Gold
မေခမြစ်ပေါ်တွင်ရွှေတူးဖော်နေပုံ

ဇန်နဝါရီ ၈

ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအတွင်း ပထမဦးဆုံးကြိမ်အဖြစ် ရွှေသတ္တုလက်လုပ်လက်စား တူးဖော်ဆောင်ရွက်ခွင့် ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ မြေဧက ၄ နေရာတူးဖော်ခွင့်ကို လဝါယန်-ဂွေထု ဌာနေပြည်သူ့စစ်အဖွဲ့ထံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာနမှ ဇန်နဝါရီလ၇ ရက်နေ့က ခွင့်ပြုမိန့်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ယင်း မြေဧက ၄ နေရာကို ဌာနေပြည်သူ့စစ်အဖွဲ့မှ ဦးဗျာလေး၊ ဦးကျော်အေး၊ ဒေါ်မာရှန်နှင့် ဦးလဆန်အောင်ဝါတို့ကို ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ထုတ်ပေးသည့်ရက်မှ စတင်ပြီး တစ်နှစ်တာ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

“လုပ်ခွင့်ရတဲ့အဖွဲ့က ကံထူးရှင်လို့ပဲ ပြောရမယ်။ ဆက်လက်ပြီး လုပ်ငန်းဆောင်ရွက်တဲ့ အခါမှာလည်း နိုင်ငံတော်ရဲ့ မူဝါဒနဲ့အညီ စံပြအနေနဲ့ ဆောင်ရွက်ပေးစေလိုပါတယ်။ လုပ်တဲ့နေရာမှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး Hလအောင်က ပြောသည်။

တူးဖော်ခွင့် ရရှိကြသူများအနေဖြင့် တစ်ဧကလျှင် တစ်နှစ်အတွက် ငွေကျပ် ၁၁ သိန်းကျော် (၁၁၂၂၁၄၁) ပေးဆောင်ရမည်ဖြစ်ပြီး မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၁၀ နှင့်  နည်းဥပဒေ ၉၆ တို့ကို လိုက်နာရမည်ဖြစ်ကာ မလိုက်နာပါက လိုင်စင်ပြန်လည် ရုတ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ အပတ်စဉ်ကွင်းဆင်းစစ်ဆေးပြီးတော့ ခြောက်လလောက် အချိန်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ ချထားပေးပြီဆိုတာနဲ့ တာဝန်ယူရမယ့်အပိုင်းတွေ ရှိသလို ကတိခံဝန်ချက်တွေလည်း ထိုးထားပြီးဖြစ်သလို ခွင့်ပြုမိန့် နောက်ကျောမှာပါတဲ့ စည်းကမ်းချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်”ဟု ပြည်နယ်သတ္တုတွင်းဝန်ကြီးဋ္ဌာနမှ ညွှန်ကြားရေးမှူး ဦးစောက ပြောသည်။

ယခုကဲ့သို့ လက်လုပ်လက်စား ရွှေသတ္တု ဟင်းလင်းပြင် တူးဖော်ခြင်းလုပ်ငန်းကို သက်တမ်းကုန်ပြီး ဆက်လက် လုပ်ကိုင်လိုပါက အသစ်ထပ်မံ လျှောက်ထားရမည် ဖြစ်ကြောင်းလည်း သိရသည်။

စည်သူ(မြစ်ကြီးနား)