဖြစ်စေတယ်လို့ မြင်ပါတယ်။ ပြီးတော့ သုသေတန ပြုချက်အရပေါ့နော် အခု ၁၈ နှစ်အောက် မြန်မာနိုင်ငံမှာ လက်ထပ်မှုဖြစ်ပွားနေတာက ၁၆ရာခိုင်နှုန်းပဲ ရှိတယ်။  အဲ့ဒီ ၁၆ ရာခိုင်နှုန်းကိုပဲ ကြည့်ပြီးမှ လုပ်မယ်ဆိုရင်လည်း မကောင်းတဲ့ဘက်ကို ပိုပြီးမှ ဖြစ်စေတယ်ပေါ့။ ခုနကပြောသလို အိမ်ထောင်ရေးမတည်ငြိမ်မှုတွေ ဖြစ်လာတာပေါ့။

ဒေါ်  G ထွယ်ဆိုင်းမိုင်
ဒေသဆိုင်ရာညှိနှိုင်းရေးမှူး (Equality Myanmar – Regional Coordinator)

၁၈နှစ်ပြည့်မှ လက်ထပ်ထိမ်းမြားခွင့်ရမယ်လို့ ဥပဒေမှာ ဖော်ပြထားတယ်ပေါ့နော်၊ အဲ့ဒါကို ပြင်ဆင်လိုက်တဲ့ အချိန်မှာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းများတွင်သတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်ဆိုပြီး ပြန်ပြင်ဆင်လိုက်တယ်ပေါ့နော်။ ဆိုတော့ ၁၈နှစ်အောက်ကလေးတွေက ထိမ်းမြားလို့ ရတယ်ဆိုတဲ့ ဥပဒေဘောင်ရောက်သွားတယ်ပေါ့နော်။ အဲ့အခါကျတော့ ကျွန်မတို့က ကလေးသူငယ်ဆိုတဲ့ ကိစ္စရပ်ကို အထူးပြုပြီး ထိန်းထားဖို့လိုအပ်တယ်။ ၁၈နှစ်အောက် တွေက ကလေးဖြစ်တယ်ဆိုပြီး အစက ဥပဒေထဲမှာ ဖော်ပြထားပြီးသား၊ ရှိပြီးသားပေါ့နော်။ အဲ့အခါမှာ ၁၈နှစ်အောက် တွေကို လက်ထပ် ထိမ်းမြားခွင့် ပြုတယ်ဆိုပြီးတော့ပဲ ဒီဟာက ဖြစ်သွားပြီးတော့ ဓလေ့ထုံးတမ်းဥပဒေဆိုပြီ ပြောထားတာကို။  ဓလေ့ထုံးတမ်းဥပဒေအရ အားနည်းချက်တွေ အများကြီးရှိတယ်။ ဓလေ့ထုံးတမ်းဥပဒေဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံက လူမျိုးပေါင်းစုံရှိတယ်။ ဓလေ့ထုံးတမ်းတွေ အများကြီးရှိတယ်။ အများစုက ခိုင်ခိုင်မာမာ ရေးဆွဲတဲ့ ဥပဒေတွေကလည်း နည်းနေသေးတယ်။ ဆိုတော့ ကလေးသူငယ်တွေကို အကာအကွယ် မပေးတဲ့ ဓလေ့ထုံးတမ်းဥပဒေတွေက များတယ်။ ကျွန်မတို့ရဲ့ အဓိကဖြစ်တဲ့ ဒီမြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေက ကလေးသူငယ်တွေကို အထူးကာကွယ်ပေးဖို့ လိုတယ်။ အခုဒီ ပြန်လည်ပြင်ဆင်လိုက်တဲ့ နေရာမှာက ဓလေ့ထုံးတမ်းဥပဒေတွေကိုပေါ့နော် သွားပြီးအသားပေးလိုက်တဲ့ အခါမှာ ကလေးသူငယ် တွေကို ကာကွယ်ပေးရမယ့်အစား၊ ထိခိုက်ဆုံးရှုံးမှုကို လမ်းဖွင့်ပေးသလို ဖြစ်သွားတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်မကတော့ ဒီဟာကို လွှတ်တော်ကနေပြန်လည် ပြင်ဆင်စဉ်းစားပေးဖို့ အတွက်ကတော့ လိုအပ်တယ်လို့ ကျွန်မကတော့ အကြံပေးချင်တာပေါ့။ ပညာရေး၊ ကျန်းမာရေးအရ အသက်မပြည့်သေးတဲ့ ကလေး တစ်ယောက်က ကိုယ်ဝန်ဆောင်တယ်၊ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်သွားပြီဆိုရင် တာဝန်ကများလာပြီ ပေါ့နော်။ ကိုယ့်ရဲ့ သားသမီးကို ကိုယ်ကိုယ်တိုင် မရင့်ကျက်သေးတဲ့၊ မပြည့်စုံသေးတဲ့ သူက ကိုယ့်ရဲ့ မွေးလာမယ့် သားသမီးရဲ့ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှုကို ဘယ်လို တာဝန်ယူနိုင်မှာလဲ ပေါ့နော်။ အဲ့ဒီမှာတင် စပြီးတော့ ကျွန်မတို့ စဉ်းစားစရာတွေ အများကြီးဖြစ်လာပြီ။ နောက်တစ်ချက်က မုဒိမ်းကျင့်တဲ့ ကိစ္စတွေပေါ့နော် ကလေးသူငယ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ အများကြီးဖြစ်ပေါ်စေနိုင်တယ်ပေါ့။ ကျန်းမာရေးအရဆိုရင် စိတ်ခံစားမှုကလည်း အရေးကြီးတယ်ပေါ့နော်။ ပြင်ပဒဏ်ရာ၊ အပြင်ကလူတွေကြည့်လို့ရှိရင်တော့ မြင်မှာမဟုတ်ဘူး။ ဒီ ၁၈နှစ်အောက်အမျိုးသမီး/သား ဖြစ်ဖြစ် အထူးသဖြင့် အမျိုးသမီးပေါ့နော် အိမ်ထောင်တွင်းမှာ ဘယ်သူမှ မသိဘဲနဲ့ မသိမသာ နှိပ်စက်ခံနေရတာကို ဘယ်သူတွေကရော ဖော်ထုတ်ပေးနိုင်မှာလဲပေါ့နော်။ ဆိုတော့ ကျန်းမာရေးအရ၊ စိတ်ပိုင်းဆိုင်ရာအရ ပိုပြီးထိလွယ်ရှလွယ်ဖြစ်သွားမယ်။ ပညာရေးအရဆိုရင်လည်း ကျောင်းတက်မယ့် အခွင့်အလမ်း အရမ်းနည်းသွားမယ်။ စီးပွားရေးအရဆိုရင် ပိုတောင်ဆိုးသေးတယ်…။ စီးပွားရှာဖို့ မပြောနဲ့ ပညာရေးတောင် အကုန်မပြီးသေးဘူး။ အဘက်ဘက်ကနေပြီးတော့ အားနည်းလာမယ် လို့ မြင်မိပါတယ်။

မောင်လိုင်ဇင်ထွန်း(အသက်-၁၈နှစ်)
အင်္ဂလိပ်စာ-ပထမနှစ် ဂုဏ်ထူးတန်း

ကျွန်တော့်အနေနဲ့ ဒီမြန်မာနိုင်ငံမှာ အသက်၁၈နှစ်အောက်ကို လက်ထပ်ထိမ်းမြားခွင့်ပေးတာကို တားမြစ်ချင်ပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တယ်။ ပညာတတ် လူတန်းစားတွေ အများကြီးလိုသေးတယ်။ ဒီ ၁၈ နှစ်ဆိုတဲ့ အသက်အရွယ်က ကျွန်တော်တို့အတွက် ပညာရေးကို သင်ယူဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဒီလက်ထပ်တာတွေကို ဦးစားပေးနေမယ်ဆိုရင် ဒီကျွန်တော်တို့ နိုင်ငံဖွံ့ဖြိုးမှုအတွက် အရမ်းကို နောက်ကျသွားမယ်လို့ထင်ပါတယ်။

ဒေါက်တာ ခေါင်နော

ဆရာမကတော့ ကျန်းမာရေးအရဆိုရင်တော့ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်အိမ်ထောင်ပြုဖို့ အကောင်းဆုံး အသက်အရွယ်ကို  တစ်ကမ္ဘာလုံးသတ်မှတ်ထားတာကတော့ ၂၆ နှစ် ဆိုပြီး မှတ်သား ဖူးတယ်။ ကိုယ်ခန္ဓာကိုယ်အပိုင်း၊  အသိဉာဏ်ပညာပိုင်းအားလုံး အဆင်သင့် ဖြစ်တယ်ပေါ့။ အိမ်ထောင် ပြုလို့ ကလေးမွေးတဲ့အပိုင်းမှာတော့ ၂၀ကျော်မှပဲ သင့်တော်ပါတယ်။ ကိုယ်တိုင် စောင့်ရှောက်ရမယ့်အပိုင်း ရှိသလို မွေးလာမယ့် ကလေးကို စောင့်ရှောက်ရမယ်။ အာဟာရဖြည့်တင်းရမယ့် အပိုင်းတွေရှိမယ်။ မိခင်အနေနဲ့ကော အိမ်ထောင်ရှင်အမျိုးသမီးအနေနဲ့သိသင့်တဲ့ အချက်(ဆောင်ရန်/ရှောင်ရန်)တွေကို လုံလောက်စွာ မသိခဲ့ရင် ကိုယ်တိုင်ကော ကလေးအတွက်ပါ စိတ်ချလုံခြုံမှုရာနှုန်း နည်းမှာဖြစ်ပါတယ်။ Next Generation အနေနဲ့   ကလေးက ကလေးကို ပြုစုရသလိုဖြစ်နေမှာပေါ့။   သူကိုယ်တိုင်ရော စောင့်ရှောက်ဖို့လိုသလို ကလေးကိုလည်း စောင့်ရှောက်ပေးရတော့မယ်။

အဲဒီအခါကျတော့ ရာနှုန်းပြည့်တော့ စောင့်ရှောက်နိုင်မှာမဟုတ်ဘူးလေ။ ဆိုးကျိုးတွေက အဲ့ဒါတွေရှိမယ်။ အတွေ့အကြုံရှိတဲ့ မိသားစု ပတ်ဝန်းကျင်ကနေ အများကြီး ကူညီပံ့ပိုးမှုလိုပါတယ်။  ပြီးရင် ဆရာမရဲ့ အမြင်အားဖြင့်တော့ အိမ်ထောင်ပြုတယ်ဆိုတာကို ဥပဒေပြဋ္ဌာန်းမှုဆိုတဲ့ အချက်ထက် အိမ်ထောင်ပြုမယ် ဆိုရင် ကိုယ်ကိုယ်တိုင်သေသေချာချာ ဆုံးဖြတ်ပြီး ဘယ်သူ့ရဲ့လွှမ်းမိုးမှုမှ မပါဘဲ ရွေးချယ်မယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ မြင်မိပါတယ်။ ပြီးရင် ၁၈ နှစ်အောက်လည်း ဟုတ်တယ်။ ဒါပေမဲ့ အရမ်းကို ဉာဏ်ပညာပြည့်ဝပြီး၊ အတွေ့အကြုံရှိတဲ့သူ၊ ဘေးကနေ အရမ်းပံ့ပိုးတယ်၊ မိသားစုကလည်း သဘောတူကြည်ဖြူတယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ။ အိမ်ထောင်ပြုတယ်ဆိုတာ လွယ်လွယ်နဲ့ပြုလို့ မရဘူးလေ။ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ဖြစ်ပြီးမှပဲ ပြုတာက အကောင်းဆုံးလို့ ဆရာမကတော့မြင်တာပဲ။

ဒေါ်ခေါ်မာဝူ
ဆော့လော်လွှတ်တော်ကိုယ်စားလှယ်

လက်ထပ်ခွင့်ပြုလိုက်တာကတော့ လုံးဝသဘောမကျဘူးပေါ့နော်။ လုံးဝမဖြစ်သင့်သေးဘူးလို့တော့ ထင်တာပဲ။ ဘာလို့ဆို ကျွန်မတို့ နိုင်ငံဖွံ့ဖြိုးမှုကလည်း အရမ်းနည်းသေးတယ်ပေါ့နော်။ အမျိုးမျိုးပေါ့။ အဲ့ဒါကြောင့် ၁၈နှစ်အောက်ကို လက်ထပ်ခွင့်မပြုသင့်တဲ့အကြောင်းကို ပြောချင်တာပေါ့။ လူမှုရေးအရရော၊ ဘာသာရေးအရရော၊ ပြီးတော့ ပညာရေးအရရော ဒီ ၁၈ နှစ် အောက်ကို လက်ထပ်ခွင့်ပေးလိုက်မယ်ဆိုရင် ကျွန်မတို့နိုင်ငံက အရမ်းကြီး ပိုပြီးတော့ အခက်အခဲများစွာ ပြန်ပြီးတော့ ကြုံတွေ့ရနိုင်တယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆို ကျွန်မတို့နိုင်ငံက အထူးသဖြင့် ပညာရေးက တောင်ပေါ်ဒေသများတယ်။ တောင်ပေါ် ဒေသတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခု ဖြစ်နေတယ် လောလောဆယ်မှာ။ အဲ့ဒါကြောင့် တောင်ပေါ်ဒေသတွေမှာ များသောအားဖြင့် ၇ နှစ်နေမှ ကျောင်းနေရတယ်။ အဲ့ဒီတော့ ၁၇-၁၈လောက်မှ ဆယ်တန်းအောင်တာများတာကို။ အဲဒီအခါကျတော့ ၁၈ နှစ်အောက်ကို လက်ထပ်ခွင့်ပြုလိုက်မယ်ဆိုရင် ပညာရေးမှာလည်း တော်တော်လေး ထိခိုက်နိုင်ပါတယ်။ ပြီးတော့ စီးပွားရေးအရပြောမယ်ဆိုရင်လည်း ၁၈နှစ်အောက်မှာ ဘာစီးပွားရေးမှလည်း မလုပ်တတ်သေးတာ။ မိဘရဲ့ မှီခိုမှုအောက်မှာပဲ ရှိသေးတာဖြစ်တဲ့ အတွက် မဖြစ်သင့်သေးဘူးလို့ မြင်တယ်။ လူမှုရေးအရဆိုရင်လည်း သူဘာမှမလုပ်သေးဘူး၊ နားမလည် သေးဘူး။ အဲ့ဒါကြောင့် လုံးဝကို ခွင့်မပြုသင့်သေးဘူးလို့ထင်တာပေါ့။

Benadeth မေးမြန်းသည်။