Pang wa

ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၀၀၀ နှင့် အထက်ရှိသော ကချင်ပြည်နယ် အရှေ့ပိုင်းက တောင်ကုန်း၊ တောင်တန်းများရှိရာဒေသသို့ အလည်တစ်ခေါက် ရောက်ခဲ့သည်။ အလည်တစ်ခေါက် ဆိုသည်ထက် ဒေသအခြေအနေသိရန် အလည်သက်သက် သွားရောက်ခဲ့ခြင်းဆိုလျှင် ပို၍မှန်ပါလိမ့်မည်။ ဝိုင်းမော်မြို့မှတစ်ဆင့် မေခမြစ်ရိုးအတိုင်း အထက်ဘက်ကို ဆန်တက်သွားရသည့် ထိုလမ်းခရီးက အကွေ့အကောက်၊ အတက်အဆင်း အမြောက်အမြားနှင့် လမ်းက ဆိုးလွန်းလှသည်။ နိုင်ငံတော်အကြီးအကဲများ အရောက်အပေါက်မရှိသည့် ဒေသတစ်ခုမှန်း သိသာလှသည်။ ဆိုင်ကယ်ဖြင့် သုံးလေးနာရီကျော်ခန့်သွားပြီး ပထမဆုံးတွေ့ရသည့်မြို့က ချီဖွေမြို့ဖြစ်သည်။ လူဦးရေတစ်သောင်းကျော်နေထိုင်သည့် ချီဖွေမြို့လေးက တောင်ကုန်း တောင်စောင်းပေါ်တွင် တည်ရှိသည့် အစိုးရရုံးစိုက်ရာ မြို့လေးတစ်မြို့ ဖြစ်သည်။

ချီဖွေမြို့တွင် တအောင့်တခရား နားလိုက်သည်။ မြို့လယ် ကွန်ကရစ်လမ်းမပေါ်တွင် အသားဖြူဖြူ၊ ပါးအို့နီနီ လှပျိုဖြူလေးများ၊ လီဆူဘီးဟု လူသိများသည့် အနီရောင်ဆိုင်ကယ်ကြီးများကို စီးသည့် တိုင်းရင်းသားကြီးများ ရှိသည်။ ထိုမြို့လေးတွင် တရုတ်ငွေ အသုံးပြုနိုင်သလို မြန်မာကျပ်ငွေကိုလည်း သုံးနိုင်သည်။

ခက်ခဲကြမ်းတမ်း ခရီးလမ်း
ချီဖွေတွင် ခရီးတစ်ထောက်နားပြီး နောက်ထပ် လေးနာရီခန့် ဆိုင်ကယ် ဆက်လက် မောင်းလိုက်လျှင် Frozen City (ရေခဲရိုက်မြို့တော်)ဟု တင်စားခေါ်ဝေါ်ကြသည့် တရုတ်ပြည် နယ်စပ်က ပန်ဝါမြို့လေးကို ရောက်တော့မည်ဟု သိရသဖြင့် စိတ်က ရောက်ချင်စိတ်စောနေမိသည်။ ပန်ဝါမြို့လေးသည် ဆောင်းရာသီရောက်လျှင် တစ်မြို့လုံး ရေခဲ၊ နှင်းခဲများ ဖုံးလွှမ်းနေတတ်သည့် မြို့ငယ်လေးဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် တွေ့ဖူး၊ ကြားဖူးသဖြင့် ရောက်ချင်စိတ်စောနေမိခြင်းဖြစ်သည်။


ချီဖွေ-ပန်ဝါ လမ်းက တောင်ကမ်းပါးယံများကို မြွေလိမ်မြွေကောက် ဖောက်လုပ်ထားသည်။ ကားကြီးများ ဖြတ်သန်းသွားလာသည့်လမ်း ဖြစ်သည့်အတွက် လမ်းက သိပ်မကောင်းလှ။ တောင်ကမ်းပါးယံများ ပြိုကျနေသည်များ၊ ကျင်းချိုင့်များ ဖြစ်နေသည့် နေရာများက အန္တရာယ် များလှသည်။ ထိုဒေသတွင် လုပ်ကိုင်နေသည့် သတ္တုတူးဖော်ရေးလုပ်ငန်းမှ ကားကြီးများ၏ တနင့်တပိုး သယ်ဆောင်သွားလာမှုများကြောင့် လမ်းက ရုပ်ပျက်ဆင်းပျက် ပျက်စီးနေရခြင်း ဖြစ်မည်။

ပန်ဝါမြို့

ပန္၀ါၿမိဳ႔မွတရုတ္ႏိုင္ငံသို႔အ၀င္နယ္စပ္ဂိတ္ပန်ဝါမြို့မှတရုတ်နိုင်ငံသို့အဝင်နယ်စပ်ဂိတ်
ရောက်ချင်စိတ် စောနေသည့် ပန်ဝါမြို့လေးကို ရောက်ပါပြီ။ GOOGLE Map ပေါ်တွင် ကြည့်လျှင် Pang War အမည်ဖြင့် နယ်စပ်လိုင်းပေါ်တွင် ထိုမြို့လေးကို တွေ့နိုင်ပါသည်။ မြို့လေးကို ရောက်ရောက်ချင်း ပထမဆုံးနှုတ်က ငြီးတွားမိလိုက်သည့် “အောင်မလေး… လမ်းကလည်း ဆိုးလိုက်တာ” ဆိုသည့် စကားကို ကြားလိုက်သည့် ဒေသခံဒေါ်လုနန်က “သတ္တုကားကြီးတွေ အရမ်း ဖြတ်ထားတဲ့လမ်း ဆိုတော့ မိုးတွင်းဆို လမ်းက ပိုဆိုးတယ်။ မြေပြိုတာမျိုးတွေနဲ့ ကားပျက်တာမျိုးတွေရှိတယ်။ တစ်ခါတလေဆို လမ်းမှာအိပ်ရတဲ့အချိန်တောင်ရှိတယ်။ အခုခြောက်သွေ့ရာသီ ဖြစ်ရင်တော့ သွားလို့တော့ရတယ်။ ဒါပေမဲ့ ကားကြီးတွေ သွားထားတော့ ကားငယ်တွေက သွားရတာခက်တယ်။ ကား အကြီးသွားထားတဲ့ဘီးရာက နက်ပြီးအလည်က ဖောင်းကြွနေတော့ ကားအသေးတွေက သွားရခက်တယ်” ဟု ပြောသည်။

ယခု သွားလာနေသည့်လမ်းသည် ယခင်က ကချင်အထူးဒေသ(၁)ခေါ် New Democracy Army – Kachin (NDA-K) တို့ ဦးစီးဖောက်လုပ်ထားသည့်လမ်း ဖြစ်ကြောင်းသိရပြီး ပြုပြင်သူမရှိသဖြင့် ဆိုးသည်ထက် ပိုပိုဆိုးနေခြင်းဖြစ်သည်ဟုဆိုသည်။ ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ဖို့ လမ်းတံတားများကို ပြုပြင်ပေးရန် ပြည်သူများနှင့် ကချင်အထူးဒေသ(၁) ဖွံ့ဖြိုးအုပ်ချုပ်ရေးကော်မတီက တောင့်တကြသည်။

အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ရေး ကူညီပံ့ပိုးမှု အားနည်း၍ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆောင်ရွက်ရန်ကြိုးစားသော်လည်း ရန်ပုံငွေအခက်အခဲနှင့် ရင်ဆိုင်နေရပြန်သည်ဟု ဒေသအခက်အခဲများကို ပြောသည်။

“အစိုးရကို လွှဲပြောင်းပေးပြီး နောက်မှာတော့ သူတို့ကဖွံ့ဖြိုးရေးကို မလုပ်ပေးတော့ ကိုယ့်ဘာသာလုပ်မယ် ဆိုပြန်တော့လည်း သူတို့ခွင့်ပြုချက်က ယူရပြန်ဆိုတော့ ရန်ပုံငွေမရှိဘူး။ မရှိလို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မလုပ်ဘူးဆိုပြန်တော့လည်း နှစ်စဉ်နှင့်အမျှ ပျက်စီးလာတဲ့ လမ်း၊ တံတား၊ ကျောင်းတွေ၊ ကျန်းမာရေးတွေက မလုပ်ရင် မရပြန်ဘူးဆိုတော့ မရရတဲ့နည်းနဲ့ တစ်နည်းနည်းနဲ့ ဒီနေ့အထိလုပ်နေရတာပါ”ဟု ဦးဝမ်ထယ်ဘရန်အောင်က ပြောသည်။

ထိုသို့ လမ်းများပျက်စီးခြင်းက တစ်နယ်လုံးမှ ပြည်သူများ၏ ဘဝများကို ရိုက်ခတ်နေသည်။ လမ်းမကောင်းခြင်းက ပြည်ပနိုင်ငံကို အလုပ်အကျွေးပြုသလို ဖြစ်နေရသည်။ ခရီးမိုင်အားဖြင့် မြစ်ကြီးနားနှင့် မိုင် ၁၀၀ ဝန်းကျင်သာ ကွာဝေးသည့် ထိုဒေသရှိ ပြည်သူများက အိမ်အတွက် လိုအပ်သည့် အဓိကစားသုံးကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများကို တရုတ်ပြည်မှ တန်ဖိုးနှစ်ဆ၊ သုံးဆပေးကာ ဝယ်ယူအသုံးပြုနေရသည်။ သို့သော် ဒေသခံအားလုံး တရုတ်ပစ္စည်းကို အားကိုးကြသည်တော့ မဟုတ်။ မဝယ်မဖြစ်သည့် စားသောက်ကုန်များကိုသာ ဝယ်ပြီး အခြားလူသုံးကုန်များကို မြစ်ကြီးနားမှ မှာယူသူများလည်း ရှိသည်။

ပန်ဝါဒေသပေါက်ဈေးက မြစ်ကြီးနားထက် နှစ်ဆပေးကြရသည်။ မရှိမဖြစ်စားသုံးကုန် ဆန်ကိုမူ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ အတိုင်းအတာဖြင့် သယ်ဆောင်ခွင့် ကန့်သတ်ထားသည်။ မြန်မာနိုင်ငံမှဆန်နှင့် တရုတ်နိုင်ငံမှဆန်ကို သယ်ယူရာတွင် စစ်ဆေးရေးဂိတ်များ မမြင်အောင် သိုဝှက်သယ်ဆောင်ရသည့်အခါများလည်း ရှိသည်ဟုသိရသည်။

“ဝှက်ပြီး သယ်တာဆိုတော့ အများကြီးသယ်ခွင့်မရှိဘူး။ အလွန်ဆုံးမှ ငါးအိတ်က အများဆုံးပဲ။ မြန်မာဆန်ဆိုရင် နှစ်အိတ်လောက်ပဲ သယ်နိုင်တယ်။ ဒါကြောင့် ဒီမှာက ဆန်အရမ်းဈေးကြီးတယ်”ဟု ဒေသခံ ဈေးသည်တစ်ဦးက ပြောသည်။
ထိုသို့ သိုဝှက်သယ်ဆောင်ရသည်မှာလည်း လွယ်ကူသည့်အလုပ်တော့မဟုတ်ပါ။ ဆယ်ခုထက် မနည်းသော စုပေါင်း ဂိတ်များ မမြင်အောင် သယ်ယူဖို့ဆိုသည်က ကားသမားများ၏ ပါးနပ်မှုက အရေးကြီးသည်။ ရှာဖွေသူများ မမြင်မတွေ့အောင် တစ်ဂိတ်လျှင် ယွမ် ၂၀၊ ၃၀ ဖြင့် မျက်လုံးများကို ပိတ်ကာကြရသည်။ ထို မမြင်ချင်ဟန်ဆောင်ကြေးက ပန်ဝါထိဆိုလျှင် စုစုပေါင်း ယွမ် ၁၀၀ ဝန်းကျင်ခန့် ကုန်ကျသည်။ ထိုကုန်ကျစရိတ်ကို ကုန်သည်က အရင်းအနှီးထဲ ထည့်ပေါင်းလိုက်တော့ ထိုဒဏ်ကို စားသုံးသူများသာ ခံစားကြရတော့သည်။

ရှစ်ပြည်ခန့်ပါသည့် တရုတ်ဆန်အိတ် တစ်အိတ်လျှင် ယွမ် ၅၀ မှ ၁၀၀ ကျော်(ကျပ် ၁၀၀၀၀ ကျော်မှ ၃၀၀၀၀ ကျော်) အထိ ပေါက်ဈေးရှိပြီး မြန်မာဆန် တစ်တင်းခွဲဝင်အိတ် တစ်အိတ်လျှင် ယွမ် ၂၀၀ ကျော် (ကျပ် ၅၀၀၀၀ ကျော်)အထိ ရှိကြောင်း သိရသည်။

အများအားဖြင့် မြန်မာပြည်ဘက်သို့လာသည့် လမ်းမကောင်းသဖြင့် တရုတ်ပြည်ဘက်မှ တင်သွင်းရသည်က များသည်ဟုလည်း သိရသည်။ ကိုယ်ပိုင်ကားများဖြင့် သယ်ယူမည်ဆိုပါကလည်း ကုန်ပစ္စည်းဖြတ်သန်းခွင့်၊ နယ်ကျော်ခွင့်၊ ယာဉ်အာမခံကြေး ဟူသည့် အထောက်အထားများစွာ ပေးဆောင်ကာ တင်ပို့ရကြောင်းဈေးသည်များထံမှသိရသည်။

“တရုတ်တွေကိုဆို များများတင်ခိုင်းတယ်။ ပြီးတော့ အဲဒီလိုလုပ်ရင်တောင်မှ တရုတ်ငွေ ၄ ထောင်ဖိုးအထိ ပဲတင်ခွင့် ရှိတယ်။ အဲ့ဒီထက်များရင် မြန်မာနိုင်ငံသားတွေ သယ်မယ်ဆိုရင် ဂိတ်မှာမကျော်ခိုင်းဘူး။ ဒါကြောင့် သူတို့လူနဲ့ သူတို့ကားနဲ့ပဲ မှာရတယ်။ ဒါကြောင့်ကားခက ပိုပေးရတယ်”ဟု ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုဒေသအတွက် လမ်းပန်းဆက်သွယ်ရေးက အဓိက ကျလှသည်။ လက်ရှိအစိုးရအနေဖြင့်လည်း နှစ်အလိုက် ဘတ်ဂျက်များ ရေးဆွဲကာ ကချင်ပြည်နယ် ဒေသအသီးသီးမှ လမ်းများ ကောင်းမွန်ရန်(သို့) ရာသီမရွေး သွားလာနိုင်ရန် ဆောင်ရွက်နေမှုများ အတန်အသင့်ရှိပါသည်။

ဒေသတစ်ခု ခေါင်းပါးခြင်း၏ဒဏ်က မီးဖိုချောင်များကိုသာ ထိခိုက်သည်မဟုတ်၊ အိပ်ယာများ၊ စာသင်ခန်းများ အထိ ဝင်ရောက်တတ်ပြန်သည်။ တရုတ်ပြည်ပြေး ကျန်းမာရေးဒေသရှိ အစိုးရဆေးရုံကို သွားရောက်ဆေးကုသမှု ခံယူပါက တစ်ခါတရံ ဆေးပေးမည့်သူမရှိခြင်း၊ ဆေးမစုံခြင်း၊ လူနာစမ်းသပ် ကိရိယာမစုံခြင်းများကြုံတွေ့ရသည့်အတွက် ဒေသခံအများစုသည် အစိုးရဆေးရုံတွင် ဆေးကုသသူ မရှိသလောက် နည်းပါးသွားသည်ဟုလည်း ဒေသခံတို့က ပြောသည်။
ထိုဒေသတွင် အစိုးရက ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာဝန်များကို လုံလောက်စွာ ခန့်ထားပေးနိုင်ခြင်း မရှိသည့်အပြင် ဆေးဝါးနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်း ကိရိယာများ စုံလင်အောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသဖြင့် ဒေသခံများ၏ အားထားရာသည် တရုတ်နိုင်ငံမှ တန်ဖိုးကြီးမားလွန်းသော ဆေးရုံ၊ ဆေးခန်းများဖြစ်လာသည်ဟုလည်း ဒေသခံဒေါ်လုနန်က မြေပြင်အခြေအနေကို ရှင်းပြသည်။

“တရုတ်ပြည်မှာပဲ သွားကုနေရတယ်။ အဓိကဒေါက်တာတွေမရှိဘူး။ ဒီကဆေးရုံမှာ ဆေးသွားကုရင် ဆေးဝါး မစုံရတာနဲ့ ဆရာဝန်မရှိတာနဲ့ ဆေးကုဖို့ ပစ္စည်းမစုံရတာနဲ့ဆိုတော့ တရုတ်ပြည်ကိုပဲ သွားကုနေရတာပါ။ တရုတ်ပြည်မှာက အဆင်ပြေတယ်။ ကလေးမီးဖွားတာကအစ အဆင်ပြေတယ်။ သူတို့လူမျိုးတွေရဲ့ ဆေးကုခထက် မြန်မာနိုင်ငံသားတွေက ပိုပေးရတာပေါ့”ဟု ဒေါ်လုနန်က ပြောသည်။

တရုတ်နိုင်ငံသား တစ်ယောက်အတွက် ဆေးကုသစရိတ် ယွမ် ၁၀၀ ကုန်လျှင် နိုင်ငံသားချင်း ဖြစ်သည့်အတွက် ယွမ် ၅၀ သာ ပေးသွင်းရသည်။ နိုင်ငံခြားသားဖြစ်သည့် မြန်မာနိုင်ငံသားများ၏ ကျသင့်ငွေက ယွမ် ၁၀၀ ဖြစ်နေလျှင် ယွမ် ၁၀၀ လုံး အပြည့်ပေးရသည်ဟု ဒေါ်လုနန်ကရှင်းပြသည်။

အထူးဒေသ(၁)မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ ထိုဒေသတွင် ယခင်က ၎င်းတို့ တာဝန်ယူခဲ့ကြောင်း၊ နှစ်အတန်ကြာကမှ အစိုးရထံ ပြန်လည်လွှဲပြောင်းလိုက်ကြောင်းသိရသည်။

အစိုးရက ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဆိုသည့်အတွက် NDA(K) အဖွဲ့မှ ခန့်ထားသည့် ကျေးရွာများမှ ကျန်းမာရေးဝန်ထမ်းများကို ထုတ်ပယ်လိုက်သော်လည်း အစိုးရက ၎င်းတို့အဖွဲ့လုပ်ခဲ့သည့် အဆင့်အထိမီအောင် ယခုအချိန်အထိ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးဟုလည်း NDA(K)ဒုတိယဥက္ကဋ္ဌ ဦးဝမ်ထယ်ဘရန်အောင်က သုံးသပ်ပြောဆိုသည်။

“အစိုးရကို လွှဲပြီးနောက်ပိုင်းမှာတော့ ရွာကြီးတွေမှာဆိုရင် သူတို့လုပ်မယ်ဆိုပြီးပြောတော့ ကျွန်တော်တို့ ရာချီပြီးခန့်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ဖြုတ်လိုက်ရတယ်။ အဲ့နောက်ပိုင်း ကြည့်လိုက်တော့ အစိုးရက နဂို ကျွန်တော်တို့ လုပ်တဲ့ အဆင့်အထိတောင် မလုပ်ပေးနိုင်ဘူးဆိုတော့ ဒေသကျန်းမာရေးတွေ၊ ပေါ်လစီတွေ ပျက်ကုန်တယ်”ဟု ဦးဝမ်ထယ်ဘရန်အောင်က ပြောသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်းများနှင့် ကာကွယ်ဆေး တိုက်ကျွေးခြင်း များအတွက်ဆိုလျှင် အစိုးရကခန့်ထားသည့် ကျန်းမာရေးဝန်ထမ်းများ၊ NGO HPA အဖွဲ့နှင့် NDA(K)တို့ ပူးပေါင်းကြည့်ရှုပေးနေကြောင်း၊ NDA(K)အဖွဲ့တို့မှလည်း ပြည်သူ့စစ်ဆေးရုံကိုလည်း ဖွင့်ထားကြောင်း သိရသည်။

အစိုးရမှ ခန့်ထားသည့် တာဝန်ခံဆရာဝန်များ ထိုဒေသသို့ ရောက်မလာသည်မှာ ငါးနှစ်ခန့််ရှိပြီဟု သိရပြီး ၂၀၁၃ခုနှစ်နောက်ပိုင်း ကျန်းမာရေးဝန်ထမ်း ၂-၃ ဦးသာ လာရောက်တော့ကြောင်း၊ အစိုးရ ခန့်ထားသည့် ကျန်းမာရေး ဝန်ထမ်းများကလည်း “ပြည်သူ့စစ်”ဆေးရုံတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်နေရကြောင်း သိရသည်။

“အစိုးရကခန့်ထားတဲ့ တာဝန်ခံဆရာဝန် မတွေ့ဖူးဘူး။ ဆရာဝန်ကလည်း လာတယ်ဆိုပြီး စာရွက်ပေါ်မှာပဲရှိတယ်။ ဆေးလည်းမရှိဘူး။ ကိရိယာတွေကိုတောင်မှ ကျွန်တော်တို့ဆေးရုံကပဲ ငှားသုံးနေကြတယ်။ အစိုးရတိုက်နယ်ဆေးရုံကို ဆောက်သာဆောက်ထားတယ်။ သုံးနှစ်ရှိပြီ ဘယ်အချိန်ဖွင့်မလဲ မသိဘူး။ ပြန်တောင်ပျက်စီးချင်နေပြီ ..ဆေးရုံက။ ဒါက မဖြစ်သင့်ဘူးလို့ ထင်တယ်”ဟု ဦးဘရန်အောင်ကပြောသည်။

အရေးပေါ်လူနာများ ရှိလျှင် NDA(K)နှင့် HPA အဖွဲ့တို့က ပူးပေါင်းတိုင်ပင်ပြီး မြစ်ကြီးနား ဆေးရုံကြီးသို့ ဖြစ်စေ၊ တရုတ်နိုင်ငံမှ ဆေးရုံများသို့ဖြစ်စေ လွှဲပြောင်းပို့ဆောင်နေရကြောင်း၊ ပန်ဝါမြို့နယ်ခွဲ ဖြစ်သော်လည်း ဆေးရုံတွင် ဓာတ်မှန်ခန်းများလည်း မရှိသည့်အတွက် ရောဂါရှာဖွေရေးအတွက် များသောအားဖြင့် တရုတ်နိုင်ငံကိုသာ သွားနေရကြောင်း ကချင်အထူးဒေသ (၁) ဖွံ့ဖြိုးအုပ်ချုပ်ရေး ကော်မတီဝင်များထံမှ သိရသည်။

တရုတ်ပြည်သို့ သွားရောက်ကုသလျှင် နိုင်ငံခြားသားဖြစ်သည့်အတွက် တရုတ်နိုင်ငံသားထက် သုံးဆ မပေးလျှင် ကုသမပေးသဖြင့် ပန်ဝါဒေသတွင် ဆရာဝန်နှင့်ဆေးဝါးများ စုံလင်စွာ ထောက်ပံ့ပေးစေလိုကြသည်။

ယင်းကိစ္စနှင့်စပ်လျဉ်းပြီး ပြည်နယ်ကျန်းမာရေး ဦးစီးဌာနသို့ သွားရောက်မေးမြန်းရာတွင် တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်မှာ ဒေသခံပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်းများထံမှ အဓိက ရယူနေကြောင်း၊ ပြည်နယ်ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုး လုပ်ငန်း၊ ကပ်ရောဂါအသွင် ကျရောက်သော လုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဆရာဝန်အင်အား နည်းပါးသဖြင့် ယနေ့တိုင်ဆရာဝန်စေလွှတ်ပေးနိုင်ခြင်းမရှိကြောင်း ရှင်းပြပြောဆိုခဲ့သည်။ သို့သော်လည်း မကြာမီကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ခန့်ထားမည့် သစ်လွင်ဆရာဝန်များ ရောက်ရှိလာလျှင် လက်ရှိဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသော လက်ထောက်ဆရာဝန်များကို တောင်ပေါ်ဒေသများသို့ အမြန် ခန့်အပ်နိုင်ရေး တင်ပြသွားမည်ဟုလည်း ဖြေကြားခဲ့သည်။

သင်ယူနှောင့်နှေး ပညာရေး
ထိုဒေသရှိ ကျောင်းဆောင်များသည် ယခင်နှစ်ပေါင်းများစွာက ဆောက်လုပ်ထားခဲ့သည့် ကျောင်းများဖြစ်သည့်အတွက် ကျောင်းဆောင်များကို တိုးချဲ့ဆောက်လုပ်ပေးစေလိုခြင်းနှင့် ယခုထက် အရည်အချင်းပြည့်သည့် ဆရာ၊ ဆရာမများ စေလွှတ်ပေးစေလိုခြင်းက ပညာရေးနှင့်ပတ်သက်ပြီး ဒေသခံတို့ အတောင့်တဆုံးအရာတစ်ခုဖြစ်သည်။

ယခုကလေးများသင်ကြားနေသည့် ပန်ဝါအထက်တန်းကျောင်းသည် ယခင်က NDA(K)တို့က တရုတ်ငွေယွမ် သုံးသိန်းခန့် အကုန်အကျခံ တည်ဆောက်ထားသည့် ကျောင်းဖြစ်ကြောင်း ဒုဥက္ကဋ္ဌထံမှ သိရသည်။ နှစ်ကာလများ ကြာလာသည်နှင့်အမျှ လူဦးရေတိုးလာသည့်အခါ ကျောင်းဆောင်များ တိုးချဲ့ဆောက်လုပ်ရန် လိုအပ်လာနေသည်။

“ကျွန်တော်တို့ကို ကျောင်းဆောင်တွေ တိုးဆောက်ပေးပါ။ ပြီးတော့ ဒီမှာ တာဝန်ကျတဲ့ ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေက မြို့ဘက်က ပယ်သီးတွေကို ပို့လိုက်တာ ဖြစ်တယ်။ ဒီက ပြန်ပြီဆိုတာနဲ့ ရာထူးတွေ တိုးယူနိုင်ကြတယ်။ ကျွန်တော်တို့ နယ်စပ်ဒေသကို စာကောင်းကောင်း မသင်တတ်တဲ့ သူတွေကိုမပို့ပေးကြပါနဲ့။ သူတို့က ဒီမှာ ရာထူးတိုးရောက်လာကျတော့ စာကောင်းကောင်း မသင်တတ်ဘူး”ဟု NDA(K) ဒုတိယဥက္ကဋ္ဌ ဦးဝမ်ထယ်ဘရန်အောင်က ပြောသည်။

ယင်းဒေသသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာကြသည့် ဆရာ၊ ဆရာမများသည် ရာထူးတိုးဖြင့် ရောက်ရှိလာကြ သူများဖြစ်သဖြင့် တစ်နှစ်၊ နှစ်နှစ်ခန့် နေထိုင်ကာ ပြန်လည် ပြောင်းရွေ့သွားကြကြောင်း၊ တချို့ဝန်ထမ်းများက သတ်မှတ်နှစ်မတိုင်ခင် ပြန်သွားကြပြီး တချို့က လာရောက်ခြင်းပင် မရှိသည့်အတွက် လစ်လပ်နေရာများလည်းရှိနေကြောင်း၊ အခြား မြို့ပေါ်ကျောင်းများ အဆင့်အထိ မမီနိုင်သော်လည်းစာကောင်းစွာ သင်ကြားပေးနိုင်မည့် ဝန်ထမ်းများကို ပို့ပေးစေလိုကြောင်း တောင့်တနေကြခြင်းဖြစ်သည်။

ပန္၀ါၿမိဳ႕အထက္တန္းေက်ာင္းပန်ဝါမြို့အထက်တန်းကျောင်း
ပြည်နယ်ပညာရေးဌာနကတော့ မည်သည့်နေရာပင်ဖြစ်စေ ပညာရေးဝန်ထမ်းများကို အဆင့်အတန်း ခွဲခြားခြင်း မရှိဘဲ တာဝန်ပေးစေလွှွတ်နေပြီးရာထူးအဆင့်နှင့် လျော်ညီသည့် အရည်အချင်း ပြည့်မီသူများကိုသာ ခန့်ထားစေလွှတ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။

“သင်ကြားရေးပိုင်းမှာတော့ တခြားတော့ မလိုလောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အကောင်းဆုံး မဟုတ်တောင် အရည်အချင်းရှိတဲ့သူတွေကိုပဲပို့တာပါ။ အခက်အခဲဆိုလို့တော့ လမ်းမကောင်းတာ၊ အစားအသောက်အခက်အခဲ၊ ရာသီဥတု အခြေအနေနဲ့ ဘာသာစကားပြောတာတွေကတော့ ခက်ခဲမှုတော့ ရှိမှာပါ”ဟု ဦးသန်းထွန်းကပြောသည်။

ယင်းဒေသသို့ ရဟတ်ယာဉ်လေးဖြင့် အသာအယာသွားရောက်နိုင်သော နိုင်ငံတော် အကြီးအကဲများပင် မသွားသည့် ထိုဒေသကို ဝန်ထမ်းလစာ တစ်လစာမက ခရီးစရိတ်အကုန်အကျခံပြီး သွားရောက်ရမည့် ဝန်ထမ်းများ မသွားရောက်လိုကြခြင်းကို အပြစ်တစ်ခုအဖြစ် မမြင်လိုသော်လည်း ဒေသအနာဂတ်ကို ပိုင်စိုးထားသည့် ဒေသခံကျောင်းသားများ၏ ပညာရေးက ဆရာ၊ ဆရာမများ၏ လက်ထဲတွင် ရှိနေသည်။

စိုက်/မွေးပညာ တို့ဝမ်းစာ
ယင်းဒေသသည် အအေးလွန်ဒေသတစ်ခု ဖြစ်သည့်အလျောက် သာမန်တောင်သူတို့၏ နည်းလမ်းအတိုင်း စပါးစိုက်ပျိုးရန်မှာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်လို့နေသည်။ ဒေသနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် အခြားစိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများကို နည်းစနစ်တကျ မလုပ်ကိုင်နိုင်ခြင်းက ဒေသခံတို့၏ နေ့စဉ်ဝင်ငွေရစေမည့် အသက်မွေးဝမ်းကျောင်းတစ်ခုကို ပိတ်ပင်နေသလိုရှိသည်။ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များကို ဒေသအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပံ့ပိုးကူညီ လုပ်ဆောင်ပေးနိုင်မည့် ပညာရှင်များလည်း လိုအပ်နေပြန်သည်။

အကြံကုန် ဂဠုန်ဆားချက်
ယင်းဒေသတွင် ကြီးစိုးနေသည့် အထူးဒေသ၏ အစီအမံတစ်ရပ်က ထိုဒေသတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ တာဝန်ရှိသူတို့ အကြောင်းပြသည်မှာ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်ရန် ရန်ပုံငွေရရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကချင်အထူးဒေသ(၁) ဖွံ့ဖြိုးအုပ်ချုပ်ရေး ကော်မတီက ပြောသည်။

“လောင်းကစားဝိုင်းတွေ ရှိတာ မကောင်းဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ဒါပေမဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တခြားနည်းလမ်းနဲ့ ရန်ပုံငွေရှာခွင့်လည်းမရှိဘူး။ ကုန်ကုန်ပြောရမယ်ဆိုရင် အကြံကုန် ဂဠုန်ဆားချက်ဖြစ်တယ်။ ဒီ့အပြင် ကျွန်တော်တို့မှာ ဘာမှမရှိဘူး။ နိုင်ငံတော်အစိုးရကလည်း မထောက်ပံ့ဘူး။ ဘယ်လူမျိုး၊ ဘယ်အဖွဲ့အစည်းကလည်း မထောက်ပံ့ဘူး။ ကျွန်တော်တို့ ကိုယ်တိုင်မှာလည်း ဘာမှမရှိဘူး။ ဆိုတော့ကာ ကျွန်တော်တို့ ဘယ်လို အသက်ရှင်မလဲ။ တရားဝင်ခွင့်ပြုထားတာမျိုးတော့ မဟုတ်ပါဘူး”ဟု ကော်မတီဝင်များက ပြောသည်။

ပန္၀ါၿမိဳ႕မွ ေလာင္းကစား၀ိုင္းပန်ဝါမြို့မှ လောင်းကစားဝိုင်း
အကြံကုန်ဂဠုန်ဆားချက်ဆိုသည့် စကားပုံကို အလျဉ်းသင့်တုန်း ပြောရလျှင် “မိမိတို့ကြံစည်ထားသည့် အရာများ အထမမြောက်သေးသည့်အချိန် ကြံမိကြံရာ ထကြံကြရခြင်း”ဆိုသည့် အနက်အဓိပ္ပါယ်ဖြစ်သည်။ စကားပုံ ဇစ်မြစ်က ပုံဝတ္ထုတစ်ပုဒ်နှင့် ဆက်စပ်နေပါသည်။ ရှေးသရော အခါကဟု အစပြုပြီး ဝေမျှရလျှင် ပုံဝတ္ထုမှာ နဂါးတစ်ကောင်ကို ဖမ်းဖို့ ဂဠုန်က နောက်ကလိုက်ရာမှာ ပုံစံအမျိုးမျိုးနဲ့ ပြေး/လိုက်နေကြရင်း ပင်လယ်ကမ်းစပ်တစ်နေရာအရောက် နဂါးက ရေထဲဆင်းပြေးသွား၊ ဂဠုန်က ရေမကူးတတ်တော့ ရေထဲဆင်းလိုက်လို့မရ၊ ပင်လယ်ကမ်းစပ်ကစောင့်၊ ပင်လယ်ကမ်းစပ်မှာ ဒီအတိုင်း ထိုင်စောင့်နေလို့ မရတော့ တဲ့အဆုံး ဂဠုန်ကြီးက လူယောင်ဖန်ဆင်းပြီး ဆားချက်ရင်း နဂါးတက်အလာကို စောင့်တာကိုဆိုလိုကြောင်း မှတ်သားဖူးသည်။

အန်ဒီအေတို့လည်း အစိုးရအလာကို ဒေသခံတို့နဲ့အတူ ဆားချက်ရင်း စောင့်ဆိုင်းတဲ့နေရာမှာ လောင်းကစားဝိုင်း များဖြင့် ဒေသဖွံ့ဖြိုးအောင် တည်ဆောက်နေခြင်း မဟုတ်ဘဲ လာရောက် လောင်းကစားဝိုင်းဖွင့်သူ တစ်ဖက်နိုင်ငံသားများနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်သဘောတူညီမှုယူကာ ခွင့်ပြုထားခြင်းဖြစ်သည်ဟု ကချင်အထူးဒေသ(၁) ဖွံ့ဖြိုးအုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူက ရှင်းပြသည်။

“ဖွံ့ဖြိုးရေးလုပ်ငန်းမှာ ပံ့ပိုးပေးဖို့ဆိုပြီးတော့ ရည်ရွက်တာလည်းမဟုတ်ပြန်ဘူး။ ပံ့ပိုးရလောက်အောင် ဆိုပြန်တော့လည်း ဖဲရုံနဲ့ ဒီဒေသ တည်ဆောက်သလို ဖြစ်နေဦးမယ်။ သဘောတစ်ခုပြောရမယ်ဆိုရင် ဒေသတစ်ခုမှာ လူ အလည်အပတ်ဖြစ်အောင် လုပ်ပေးထားသလိုပါပဲ။ တစ်ခု ပြောနိုင်တာက ကျွန်တော်တို့ဒေသက လူတွေ ၅၀ ရာခိုင်နှုန်းတောင်မရှိဘူး။ အားလုံးနီးပါးက (လာကစားကြတာ)တရုတ်နိုင်ငံက လူတွေပဲ”ဟု ဒုတိယဥက္ကဋ္ဌ ဦးဝမ်ထယ်ဘရန်အောင်က ပြောသည်။

ယင်း လောင်းကစားရုံများရှိခြင်းကြောင့် ရာဇဝတ်မှုများမရှိရန် ယင်းကော်မတီမှလည်း စောင့်ကြည့်နေပြီး တရုတ်နိုင်ငံမှလည်း ပြဿနာတစ်စုံတစ်ရာဖြစ်ပါက ဖုံးကွယ်မထားဘဲ တရုတ်မြန်မာနယ်စပ် ပြဿနာဖြေရှင်းရေး ကော်မတီနှင့် တရုတ်နိုင်ငံဘက်မှ နယ်ခြားစောင့်အဖွဲ့များက ဖြေရှင်းပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့ကလည်း အရမ်းခက်ခဲနေတာ သူတို့လာလုပ်တာကို ပိတ်ပင်ရင်လည်း ဘာမှ ဖြစ်မလာပါဘူး။ နိုင်ငံတော်အစိုးရက ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မြို့ကြီးတွေမှာတောင်ရှိတာ ဒါကတော့ အသေးအဖွဲပါပဲ။ ကျွန်တော်တို့ကိုယ်တိုင် မလုပ်ချင်ဘူး။ တရုတ်တွေက သူတို့လူတွေနဲ့ လာလုပ်တာ ကျွန်တော်တို့ကို လာထိုးကျွေးနေတာ ဖြစ်တယ်။ နိုင်ငံတော်က ကောင်းကောင်းပံ့ပိုးပေးနိုင်ရင်တော့ ဒီလောင်းကစားတွေက အလိုအလျောက် ချုပ်ငြိမ်းသွားမယ့် အရာတွေဖြစ်ပါတယ်”ဟု ကချင်အထူးဒေသ (၁)ဖွံ့ဖြိုးအုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များကပြောသည်။

မြေပုံထောက်စီမံကိန်းများနှင့် ဒေသအနာဂတ်
ထိုဒေသကို နိုင်ငံတော်နှင့် ငြိမ်းချမ်းရေးယူပြီးနောက် ဒေသဖွံ့ဖြိုးရေးအတွက် အုပ်ချုပ်မှုကိစ္စ အ၀၀ကို ဦးဇခုန်တိန့်ယိန်း (ယခင်အစိုးရလက်ထက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် လက်ရှိပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်တို့ ဆောင်ရွက်ခဲ့သည်ဟု ကချင်အထူးဒေသ(၁)ဖွံ့ဖြိုးမှု အုပ်ချုပ်ရေးကော်မတီ ဒုဥက္ကဋ္ဌဦးဝမ်ထယ်ဘရန်အောင်နှင့် တွေ့ဆုံစဉ် ပြောပြသည်။

နယ္စပ္ဂိတ္အနိးရွိ အမႈိက္ပုံနယ်စပ်ဂိတ်အနိးရှိ အမှိုက်ပုံ
အစိုးရဌာနဆိုင်ရာ ရုံးများထားရှိခဲ့သော်လည်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်မှုမရှိသည့် အကြောင်းနှင့် အစိုးရက တာဝန်ယူ လုပ်ဆောင်ခြင်းမရှိသည့်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့အဖွဲ့က တာဝန်ယူဆောင်ရွက်နေရသည်ဟုလည်း ဒုဥက္ကဋ္ဌက မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

“နိုင်ငံတော်အစိုးရက ဌာနတွေသာ လာစွဲထိုင်ထားတယ် ဘာမှမလုပ်ပေးဘူး။ စစ်ဥပဒေ ပြဌာန်းတဲ့ဒေသ မဟုတ်ပေမဲ့ သိပ်မထူးခြားတဲ့ ဒေသဖြစ်နေတယ်။ အခုချိန်ထိ ဒီမိုကရေစီရဲ့အရသာကို ဘာမှမခံစားရသေးဘူး။ အဲဒီအချက်တွေကြောင့် လူထုတွေရဲ့ လုံခြုံရေးနဲ့ စီးပွားရေး၊ စားဝတ်နေရေးတို့ ဆိုတာ ကျွန်တော်တို့ဆီမှာ ဘာမှမျှော်လင့်စရာမရှိဘူး။ အခုဒီနေရာမှာ ဖွံ့ဖြိုးနေတာကလည်း နိုင်ငံတော် အစိုးရကလုပ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်ခြေဖဝါးပေါ် ကိုယ်ရပ်ပြီး ဆောင်ရွက်နေတဲ့ အဆင့်ပဲ ရှိသေးတယ်”ဟု ဦးဝမ်ထယ်ဘရန်အောင်က ပြောသည်။

ထိုဒေသမှ ဒေသခံများ အဆိုးဆုံးခံစားနေရသည့် ပြဿနာတစ်ရပ်မှာ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်း၊ ကျန်းမာရေးအတွက် အားထားရာမရှိခြင်း၊ ပညာရေးနောက်ကျခြင်းများ ဖြစ်သည်။ မြန်မာပြည်၏ ထုံးစံအရနိုင်ငံတော်အဆင့် အကြီးအကဲများ မရောက်သည့် အရပ်ဒေသသည် ဘယ်တုန်းကမျှ မဖွံ့ဖြိုးခဲ့။ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မပေးခဲ့ရုံတင် မဟုတ်။ နိုင်ငံတကာတွင် နှစ်ပေါင်းဆယ်ချီ လေ့လာလုပ်ကိုင်လေ့ရှိသော ရေအားလျှပ်စစ်စီမံကိန်းများကို နှစ်နှစ်တည်းနှင့် မြေပုံထောက်ပြီး တက်သုတ်ရိုက် လုပ်ချလိုက်ခြင်းက ဒေသပျက်စီးရေးကို ဦးတည်လုပ်ကိုင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ရှုမြင်မိတော့သည်။

မွန်းမွန်းပန်၊ Ah Je