လိေမၼာ္သီး

ရာသီပေါ်သီးနှံတွေ ရောင်းဝယ်ဖောက်ကားကြတဲ့ အထဲမှာ အခုဆိုရင် သီးနှံပွဲစား တော်တော်များများ အားထားကြရတဲ့ လိမ္မော်သီးရာသီကို ရောက်ရှိလာခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်က အထွက်နှုန်းအရမ်းကောင်းခဲ့တဲ့ ကချင်ပြည်နယ်ထွက် လိမ္မော်သီးတွေဟာ အရောင်းအဝယ် အတော်လေးကို ဖြစ်နေခဲ့တယ်။ စားသုံးသူစိတ်ကြိုက်ဝယ်ယူ စားသောက်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးနိုင်ခဲ့တယ်။ အရင်က လိမ္မော်သီးတွေက အခုစစ်ရှောင်ရွာတွေဖြစ်တဲ့၊ ဂါးရာယန်၊ ကဇူး၊ ဒဘတ်ယန်၊ကန်တော်ယန်၊ ဆန်ပိုင် စတဲ့ လိုင်ဇာမြို့ကို သွားတဲ့လမ်းတစ်လျှောက်က ကျေးရွာတွေနဲ့ ပန်ဝါဘက်ကို သွားတဲ့လမ်းက မန်ဒေါင်၊ ချီဖွေ အစရှိတဲ့ ကျေးရွာအနီးတစ်ဝိုက်က ထွက်ရှိခဲ့တာပါ။ ပုံမှန် အောက်တိုဘာလ အကုန်ဆိုရင် ဂါးရာယန်တစ်လျှောက်က အသီးတွေက အရင်မှည့်လေ့ရှိပြီး အရောင်းအဝယ်စကြပါပြီ။ မန်ဒေါင်က သီးတဲ့အသီးကတော့ နောက်ကျမှ ထွက်တာပါ။

ဒီရာသီတွေမှာဆို အဲဒီကျေးရွာထဲက လူကြီး၊ လူငယ်၊ အမျိုးသမီး၊ ကလေးတွေပါ  အသီးခူး၊ အသီးရောင်းနဲ့ အလုပ်ဖြစ်ကြရတဲ့အပြင် အသီးတိုက်ပို့တဲ့ ကားဆရာ၊ စပါယ်ယာတွေပါ အလုပ်ဖြစ်ခဲ့ကြပြီး ခြံပိုင်ရှင်တွေ အနေနဲ့လည်း သင့်ရာဈေးနဲ့ ပွဲစားတွေဆီကို ရောင်းချနိုင်ခဲ့ပါတယ်။

အဲဒီတုန်းက ဈေးနှုန်းက ပြည်သူလူထု ဆင်းရဲချမ်းသာမရွေး ဝယ်စားသောက်နိုင်ပြီးတော့ အသီးတစ်လုံးမှ ၅၀ ကျပ်ကနေ ၁၀၀ ကျပ် လောက်ပဲရှိပါ။ အသီးဈေးနှုန်းချိုသာတဲ့အတွက် လမ်းဘေးပျံကျရောင်းချသူတွေရော တစ်ဆင့်ခံရောင်းချသူတွေပါ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေခဲ့ကြတာပါ။

“အဲဒီတုန်းကဆိုရင် အားလုံးအဆင်ပြေကြတယ်။ အလုပ်အကိုင်လည်း အားလုံးရကြတယ်။ နယ်မြေလည်းတည်ငြိမ်အေးချမ်းတဲ့ အခါကျတော့ လုပ်ကိုင် စားသောက်ရတာလည်း အဆင်ပြေတယ်”ဟု နှစ်ပေါင်း သုံးဆယ်ကျော်ကြာ သီးနှံပွဲစား လုပ်ကိုင်လာခဲ့သည့် ဦးမောင်မောင်က ပြောပါတယ်။

အခုဆိုရင်တာ့ အထက်မှာပြောခဲ့တာတွေ ပြောင်းပြန်ဖြစ်သွားပါပြီ။ ၂၀၁၁ ခုနှစ် ကချင်ပြည်နယ် အတွင်း တစ်ကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်လာတဲ့အခါမှာ လိုင်ဇာဘက်သွားတဲ့လမ်းကရွာတွေက ပြည်သူတွေဟာ စစ်ရှောင်အဖြစ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးရဲ့ အသီးအထွက်နှုန်း ၆၀ လောက်ထွက်တဲ့ လိုင်ဇာလမ်းတစ်လျှောက်က လိမ္မော်ခြံတွေက အခုဆိုရင် အကုန်လုံးနီးပါးကို ပျက်စီးကုန်ပါပြီ။ ၄၀ ရာခိုင်နှုန်းလောက် ထွက်တဲ့ ပန်ဝါ လမ်းတစ်လျှောက်ကပဲ ထွက်ရှိတော့တယ်လို့ ပွဲစားတွေက ပြောပါတယ်။

“အခုက လိုင်ဇာဘက်သွားတဲ့ နေရာတွေက စစ်မြေပြင်ဖြစ်ကုန်ပြီလေ။ အပင်တွေလည်းပျက်စီး၊ ခြံတွေလည်း ပျက်စီးကုန်ပြီ။ လူတွေလည်းမရှိ၊ အဲဒီဘက်က အသီးမထွက်တော့ အသီးတွေကလည်း အရင်ကဈေးထက် ထက်ဝက်မကတက်သွားပြီ။ အလုပ်သိပ်မဖြစ်တော့ဘူး”လို့လည်း ဦးမောင်မောင်က ဆက်လက်ပြောပြပါတယ်။

လက်ရှိ လိမ္မော်သီးဈေးကွက်ကို လေ့လာကြည့်တဲ့အခါမှာတော့ အလုံးလတ် တစ်လုံးကိုတောင် သုံးရာအထိ ရောင်းချနေရတာကို တွေ့ရပါတယ်။ သယ်ယူစရိတ်၊ အသီးခူးခတွေ၊ အလုပ်သမားကြေး တွေဟာ အရင်ကထက် နှစ်ဆလောက် များနေတာမို့ အသီးဈေးတွေက မြင့်တက်လာရတာ ဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

“အခုဆိုရင် အသီးသယ်ဖို့က လှည်းတွေနဲ့တစ်ဆင့် တိုက်ရ၊  ငါးနှစ်လာက်မပြုမစုဘဲ ထားခဲ့ကြတဲ့အခါကျတော့ အကုန်လုံးပျက်စီး၊ အသီးကမထွက်တော့ ဈေးတွေတက်တာပါ။ အရင်တုန်းကလို ခြံတွေထဲသွားပြီးတော့ ခူးလို့မရတော့ ပိုဆိုးသွားတာပေါ့”လို့ ဝါရင့်ပွဲစား ကိုခင်မောင်ဆန်းက လက်ရှိ အခြေအနေကို ပြောကြားခဲ့တာပါ။

ကချင်ပြည်နယ်က ထွက်ရှိလာတဲ့အသီးတွေကို သံလမ်းရိုးတစ်လျှောက်က မြို့ရွာတွေကို မီးရထား၊ ကားတွေနဲ့ တင်ပို့ရောင်းချလေ့ရှိကြပြီး ဈေးနှုန်းကြီးမြင့်မှု၊ တန်ဆာခကြီးမြင့်မှုတွေကြောင့် ထင်သလောက် အရာင်းအဝယ်မဖြစ်တော့ဘူးလို့လည်း ပွဲစား ဒေါ်ခေါန်အောင်က ပြောပါတယ်။

“ဒီဈေးတွေနဲ့ အဝေးကိုတင်ရမယ်ဆိုရင်လည်း ချုပ်ခ၊ ပို့ခ၊ အသီးခတွေဆိုရင် တစ်ဖက်က ပြန်ရောင်းရမယ့် လူတွေအတွက်လည်း မကိုက်ဘူး။ အဝေးလည်း အခု သိပ်ပြီးမပို့ရတော့ပါဘူး”ဟုလည်း အထက်ပါပွဲစားက ပြောပါတယ်။

ဒီလို လက်ကားဈေးနှုန်းတွေပါ မြင့်တက်နေချိန်မှာ လမ်းဘေးထိုင်ရောင်းတဲ့ လက်လီ ဈေးသည်တွေအတွက်လည်း အရင်းအနှီးက တော်တော်လေးကို ကြီးပါတယ်။ ဥပမာ အရင်က တစ်သိန်းလောက် ရင်းရတယ်ဆိုရင် အခုက သုံးသိန်းလောက် ရင်းရပါတယ်။ ဒါဟာလည်း ခက်ခဲတဲ့ အရာတစ်ခုပါ။

“အရင်းအနှီးက ကြီးတဲ့အခါကျတော့ အသီးများများမဖြုန်းနိုင်ဘူး။ ရှိသလောက်အရင်းအနှီးလေးနဲ့ပဲ အဟောင်းပေးအသစ်ယူပုံစံ လုပ်နေရတယ်။ တကယ်စားချင်တဲ့သူကျတော့လည်း လာဝယ်စားကြပါတယ်။ အရင်က ဒီလိုခရစ္စမတ်ရာသီဆို အရမ်းရောင်းကောင်းတာ။ အခုက သိပ်မရောင်းရတော့ဘူး”လို့ မြန်မာ့ဆက်သွယ်ရေးရုံးအနီး ရောင်းချနေသည့် လမ်းဘေးထိုင်ရောင်းနေတဲ့ ဈေးသည် ဒေါ်မာဦးကလည်း လက်လီဈေးကွက် အခြေအနေကို ရှင်းပြပါတယ်။

ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ကေအိုင်အေတို့ တစ်ကျော့ပြန် တိုက်ပွဲတွေဖြစ်ခဲ့ကြတာ ၇ နှစ်ကျော်တိုင်ရှိခဲ့ပါပြီ။ ဒီတိုက်ပွဲတွေကြောင့်ပဲ သိန်းနဲ့ချီ စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။

လိုင်ဇာမြို့ကိုသွားတဲ့ လမ်းတစ်လျှောက်က ကျေးရွာနေပြည်သူတွေဟာ တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ခဲ့ကြပါတယ်။ လိမ္မော်ရာသီရောက်ခဲ့ပြီဆိုရင် နိုဝင်ဘာလက စပြီးတာ့ သုံးလတိုင်တိုင် ဒေသခံတွေ အလုပ်အကိုင် ကောင်းမွန်ရပါတယ်။ အခုတော့ ဒီအခွင့်အရေးတွေနဲ့ ဝေးကွာခဲ့ကြပါပြီ။ စစ်ပွဲတွေပြီးလို့ ငြိမ်းချမ်းရေးတွေ ရမှပဲ ကချင်ပြည်နယ်က ရွှေလိမ္မော်တွေကို တစ်ပြည်လုံးမှာ လှိုင်လှိုင်စားလို့ ရတော့မှာပါ။

စည်သူ(မြစ်ကြီးနား)