ဝါရှောင်ဆရာတော ဦးဝီဇယ

တရုတ်နိုင်ငံက စီးပွားရေးသမားတွေ ဝိုင်းမော်မြို့နယ်ထဲမှာ တစ်သျှူးငှက်ပျောခြံတွေ လာရောက် စိုက်ပျိုးမှုကြောင့် ကိုယ့်ဒေသမှာ ခံစားနေရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကိုယ်တိုင်မြင်တွေ့ ကြားသိနေရတဲ့ သံဃာတော်တစ်ပါးကို မြစ်ကြီးနားသတင်းဂျာနယ်က သွားရောက်တွေ့ဆုံ လျှောက်ထား မေးမြန်းခဲ့ပါတယ်။

တရုတ် ငှက်ပျော

အဲဒီ ဆရာတော်ကတော့ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၊ သီတလရံသီကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးဝိဇယဖြစ်ပြီး ဝါရှောင်ဆရာတော်ရယ်လို့ လူသိများတဲ့ သံဃာတော်တစ်ပါးလည်း ဖြစ်ပါတယ်။ ဆရာတော်ဟာ စာပေဗဟုသုတ ကြွယ်ဝပြီး အစိုးရနဲ့ရော ကေအိုင်အေနဲ့ပါ မေတ္တာ သက်ရောက်မှုရှိတဲ့ သံဃာတော်တစ်ပါးလည်း ဖြစ်ပါတယ်။ ဗမာ၊ ရှမ်း၊ ကချင်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူတစ်ဦးဖြစ်လို့ ဝါရှောင်ကျေးရွာမှာရှိတဲ့ ဒေသခံတို့ရဲ့ အားထားရာ၊ အတိုင်ပင်ခံရာ ဆရာတော်ဟာ ဒေသခံတွေရဲ့ အခက်အခဲကို အနီးကပ်ဆုံးသိမြင်သူ ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ အခက်အခဲတွေကို နှုတ်၏ စောင်မခြင်း၊ ကိုယ်စောင်မခြင်းတို့ဖြင့် ကူညီ ဆောင်ရွက်ပေးနေတဲ့ ရဟန်းတစ်ပါးလည်း ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဒေသတစ်ဝိုက်မှာ အထူးသဖြင့်ခံစားနေကြရတဲ့ ငှက်ပျောခြံများအရေးနဲ့ ပတ်သက်ပြီးဒေသခံတွေ ဘယ်လိုရင်ဆိုင်နေရတယ်၊ ဘာတွေဆုံးရှုံးနေရတယ် ဆိုတာကို မြစ်ကြီးနားသတင်းဂျာနယ်က သွားရောက် တွေ့ဆုံလျှောက်ထား မေးမြန်းထားပါတယ်။

ဘုန်းဘုန်းဘုရား..။ အရှင်ဘုရား ဝါရှောင်မှာ စတင်သီတင်းသုံးနေထိုင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အရှင်ဘုရား သာသနာရေးအပြင် ရပ်ရေးရွာရေး၊ လူမှုရေးနဲ့ ကလေးသူငယ်တွေ ယဉ်ကျေးလိမ္မာရေးတွေက အစ အစစအရာရာကူညီဆောင်ရွက်ပေးနေတယ်လို့ တပည့်တော်တို့သိရပါတယ်ဘုရား။ လက်ရှိဒေသမှာ တစ်ဘက်နိုင်ငံက ငှက်ပျောခြံတွေ ဝင်ရောက်လုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေ ဘယ်လိုအကျိုးဆက်တွေ ခံစားနေရတယ်ဆိုတာ သိပါရစေ ဘုရား။

ဘုန်းဘုန်း ဒီမှာ ကျောင်းထိုင်လာတာ ၁၈ နှစ် ရှိပြီလေ။ ဒီ တရုတ်ငှက်ပျောခြံတွေက နောက်ပိုင်းမှာ ကျတော့ အရမ်း ကျယ်ပြန့်လာတယ်။ ကျယ်ပြန့်လာတာနဲ့အညီ အလုပ်သမားတွေရဲ့ ဒုက္ခတွေက ဘုန်းဘုန်းဆီရောက်လာတယ်။ သူတို့ လူသေလို့ အသုဘချစရာမရှိလို့ ဘုန်းဘုန်းလိုက်သွားတဲ့အခါမှာ တရုတ်ပျံ့နှံ့ဝင်ရောက် စိမ့်ဝင်နေမှုကြီးကို အဲဒီမှာ သွားတွေ့ခဲ့ရတယ်။ အဲဒီအချိန်မှာမှ ကျောင်းမနေရတဲ့ ကလေးတွေ ရာချီရှိနေတာတွေ၊ နောက်ပြီးတော့မှ သူတို့ အလုပ်သမားအခွင့် အရေး မရတာတွေကို မြင်လာတာပေါ့။ နောက်ပိုင်းကတော့ ပိုပြီးဆိုးလာတာပေါ့။ ဟိုတစ်နေ့ကလည်း လာတယ်။ ၆ ယောက် လောက် လာတယ်။ သူတို့ လုပ်အားခကို ညစ်ထားပြီးတော့ အလုပ်က ထုတ်တဲ့အချိန်ကျတော့ ရောက်လာတယ်။ အခု နောက်ဆုံး ဖြစ်သွားတာက ကိုယ်ဝန်ပျက်ကျတယ်။ငါးတွေ သေတယ်။ ငှက်ပျောခြံမှာ လုပ်တဲ့သူတွေကိုယ်တိုင် ငြီးငွေ့သွားတယ်ပေါ့။ အဲဒီလို အခြေအနေမျိုး ရှိတာပေါ့။

ဒီလိုအခက်အခဲတွေ အများကြီး ကြုံတွေ့နေရတာကို အစိုးရက လာရောက်ဖြေရှင်းပေးတာမျိုးရော ရှိလားဘုရား။

အစိုးရတွေ ကွင်းဆင်းဖို့ လိုတယ်။ သေသေချာချာကို သူများအပြောလောက်နဲ့ မရဘူးလေ။ ဒီကိစ္စကို ဘုန်းဘုန်း အမြဲပြောနေတာက အလုပ်အကိုင်အခွင့်အလမ်းရတယ်၊ ပိုက်ဆံရတယ် ဆိုရုံနဲ့ မဖြေရှင်းပေးပါနဲ့ပေါ့ အစိုးရတွေကို။ ရတဲ့ပိုက်ဆံနဲ့ သူတို့ လုပ်နေရတဲ့အနေအထားကို အချိန်နဲ့တစ်ပြေးညီ ဖြစ်ဖို့ နောက်ဆုံး ဝန်ကြီးချုပ်ကိုယ်တိုင် သိသင့်တယ်။ သူတို့က အပြင်ကနေပဲ ပြောနေတာလေ။ ဒီကိစ္စကို ဘုန်းဘုန်းလောက် အနီးကပ်ဆုံးမြင်နိုင်မယ့်သူ ရှိမယ်မထင်ဘူး။ အစိုးရတွေ ကိုယ်တိုင်က အစွန်အဖျား လောက်သွားတာမျိုး မဟုတ်ဘဲနဲ့ စနစ်တကျကွင်းဆင်းသင့်တယ်။ ဝန်ကြီးတွေ ဘာတွေက လုံခြုံရေးတွေ ဘာတွေ(စိုးရိမ်မှု)ရှိတယ် ဆိုရင်လည်း မပူနဲ့ ဘုန်းဘုန်းကိုယ်တိုင် လိုက်ပို့ပေးမယ်။

အရှင်ဘုရား ဆိုလိုတာက ဝါရှောင်ရွာတစ်ဝိုက်မှာပဲကို ပြောတာလားဘုရား။ ခုနက ဘုန်းဘုန်း မိန့်တဲ့အထဲမှာ ပညာမသင်ရတဲ့ ကလေးတွေဆိုတာကရော ဝါရှောင်ကျေးရွာမှာတင်ပဲလား။

ဝါရှောင်မှာတင် မဟုတ်ဘူး။ ဂွေထုကျေးရွာတစ်ဝိုက်မှာ အကုန်လုံး ကလေးတွေ ရာချီရှိတယ်လေ။ လောလောဆယ် ပြဿနာတက်နေတဲ့ မိသားစုဆိုလို့ရှိရင် သူတို့ကို လုပ်ခပေါ့။ တစ်သောင်းလောက် လုပ်အားခတန်ရင် လေးထောင်လောက်ပဲ ပေးတယ်ပေါ့။ လုပ်ခကလည်း ၁၅ ရက်မှတစ်ခါလောက် ရှင်းတယ်ပေါ့။ တစ်ဦးဆိုရင် ကိုယ်ဝန်ပျက်ကျတယ်။ ငှက်ပျောစိုက်တဲ့နေရာမှာ သုံးတဲ့ဆေးတွေကြောင့်ပေါ့။ တစ်ဦးဆိုရင် အလုပ်ထုတ်ခံရလို့ ကလေးကို ဘယ်မှာထားရမှန်းမသိ ဖြစ်နေတယ်ပေါ့။

အရှင်ဘုရားအနေနဲ့ တခြားရွာတွေကိုရော ရောက်ဖြစ်လားဘုရား။ တဖြည်းဖြည်းနယ်ချဲ့လာတဲ့ ငှက်ပျောခြံတွေ ပြဿနာက အဲဒီဒေသတွေမှာ ဘယ်လောက်တောင် ဆိုးရွားနေပြီလဲဆိုတာလဲ သိပါရစေဘုရား။

ဘုန်းဘုန်း ပြောချင်တာက မုန်းလို့ ပြောနေတာမဟုတ်ဘူး။ ဒေသခံတွေက ဗဟုသုတ နည်းပါးကြတော့ တစ်ခုခု အခက်အခဲ ဖြစ်ပြီဆိုတာနဲ့ အစစအရာရာ ဘုန်းဘုန်းဆီ ပြေးလာပြီး တိုင်ပင်ကြတာတွေလည်း ရှိတယ်။ အခု ဒီဒေသတွေမှာ အရှုံးကြီး ရှုံးနေတာ။ ငှက်ပျောကိစ္စက တပ်မတော်နဲ့ အစိုးရ တစ်ဘက်နဲ့တစ်ဘက်က ပြည်သူတွေ နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ဘုန်းဘုန်း ပြောချင်တာက နံပါတ်တစ်- ဒီ တရုတ် ငှက်ပျောစိုက်တာဟာ နိုင်ငံသိမ်းမဟာဗျူဟာ  ပဏာမအစပျိုး ဖြစ်တယ်။ ဒီလို နိုင်ငံသိမ်းမဟာဗျူဟာ အစပျိုးခြင်းဟာ ဝိုင်းမော်မှာရှိတဲ့ ဆင်ခြေဖုံးမြို့နယ်တွေကို အလိုလို သိမ်းပိုက်ထားပြီးပြီ။ နောင် ဖြစ်လာနိုင်တာမဟုတ်ဘူး အခုကို ဖြစ်နေတာ။  နံပါတ်နှစ် အချက်က လူကုန်ကူးခြင်း နှစ်မျိုး ဖြစ်နေတယ်။ ပထမ လူကုန်ကူးတာကျတော့ သူများကိုရောင်းစားတာမျိုးပေါ့။ ဒုတိယကျတော့ ကိုယ့်ကိုယ်ကိုယ် ကုန်ကူးတာမျိုးပေါ့။ အဲဒါ အဆိုးဆုံးပဲ။ ဒီက ရှမ်းမတွေက ဘာသာပြန်အဖြစ်နဲ့ ထမင်း သွားချက်တာကိုး။ ထမင်းချက်ကို ပိုက်ဆံ ကောင်းကောင်းပေးပြီးတော့ တရုတ်တွေနဲ့ သွေးနှောတာမျိုးပေါ့။ တတိယအချက်ကျတော့ သဘာဝပတ်ဝန်းကျင်ကတော့ လုံးဝပျက်သုဉ်းသွားပြီပေါ့။ စတုတ္ထအချက်ကတော့ အစိုးရ၊ တပ်မတော်၊ ရဲ၊ လဝက စတဲ့ ဝန်ထမ်းတွေအကုန်လုံး အဂတိတရား ကျုးလွန်တယ်။ စစ်တပ်တွေ ပိုက်ဆံကောက်နေတာပဲလေ။ ဘုန်းဘုန်းက စစ်တပ်တွေကို ပြောတယ်။ မင်းတို့ တရုတ်ကားတွေကျ တော့ တစ်ခါမှ မစစ်ရဲဘူးပေါ့နော်။ မစစ်ရဲဘဲနဲ့ တစ်စီးဘယ်လောက်ဆိုတာ တောင်းနေတာပေါ့။ ပဉ္စမက မူးယစ်ဆေးဝါး ပြဿနာပေါ့။ တာလောကြီးဘက်ဆို စိတ်ကြွဆေးပြားဈေးနှုန်းက ငွေကျပ်တစ်သောင်းကို ၅ လုံးလောက်ရနေပြီ။ ဒါ ဘုန်းဘုန်းတို့ ခိုင်လုံတဲ့ သတင်းကနေ စုံစမ်းသိတာ။ နောက်တစ်ချက်ကတော့ အလုပ်သမားတွေကို  လိုသလိုသုံး၊ လိုသလိုခိုင်းပြီးတော့ စကားလုံး အရင့်ကြီးတွေနဲ့ ပြောပြီး အနိုင်ကျင့်ခံနေရတာ။ နောက်ဆုံးအချက်ကျတော့ မှန်းဆကြည့်တာ ပြည်ပကို ထုတ်ယူသွားတဲ့ အဖိုးတန် သယံဇာတတွေက ဘယ်လောက်တောင် ရှိနေမလဲ။ မဆုံးရှုံးဘူးလို့ရော ဘယ်သူက အာမခံမလဲ။ ဒီလိုအချက်လေးတွေ ရှိပါတယ်။

တစ်သျှူးငှက်ပျောကိစ္စ အရင်အစိုးရလက်ထက် မတိုင်ခင်ကတည်းက ရှိခဲ့တာဖြစ်တယ်၊ အရင်အစိုးရက သူတို့ခွင့်ပြုခဲ့တာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းက လွှတ်တော်မှာ အတိအလင်း ငြင်းဆိုထားတာတွေ့ရတယ်။ ဒီငှက်ပျောခြံတွေ အရေးနဲ့ပတ်သက်ပြီး ကိုင်တွယ်တဲ့နေရာမှာ အရင် အစိုးရနဲ့ အခုအစိုးရနဲ့ ဘာကွာလဲဘုရား၊ ပိုတိုးပြီး ပိုဆိုးလာတယ်လို့ မြင်လား၊ ထိန်းထိန်းသိမ်းသိမ်းနဲ့ လျော့ကျသွားတယ်လို့ မြင်ပါသလားဘုရား။

သိပ်တော့ မကွာပါဘူး။ ဒါပေမဲ့လည်း အခု အစိုးရလက်ထက်တော့ အသံတွေထွက်လာတယ်။ အရင်အစိုးရလက်ထက်ကျတော့ မပြောရဲကျဘူး။ စိမ့်ဝင်ပြီး လုပ်ကြတယ်။  ဒီ အစိုးရကလည်း အာဏာသက်ရောက်မှု မရှိဘူး။ ခိုင်ခိုင်လုံလုံသိထားတာဆိုရင် လွှတ်တော်ကိုယ်စားလှယ် ပြောတာတောင် လွှတ်တော်ကိုယ်စားလှယ်က ခြိမ်းခြောက်ခံရတယ်။(ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးနော်လီကို ကားချင်း ဝင်တိုက်ရန် ကြံစည်မှု၊ ခြိမ်းခြောက်မှုများကို ဆိုလို) ဘုန်းဘုန်းကိုလည်း ခြိမ်းခြောက်လာနိုင်တယ်လေ။ ဒါပေမဲ့လည်း ဘုန်းဘုန်းက နိုင်ငံရေးပြောတာ မဟုတ်ဘူး။ လူမျိုးရေးပြောတာမဟုတ်ဘူး။ ဘုန်းဘုန်း ကိုယ်တိုင်က နိုင်ငံတော်ရော၊ အစိုးရရော၊ တပ်မတော်ကိုရော တစ်ထောင့်တစ်နေရာကနေ ကူညီပေးတာ။ သူတို့စဉ်းစားလာနိုင်အောင်။ နိုင်ငံသိမ်းမဟာဗျူဟာအစ ပြီးစီးသွားပြီဆိုတာ သူတို့မသိဘူး။ သူတို့ လုပ်မရတဲ့ အနေထားတွေလည်း အများကြီး ကြားရတယ်။

လက်ရှိ အခြေအနေမှာ ကချင် တစ်ပြည်နယ်လုံး ငှက်ပျောစိုက်ဧကပေါင်း ရှစ်သောင်းနီးပါးလောက် ရှိနေပြီဆိုတော့ ပြန်လည်ပြုပြင်ဖို့ရော လွယ်ပါ့မလား။

အဲဒါကြောင့်မို့လို့ ဘုန်းဘုန်းပြောတဲ့ အချက်တွေကို ဆွေးနွေးတိုင်ပင်ဖို့ လိုတယ်လို့ ပြောတာ။ ဟိုဘက်  ကလည်း စီးပွားရေးအရလုပ်မှာပဲလေ။ မပျက်လောက်ပါဘူး။ မဟုတ်လောက်ပါဘူးလို့ ထင်ပါတယ်လို့ သူတို့အဲဒီလိုပဲ စဉ်းစားမှာလေ။ ဘုန်းဘုန်းပြောတာကို ဖြစ်နိုင်ချေ ရှိမရှိလည်း စဉ်းစားပါ။ ရဟန်းတော်တစ်ပါးအနေနဲ့ ငှက်ပျောတောရဲ့ ဒုက္ခတွေကို သာရေးနာရေးကအစ ဘုန်းကြီးတစ်ပါးအနေနဲ့ ကူညီပေးတာပဲ။ မလုပ်ချင်တာ လုပ်ချင်တာကတော့ သူတို့အပိုင်းပါပဲ။

အရှင်ဘုရား မိန့်ကြားခဲ့တဲ့ အထက်က ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းအနေနဲ့ ဖြည့်စွက် ပြောကြားပေးပါဦး ဘုရား။

ဒါကြီးက တင်စားရမယ်ဆိုရင် ကင်ဆာသဘောမျိုးဖြစ်နေတာ။ ငြိမ်းချမ်းရေး၊ တိုက်ပွဲတွေ ဒီလိုဖြစ်နေတဲ့အချိန်မှာ ကချင်ပြည်နယ်ကို ငှက်ပျောတပ်မကြီးတွေက လွှမ်းခြုံထားပြီ။ ဓာတ်ကင်တာနဲ့ မပျောက်ဘဲ သေဆုံးရမယ့် အခြေအနေကို ရောက်နေတယ်။ ပြောချင်တာက နိုင်ငံတကာစာချုပ် ဖျက်သိမ်းခွင့်တွေ ရှိတယ်။ ဒီတိုက်ရိုက် ဆိုးကျိုးတွေကို အားလုံးစဉ်းစားမယ်ဆိုရင် ဒီနိုင်ငံကို ကယ်တင်နိုင်လိမ့်မယ်။ အခုက လမ်းမမြင်ဘူး။မြန်မာပြည် ကျဆုံးခန်းပဲ။ ကချင်ပြည်နယ် ကျဆုံးခန်းပဲ။ အဲဒါကြောင့်မို့လို့ အရေးပေါ်ကွင်းဆင်းပါ။ စာချုပ်ဖောက်ဖျက်ခွင့်တွေက ရှိကိုရှိရမယ်။ ဥပမာ ငါးနှစ်အတွင်း စာချုပ်သိမ်းပေးပါ။ ပြည်သူတွေလည်း အကုန်လုံး ပါဝင်ရမယ်။ ငါးနှစ်အချိန်ရလို့ ဘုန်းဘုန်းတို့လုပ်လို့ရတာက မြန်မာပြည်မှာ စိုက်ပျိုးရေးကျောင်းဆင်းတဲ့ လူငယ်တွေ အများကြီးပဲ။ ဒီငှက်ပျောပင်စိုက်တာ ဘာခက်တာမှတ်လို့လဲ။ ငါးနှစ်အတွင်း ပညာသင်လို့ရတယ်။ ကိုယ့်အလုပ်သမားနဲ့ကိုယ်။ ကိုယ့်စီးပွားနဲ့ ကိုယ်။ ကိုယ်စိုက်ပျိုးရေး နည်းပညာနဲ့ကိုယ် ဖြစ်လာမယ်။ ဒါမှ ပြန်လည် ထူထောင်နိုင်လာမယ်။ မဟုတ်ရင် မထူထောင်နိုင်တဲ့အပြင် သေဆုံးသွားမယ်။ နိုင်ငံတော်ကို၊ ကချင်ပြည်နယ်ကို ကယ်တင်ဖို့ တစ်သျှူးငှက်ပျောခင်းတွေရုတ်သိမ်းကြပါစို့လို့ တပ်မတော်၊ အစိုးရနဲ့ ပြည်သူတွေကို ပြောချင်ပါတယ်။

စည်သူ မေးမြန်းသည်