မြေရှား

တော အထပ်ထပ်၊ တောင်အသွယ်သွယ်နဲ့ စိမ်းလန်းအေးချမ်းတဲ့ ချီဖွေဒေသက အခုဆိုလမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်လာပြီဖြစ်လို့ ကီလိုမီတာ ၁၂၀ လောက်ဝေးတဲ့ မြစ်ကြီးနားကနေ နှစ်နာရီလောက် ကားမောင်းရုံနဲ့ ရောက်နိုင်နေပါပြီ။ ဒါပေမယ့် နယ်စပ်ဒေသမှာ ရှိတဲ့ မြို့နယ်ခွဲတစ်ခုဖြစ်တဲ့ ပန်ဝါမြို့ကတော့ ချီဖွေကနေ ခန့်မှန်းခရီးမိုင် ၅၀ လောက်သာဝေးကွာပေမယ့် သုံး-လေးနာရီလောက် မောင်းနှင်မှ ရောက်ပါတယ်။

ပန္၀ါ

ကချင်မျိုးနွယ်စုဝင်များဖြစ်ကြတဲ့ လာချိဒ်နဲ့ ဇိုင်ဝါးမျိုးနွယ်စုတွေ ဆင်းသက်ခဲ့ရာဒေသလို့ လူသိများတဲ့ ကချင်ပြည်နယ်ရဲ့ အရှေ့မြောက်ဘက်ပိုင်းက ချီဖွေမြို့နယ်၊ ပန်ဝါမြို့နယ်ခွဲဒေသမှာ တစ်မြို့နယ်လုံးပေါင်းမှ ဒေသခံ နှစ်သောင်း မပြည့်တပြည့် နေထိုင်ကြတယ်။ အဲဒီဒေသတွေက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇခုန်တိန့််ယိန်းနဲ့ အင်န်ဒီအေကေဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ စိုးမိုးတဲ့ ဒေသပါ။ ချီဖွေကနေ ပန်ဝါကိုသွားရာ လမ်းဘေးဝဲယာ တစ်လျှောက်မှာတော့ ဒေသခံတွေ အလိုမတူပေမယ့် ဒေသခံတချို့ ပါဝင်လုပ်ကိုင်နေတဲ့ စီမံကိန်းကြီးတွေ ရှိတယ်။ စီမံကိန်းက အဲဒီဒေသက တောင်တွေထဲမှာ ရှိတဲ့ မြန်မာ့သယံဇာတတွေကို ထုတ်ယူနေတဲ့ စီမံကိန်းပါ။ ဘက်ဟိုးကြီးတွေနဲ့ ကျောက်စိမ်းတူးတဲ့ အလုပ်မျိုး မဟုတ်သလို၊ ရွှေဖောင်ကြီးတွေနဲ့ ရွှေကျင်တဲ့ လုပ်ငန်းလည်းမဟုတ်ပါဘူး။ ဘယ်လို သယံဇာတလည်းဆိုတော့ မြေရှား (Rare Earth)လို့ ခေါ်တဲ့ သတ္တုတစ်မျိုးကို မြေကြီးထဲကနေ ထုတ်ယူနေခြင်းပဲဖြစ်ပါတယ်။

မြေရှားသတ္တုတွင်း အလုပ်သမား

ဒီကိစ္စကို မြန်မာနိုင်ငံသားတွေ လူသိနည်းနေသေးပေမယ့် အဲဒီဒေသမှာ တရုတ်နိုင်ငံသားတွေ ဝင်ရောက် လုပ်ကိုင်နေတာ ကာလအတန် ကြာပါပြီ။ မြန်မာ့မြေထဲက သတ္တုသယံဇာတတွေကို ထုတ်ယူပြီး တရုတ်ပြည်ကို ပို့တဲ့လုပ်ငန်းကြီးတွေပေါ့။ မြန်မာနိုင်ငံကအကျိုးအမြတ် တစ်နှစ်ဘယ်လောက်ရပြီး ဘယ်ပုဂ္ဂိုလ်တွေက ဘယ်လို ရွှေဉာဏ်တော်စူးရောက်ပြီး တူးဖော်ခွင့်ပြုခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူူး။ အဲဒီလုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေသူတွေက တရုတ်နိုင်ငံက ကုမ္ပဏီတွေလို့ ဆိုပါတယ်။ စီမံကိန်းကြီးတွေ၊ ကုမ္ပဏီကြီးတွေက ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေတော့ ပေးပါရဲ့၊ သူတို့ပေးတဲ့ အလုပ်အကိုင်က အစေခံအလုပ်အကိုင်လို့ပဲ ဆိုရမှာပါ။ မြန်မာလုပ်သားတွေက ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေ၊ အန္တရာယ်များတဲ့ အလုပ်တွေကို လုပ်နေရတာပါ။ လုပ်ငန်းခွင်ထဲမှာ မြန်မာလုပ်သားတွေချည်းပဲတော့လည်း မဟုတ်ပါဘူး။ တရုတ်လုပ်သားတွေလည်း ရှိပါတယ်။ တရုတ်ကြီးတွေကတော့ အလုပ်သမားတွေကို ကြီးကြပ်တဲ့အပိုင်းနဲ့ မပင်ပန်းတဲ့ လုပ်ငန်းတွေကို တာဝန်ယူလုပ်ဆောင်ကြပြီး မြန်မာလုပ်သားထက် လစာ သုံးဆလောက် ရကြတယ်လို့ ဒေသခံတွေက ပြောတယ်။

“တရုတ်တွေက ပေါ့ပါးတဲ့ အလုပ်ကို လုပ်ရတယ်။ မြန်မာနိုင်ငံသားတွေကိုကျတော့ သူတို့မလုပ်ချင်တဲ့ ပိုပြီး အန္တရာယ်များတဲ့ အလုပ်ကို လုပ်ခိုင်းတယ်။ လုပ်ငန်းအတွင်း အကာအကွယ် ပစ္စည်းဆိုလည်း ကုမ္ပဏီက ဘာမှမပေးဘူး။ ကိုယ့်ဘာသာကို ကာကွယ်ယူပြီး လုပ်ရတယ်”လို့ ချီဖွေက အလုပ်လာလုပ်တဲ့ အလုပ်သမား အမျိုးသား တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အဲဒီ လုပ်ကွက်ထဲမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေထဲမှာ ဒေသခံတွေချည်း မဟုတ်ဘဲ တစ်နယ်တစ်ကျေးကနေ ပွဲစားကတစ်ဆင့် ရောက်လာသူတွေလည်း ရှိတယ်။ သူတို့တွေဟာ လုပ်ကွက်ထဲမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရသလို အနိုင်ကျင့်ခံနေရတာတွေလည်း ကြုံနေရတယ်လို့ အဲဒီ လုပ်ကွက်မှာ တစ်ပတ်လောက် အလုပ်လုပ်ပြီး မနေနိုင်လို့ ပြန်လာတဲ့ မြစ်ကြီးနားက ကိုဇော်အောင်(အမည်လွှဲ)ဆီက သိရပါတယ်။ သူကိုယ်တိုင်လည်း ပွဲစားရဲ့ အဆွယ်ကောင်းမှုကြောင့် ရောက်လာခဲ့တာပါ။

“အလုပ်ခေါ်ပေးတဲ့ ကြားက ပွဲစားတွေက ကျွန်တော်တို့ကို ခေါ်တုန်းက ၇ ယွမ်၊ ၈ ယွမ်ပေးမယ် ဆိုပြီး ဒီရောက်တော့ လုံးဝကွာခြားနေတယ်။ ၅ယွမ်ပဲပေးတော့ ဘယ်လိုမှမကိုက်ဘူး။ အဲဒီမှာမှ တူရွင်းတစ်စုံမှာ ၂၂၀ ယွမ် နုတ်တယ်။ ထမင်းဖိုးက တစ်ရက်မှာ ၃၀ ယွမ်၊ လက်အိတ်က ၅ ယွမ်ဆိုတော့ သူတို့ကို လုပ်ကျွေးနေသလိုဖြစ်နေတော့ ပြန်မယ်ဆိုပြီးကားစောင့်နေတာပါ”လို့ သူကပြောပါတယ်။

တရုတ်နိုင်ငံသားတွေကတော့ လုပ်ကွက်ထဲဝင်လာရင် သူတို့ကို မထိခိုက်နိုင်အောင် အကာအကွယ်ဝတ်စုံပြည့် ဝတ်ဆင်ပြီးမှဝင်ရောက်ကြတယ်။ ဒီ လုပ်ငန်းက သူတို့ကို ဘာတွေဆိုးကျိုး ဖြစ်နေစေသလဲဆိုတာသိအောင်လည်း သုံးလ တစ်ကြိမ်၊ ခြောက်လတစ်ကြိမ်ဆိုသလို တရုတ်ပြည် ပြန်ပြန်ပြီးတော့ Medical Check Up လုပ်ပြီး လိုအပ်တဲ့ဆေးတွေ သောက်သုံးကြတယ်လို့ မြန်မာလုပ်သားတွေဆီက သိရတယ်။ မြန်မာလုပ်သားတွေ အဖို့တော့ ကျန်းမာရေးစစ်ပေးဖို့မပြောနဲ့ လုံခြုံရေးဝတ်စုံတောင် ထုတ်မပေးဘူးတဲ့။ ခန္ဓာကိုယ်ကို ကာကွယ်တဲ့ ပစ္စည်းဆိုလို့ လက်အိတ်တစ်မျိုးပဲ ထုတ်ပေးတယ်၊ ဒါကလည်း အလကားရတာ မဟုတ်ပါဘူး။ ဝင်ငွေထဲက လက်အိတ်တန်ဖိုးကို ပြန်ဖြတ်တာပါ။

မြေရှား ဒြပ်စင်သတ္တု ထုတ်လုပ်ရာမှာ အဆင့်အားဖြင့် တောတောင်တွေကို ရှင်းတာရယ်၊ ရေဘုံပိုင်ရိုက်သလို အချင်းခြောက်လက်မပတ်လည်လောက် ရှိတဲ့ကျင်းကို အနက် ၁၂ မီတာလောက်အထိ တူးတာရယ်၊ ကျင်းထဲကို တွဲဖက်ဓာတ်ဆေးအဖြစ် အမိုနီယမ်ဆာလ်ဖိတ် (NH4)2 SO4 တွေ၊ အက်စစ်တွေ ထည့်တာရယ်၊ အဲဒီကျင်းတွေအောက်မှာ ဂလှိုဏ်ဖောက်ပြီး  သတ္တုရည်တွေကို လှောင်ကန်ထဲထည့်တာ ရယ်၊ ၁၀_၂၀ လောက်အကျယ်ရှိပြီး မိုးကာစ ခံထားတဲ့ လှောင်ကန်တွေထဲကို ထည့်တာရယ်၊ သတ္တုအနှစ်တွေကို အခြောက်ခံတာရယ်၊ ခြောက်ပြီးသား သတ္တုတွေကို အိတ်ထဲထည့်ပြီး တရုတ်ပြည်ပို့ဖို့ ကားပေါ်တင်တာရယ် ဆိုပြီး အဆင့်ဆင့် လုပ်ကြရပါတယ်။ အဲဒီ အဆင့်တိုင်းကို မြန်မာ လုပ်သားတွေက လုပ်ခလစာ မတန်တရာနဲ့ လုပ်ကိုင်နေကြရတာပါ။

မြေရှား
အနည်ထိုင်သတ္တုရည်မှ အပေါ်ယံရေကို အဆင့်ဆင့် ပိုက်များဖြင့် ရေစစ်ကန်သို့ပေးပို့ပုံ

အဲဒီကျင်းတူးတဲ့ အလုပ်သမားတွေက တွင်းဝအကျယ်ကို ၆ လက်မလောက်ရှိပြီး၊ အနက် ၁၂ မီတာအထိတူးရတယ်။ ပေနှစ်ဆယ်လောက်ရှည်တဲ့ သံတိုင်ကြီးတွေကို မြေကြီးထဲ နက်သည်ထက် နက်အောင် ထိုးထိုးစိုက်နေတာ တွေ့ခဲ့ရတယ်။ လုပ်အားခကတော့ တစ်မီတာကို တရုတ်ငွေ ၅ ယွမ် (မြန်မာငွေ ၁၀၀၀ ကျပ်ခန့်) ရကြတယ်။ ၁၂ မီတာအနက်ဆိုတော့ တစ်ကျင်းကို  မြန်မာငွေကျပ် ၁၃၀၀၀ လောက်ရတာပေါ့။ ဒါပေမဲ့ လက်အိတ်ဖိုးတွေ၊ လုပ်ငန်းသုံးပစ္စည်းပစ္စယဖိုးတွေ၊ ထမင်းဖိုးတွေ အနှုတ်ခံရတော့ အလုပ်သမားတွေမှာ နစ်နာနေရတယ်လို့ မြစ်ကြီးနားက အလုပ်လာလုပ်တဲ့ ကိုဇော်အောင်က ပြောပါတယ်။ သူကတော့ တောခုတ်တဲ့အလုပ်ကို သုံးရက်လောက်ပဲလုပ်ပြီး မနေနိုင်လို့ ပြန်ခဲ့တာပါ။

“ကျွန်တော်တို့ အလုပ် ၃ ရက်လောက်လုပ်ထားတာ ပိုက်ဆံတောင်းတာ မပေးဘူး။ တစ်တောင်လုံး ရှင်းပြီးမှ ပိုက်ဆံရဖို့ တစ်ပတ်လောက် ပြန်စောင့်ရဦးမယ်ဆိုပြီး အလုပ်သမားခေါင်းဆောင်က ပြောတော့ မသေချာဘူးဆိုပြီးတော့ ကိုယ့်လမ်းစရိတ်နဲ့ကိုယ် ပြန်ခဲ့ရတာပါ။ ကိုယ့်လုပ်အားခက အရှုံးခံရတာပေါ့”လို့ လုပ်ငန်းရှင်တွေရဲ့ ခေါင်းပုံဖြတ်မှုတွေကို ပြောပါတယ်။

မြစ်ကြီးနားမှာ အလုပ်လုပ်ရင် နေ့စားခတစ်ရက်ကို ၅၀၀၀ လောက်ပဲ ရတော့ မိသားစုအတွက် ဘယ်လိုမှ မကာမိတဲ့အတွက် လာရောက်လုပ်ကိုင်တာ ဖြစ်တယ်လို့လည်း သူက ဖြည့်စွက် ပြောပြသွားပါသေးတယ်။ ဒါပေမဲ့လည်း အလုပ်ခေါ်တဲ့သူတွေ မက်လုံးပေးခဲ့တဲ့ ၈ ယွမ်သာ တကယ်ရမယ် ဆိုရင်တော့ တစ်ရက်ကို နှစ်တွင်းလောက် တူးနိုင်ရင်ကိုပဲ မြန်မာငွေ သုံး-လေးသောင်းလောက် အသာလေးရမှာဖြစ်ပြီး တစ်လတစ်လကို ဆယ်သိန်းကျော်လောက်ရမှာ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

“အဲဒီ ၁၀ သိန်းကျော်ထဲကနေ သံတူရွင်းဖိုးနဲ့ လက်အိတ်ဖိုး၊ ထမင်းဖိုးတွေ နုတ်လိုက်ဦးတော့ ၇ သိန်းလောက်က အသားတင်ကျန်ဦးမှာ။ ဒါပေမဲ့ အခုက ၅ ယွမ်ဆိုတော့ တစ်လလုံးလုပ်မှ ယွမ် ၃၆၀၀ လောက်ပဲ ရမယ်။ မြန်မာငွေနဲ့ တွက်ရင်တော့ ၈ သိန်းလောက်ရမှာပေါ့၊ သူတို့ပေးထားသမျှ၊ ကျွေးထားသမျှတွေ တန်ဖိုးတွက်ချက် ပြန်ဖြတ်တာနဲ့ဆိုရင် အလုပ်သမားတွေအတွက် ကျန်လှရင် ၃-၄ သိန်းလောက်ပဲ ဆိုတော့ အဆင်မပြေဘူး။ အိုးမကွာအိမ်မကွာ ကိုယ့်မြို့ကို ပြန်လုပ်တာမှ တော်သေးတာပေါ့။ အခုက ၅ ယွမ်ပဲပေးတော့ မကိုက်ဘူး။ လက်အိတ်ကလည်း ကိုယ်ပိုက်ဆံနဲ့ကိုယ် ဝယ်ရတယ်။ ထမင်းကျွေးတာကလည်း တစ်ရက် ၃ ခေါက်သာပြောတာ ဘာမှမကောင်းဘူး။ ဝက်စာလိုလို ချက်ကျွေးတယ်”လို့ လုပ်ငန်းခွင်ထဲမှာ သူတို့ အနိုင်ကျင့်ခံနေရတဲ့အဖြစ်ကို မြစ်ကြီးနားမြို့နယ် မော်ဖောင်းရွာဘက်က အလုပ်လာလုပ်တဲ့ အမျိုးသားက ပြောပါတယ်။

နောက်ဆုံးအဆင့်တွင် သတ္တုအနည်များကို အနည်ထိုင်ကန်များအတွင်း ထည့်၍ ရေစစ်ထုတ်ထားပုံ

မြေရှားထုတ်လုပ်ရာတွင် အသုံးပြုသည့် တွဲဖက်ဓာတ်ဆေးဖြစ်သော အမိုနီယမ်ဆာလ်ဖိတ်များ

သတ္တုတူးဖော်တဲ့ နည်းကတော့ အမိုနီယမ်ဆာလ်ဖိတ်အပါအဝင် တခြား Chemical Compound ရောထားတဲ့ အရည်တွေကို ၁၂ မီတာ တွင်းထဲကို ထည့်လိုက်ပြီး အဲဒီဓာတ်တွေကြောင့် ဓာတ်ပြုပြီး ထွက်လာတဲ့ နို့နှစ်ရောင် ပျော်ရည်တွေကို လှိုဏ်ဖောက်ပြီး မြေရှားရည်သိုလှောင်ကန်မှာ ပြန်လှောင်ထားပါတယ်။ သိုလှောင်ကန်ဆိုတာကတော့ မြေကျင်းတူးပြီး ကျင်းထဲမှာ စိမ့်ဝင်မသွားအောင် မိုးကာခင်းထားတဲ့ ယာယီကန်တွေပါ။ တစ်နေရာတစ်နေရာမှာ အဲလို လှောင်ကန်တွေကအများကြီး လုပ်ထားပါတယ်။ လှောင်ထားပြီး မြေရှားရည်တွေ အနည်ထိုင်လာတဲ့အခါ အပေါ်ယံ ရေကြည်တွေကို ပြန်စုပ်ထုတ်တယ်၊ ရရှိလာတဲ့ အနည်အစိုတွေကိုတော့ အနည် သိုလှောင်ကန်ထဲကိုထည့်ပြီး အခြောက်ခံထားတယ်လို့ သိရပါတယ်။ သိုလှောင်ထားတဲ့ အနည်တွေခြောက်သွားပြီ ဆိုရင်တော့ သူတို့လိုချင်တဲ့ မြေရှားလို့ ခေါ်တဲ့သတ္တုကို ရရှိပြီဖြစ်လို့ အိတ်တွေထဲကို ထည့်ပြီး တရုတ်နိုင်ငံကို ကားကြီးတွေနဲ့ သယ်ယူသွားပါတယ်။ အဲဒီလို လေးလံတဲ့ သတ္တုမှုန့်တွေကို အိတ်ထဲထည့် ထုတ်ပိုးတဲ့အခါမှာလည်း မြန်မာလုပ်သားတွေကိုပဲ လုပ်ခိုင်းပါတယ်။ လုပ်သားတွေ တူးထားတဲ့ တွင်းပေါက်တွေထဲကို  အရမ်းပြင်းတဲ့ အက်စစ်တစ်စက်ချင်း လိုက်ထည့်ရတဲ့ အလုပ်လုပ်အားခ ပိုရတယ်လို့ သိရပါတယ်။ အဲဒီအက်စစ်ထည့်တဲ့ သူကိုကျတော့ တစ်လကို ယွမ် သုံး-လေးထောင်အထိ ပေးတယ်လို့ သိရပြီး ဓာတ်မတည့်တဲ့သူတွေနဲ့ ဆိုရင်တော့ ထည့်လိုက်တဲ့ညမှာတင် တစ်ကိုယ်လုံးရောင်ပြီး အသားအရောင်တွေ ဝါတဲ့သူကဝါ၊ ညိုတဲ့သူကညို၊ ပြောင်းသွားတတ်တယ်လို့ ချီဖွေစစ်ရှောင်စခန်းက အလုပ်လာလုပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့သုံးတဲ့ အက်စစ်က အရမ်းပြင်းတယ်လို့ပြောတယ်။ ဘာအက်စစ်လဲဆိုတာတော့ မသိဘူး။ အဲဒီအက်စစ် ထည့်လိုက်တာနဲ့မြေကြီးထဲမှာ ရှိနေတဲ့ ရေတွေကို စုတ်တင်ပြီး ကန်ကြီးထဲမှာ ဖျော်လိုက်တယ်။ အဲဒါကို သူတို့က တောင်ပေါ်မှာ ဖောက်ထားတဲ့ အပေါက်ထဲကို အဲဒီ ပျော်ရည်တွေကို ထည့်လိုက်တယ်။ အဲဒီအရည်တွေက စုပြီး သူတို့ပြန်ခံထားတဲ့ အပေါက်ကနေပြန်ထုတ်တယ်။ အဲဒီ ပြန်ထွက်လာတဲ့ အရည်တွေက နို့အရောင်လို ပြန်ထွက်လာတယ်”လို့ The Northern Green Lights/ Kachain Conservation Work Group (TNGL/KCWG) အဖွဲ့မှအကြံပေး ဆရာဘရန်အောင်က သုတေသနပြုလုပ်ချက်တွေကို ပြောပြပါတယ်။

တွင်းဝထဲ အက်စစ်လောင်းထည့်တဲ့ အလုပ်ကို မြန်မာလုပ်သားတွေထဲက သားသမီးရှိပြီးသား အိမ်ထောင်ရှင်တွေကိုပဲ ကိုင်တွယ်ခိုင်းပြီး အိမ်ထောင်မရှိသေးတဲ့ လူပျိုတွေကိုတော့ မျိုးဆက်မပွားနိုင်မှာ စိုးလို့ မလုပ်ခိုင်းဘူးလို့ တရုတ်လုပ်ငန်းရှင်တွေကပြောတယ်လို့ အလုပ်သမားတွေက တစ်ဆင့်ပြန်ပြောပြပါ တယ်။ ပြီးတော့ အဲဒါလုပ်တဲ့သူတွေက ပိုက်ဆံလည်း တခြားလုပ်တဲ့သူတွေထက် ပိုရတယ်လို့လည်း သိရပါတယ်။

မြေရှား
မြေရှားသတ္တုများကိုတွေ့ရစဉ်

မြေရှားသတ္တု နမူနာကို (ကျဘန်း) စနစ်ဖြင့် ကောက်ယူနေပုံ
“လူပျိုတွေကိုတော့ မလုပ်နဲ့ ကလေးမရနိုင်ဖြစ်သွားမယ်ပြောတယ်။ သတ္တုလုပ်ကွက်မှာ အလုပ်လုပ်တဲ့ လူပျိုတွေကိုဆိုရင် အများဆုံး ၆ လလောက်ပဲ လုပ်ခိုင်းပြီးတော့ ပြန်လို့ပြောတယ်။ ဘာဖြစ်လို့လဲလို့ မေးတော့ ကလေးမရနိုင်ဖြစ်သွားမယ်လို့ ကုမ္ပဏီက လုပ်ငန်းရှင်တွေကပြောတယ်”လို့ အသက် ၁၇ နှစ်ခန့်ရှိတဲ့ လူငယ်အလုပ်သမားတစ်ဦးက  ပြောပါတယ်။

အဲဒီ အက်စစ်လောင်း
ထည့်တဲ့နေရာမှာ အိမ်ထောင်ရှင်တွေကိုသာ ခိုင်းတယ်ဆိုပေမယ့်လည်း တချို့သော မူးယစ်ဆေးဝါးသုံးစွဲကြတဲ့လူပျိုတွေက ဖြစ်ချင်တာဖြစ် ဆေးဖိုးရရင်ပြီးရောဆိုပြီး ပိုက်ဆံ အများကြီးရတဲ့ အဲဒီအလုပ်ကို အန္တရာယ်ရှိမှန်းသိသိနဲ့ လုပ်ကြတယ်လို့ စစ်ရှောင်အမျိုးသားက ဆက်လက်ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ဘယ်လောက်ပဲပင်ပန်းတဲ့ အလုပ်ဖြစ်ပါစေ တရုတ်နိုင်ငံ အလုပ်သမားတွေထက် မြန်မာအလုပ်သမားတွေက လုပ်အားခ သုံးပုံတစ်ပုံခန့်သာရရှိကြတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

“ကျွန်တော်တို့ကို တရုတ်နိုင်ငံသားတွေလောက် ပိုက်ဆံမပေးဘူး။ တရုတ်တွေက သူတို့ လူတွေကိုဆိုရင်တော့ နေ့စားခ တစ်ရက်ကို ၃၀၀လောက်ပေးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို ကျတော့ ၁၀၀ လောက်ပဲ ပေးတယ်။ အလုပ်လာလုပ်တဲ့ သူတွေကတော့ မြန်မာနိုင်ငံအနှံမှာ ရှိတဲ့သူတွေ လာလုပ်ကြတယ်”လို့ ချီဖွေမြို့က အလုပ်လာလုပ်တဲ့ အမျိုးသားတစ်ဦးက ရှင်းပြပါတယ်။

ဒါ့အပြင် အလုပ်လာခေါ်တဲ့သူတွေက အလုပ်သမားတွေကို ခေါင်းပုံဖြတ်ခံရတာတွေလည်း ရှိနေပြန်သေးတယ်။ တရုတ်တွေက ၈ ယွမ်ဆိုရင် ကြားပွဲစားက အလုပ်သမားတွေကို ၅ ယွမ်လောက်ပဲ ပေးတယ်။ တရုတ်က တစ်လကို ယွမ် ၃၀၀၀ ဆိုရင် အလုပ်သမားတွေက ယွမ် ၂၀၀၀ လောက်ပဲ ပေးတာတွေလည်း ရှိတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

“အလုပ် ခေါ်ပေးတဲ့သူတွေက ကြားကနေ ဖြတ်ယူလိုက်တာမျိုး လုပ်ကြတယ်။ မင်းတို့ အလုပ်ရဖို့ ငါခေါ်ပေးတာ ဒါကြောင့် တရုတ်က တစ်ရက်ကို ယွမ် ၂၀၀ ပေးရင် ၁၅၀ ပဲပေးတယ်။ မင်းက ၁၂၀ ယူဆိုပြီး အဲဒီလိုလုပ်စားတဲ့သူတွေလည်းရှိတယ်။ ကျွန်တော်တို့က တရုတ်စကားမတတ်တော့ တရုတ်ကိုယ်စားလှယ် ကို ဘယ်လိုမှသွားမမေးရဲဘူးဆိုတော့ ဒီအတိုင်းပဲခံလိုက်တယ်”လို့ အသက် ၁၈ နှစ်လောက်ရှိတဲ့ မြစ်ကြီးနားကလာတဲ့ ဆန်မိုင်အောင်က ပြောပါတယ်။  အဲဒီဒေသမှာ တရုတ်တွေရဲ့ ကုမ္ပဏီ လုပ်ကွက်ပေါင်း မြောက်မြားစွာ ရှိတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ လုပ်ကွက်တွေ အားလုံးကတရားမဝင် လုပ်ကွက်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနမှာ လုပ်ငန်းလိုင်စင်လုပ်ထားတဲ့ မြေရှားသတ္တုလုပ်ကွက် မရှိဘူးလို့ သိရပြီး မြန်မာမျိုးကိုကို ကုမ္ပဏီတစ်ခုကတော့ သံသတ္တုတူးဖော်ဖို့ လုပ်ကွက်ရရှိထားပေမယ့် သံသတ္တုအထွက်နည်းလို့ မြေရှားသတ္တုတူးဖော်မယ်ဆိုပြီး လုပ်ငန်းပြောင်းလျှောက်ထားမှုရှိတယ်လို့ အဲဒီဌာနက ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဒါပေမဲ့ အဲဒီမြန်မာမျိုးကိုကိုကုမ္ပဏီရဲ့ လုပ်ငန်းပြောင်းလျှောက်ထားမှုကို အတည်မပြုသေးဘဲ လုပ်ငန်းလိုင်စင်ချပေးနိုင်ဖို့ သတ္တုတွင်းဦးစီးဌာနနဲ့ အခြားသက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး ကွင်းဆင်း စစ်ဆေးတဲ့ အဆင့်သာ ရှိသေးတယ်လို့ ညွှန်ကြားရေးမှူးကဆက်လက်ပြောပါတယ်။

ပန်ဝါဒေသကို စိုးမိုးနေတဲ့ ကချင်အထူးဒေသ(၁) New Democracy Army- Kachin(NDA-K)  ဖွံ့ဖြိုးအုပ်ချုပ်ရေးကော်မတီကို သတ္တုလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ သူတို့အဖွဲ့အစည်းနဲ့ ဘာမှ ပတ်သက်ဆက်နွယ်မှုမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

“သတ္တုလုပ်ကွက်တွေက ကျွန်တော်တို့အဖွဲ့အစည်းတွေအနေနဲ့ သိပ်မသိဘူး။ ဘာကြောင့်ဆိုရင် ကုမ္ပဏီလုပ်ငန်းတွေ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်အဆင့်ကပဲ တိုက်ရိုက်ကိုင်တွယ်အုပ်ချုပ်တာ ဖြစ်လို့ ကျွန်တော်တို့မှာ အခွင့်အရေးမရှိပါဘူး။ ဒီမှာ ဘာတွေထွက်နေတယ်။ ဘာတွေလုပ်နေတယ်ဆိုတဲ့ သာမန်ကာလျှံကာလောက်ပဲ ကျွန်တော်တို့ သိပါတယ်”လို့  ကချင်အထူးဒေသ (၁)NDA-K  ဖွံ့ဖြိုးအုပ်ချုပ်ရေး ကော်မတီက ဒုတိယဥက္ကဋ္ဌ ဦးဝမ်ထယ်ဘရန်အောင်က ပြောပါတယ်။

ဒါ့အပြင် သတ္တုလုပ်ငန်းနဲ့ပတ်သက်ပြီး NDA-K ဖွံ့ဖြိုးအုပ်ချုပ်ရေးကော်မတီကနေပြီး သိထားတဲ့ အခြား အချက်အလက်တွေကတော့ လုပ်ငန်းရှင်က တရုတ်ပြည်ကတရုတ်တွေလာပြီး အရင်းအနှီး စိုက်ထုတ်တာ ဒီကကုမ္ပဏီတွေက လုပ်ငန်းပိုင်းကို အားစိုက်ကြတယ်ဆိုတာပဲသိရပြီး သူတို့အဖွဲ့အနေနဲ့ လမ်းခွန်အနေနဲ့ ကားတစ်စီးကို အဝင်အထွက် ယွမ် ၂၀၀ ကောက်ယူတာလောက်ကိုပဲ လုပ်တယ်လို့ ဒုတိယဥက္ကဋ္ဌက ဆက်ပြောပါတယ်။

အခုဆိုရင် ပန်ဝါဒေသမှာ မြေရှားသတ္တုလုပ်ကွက်တွေ တစ်စထက်တစ်စ များလာတာကြောင့် တောတောင်တွေ ပြောင်ရှင်းပြီး သဘာဝပတ်ဝန်းကျင်တွေ ပြောင်းလဲသွားတဲ့အတွက် အရင်က ခါးလယ်လောက်အထိ နှင်းမှုန်တွေ အဖတ်လိုက် ကျရောက်ဖုံးလွှမ်းခဲ့တဲ့ ပန်ဝါဒေသမှာ အခုနောက်ပိုင်း အအေးဓာတ်လျော့ပါးလာပြီး သဘာဝပတ်ဝန်းကျင်တွေလည်း အရမ်း ညစ်ညမ်းလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“သူတို့ဝင်လာတာ ကျွန်တော်တို့အတွက်တော့ ဘာမှယူစရာ မရှိဘူး။ အမှိုက်ပဲများလာတယ်။ ရေတွေလည်း အသုံးပြုလို့ မရတော့ဘူး။ ငါးတွေလည်း ကောင်းတာဆိုတာ မရှိသလောက်ဖြစ်သွားပြီး အနာတွေပဲ ဖြစ်နေတယ်။ ရေတွေ ထိမိရင် လူတွေရဲ့ ခန္ဓာကိုယ် ယားယံတာမျိုးတွေ ဖြစ်လာတယ်။ တိရစ္ဆာန်တွေ သောက်လို့ရှိရင် သေတာမျိုးအထိ ဖြစ်ရတယ်”လို့ ချီဖွေဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မြေရှားသတ္တု (Rare Earth)ဆိုတာက မြေကြီးထဲက ဒြပ်စင်ပေါင်း ၁၄ မျိုးပါတဲ့ သတ္တုတစ်မျိုးဖြစ်ပြီး ဈေးကွက်က ဂျပန်နိုင်ငံမှာ အဓိကရှိတယ်လို့သိရတယ်။ ကမ္ဘာမှာ တင်ပို့မှုအများဆုံးနိုင်ငံက တရုတ်နိုင်ငံ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့မျက်နှာပြင်ပေါ်က ရှားပါးတဲ့ပစ္စည်း ၂၅ မျိုးထဲက တစ်မျိုးအပါအဝင် ဖြစ်တယ်။ အဲဒီသတ္တုကို မီးအားနည်းနည်းနဲ့ အသုံးပြုတဲ့ မီးလုံးတွေ၊ ကားအိတ်ဇောက ကာဗွန်နိုအောက်ဆိုဒ်ကို ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ပြောင်းလဲတဲ့နေရာတွေ လျှပ်စစ်နဲ့အသုံးပြုတဲ့ ဒယ်အိုးတွေမှာ ဆီမကပ်အောင်သုတ်လူးတဲ့ နေရာတွေမှာ သုံးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေရှားသတ္တုကို လူသားတွေနေ့စဉ်သုံးနေတဲ့ ကွန်ပျူတာမန်မိုရီတွေ၊ ဒီဗီဒီတွေ၊ အားပြန်သွင်းတဲ့ ဓာတ်ခဲတွေ၊ သံလိုက်တွေစတဲ့ စတဲ့ ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုတယ်လို့လည်း သိရပါတယ်။ လက်ပ်တော့ဓာတ်ခဲတွေ၊ ကင်မရာဓာတ်ခဲတွေလို မြောက်မြားလှစွာသော လျှပ်စစ်အားသွင်း ဓာတ်ခဲတွေက မြေရှားသတ္တုနဲ့ ပြုလုပ်ထားတာ ဖြစ်လို့ ကမ္ဘာမှာ ဝယ်လိုအားက မြင့်မားပါတယ်။

“ဒါကို တခြားနိုင်ငံမှာလည်း ထုတ်ကြတယ်။ ဒါပေမဲ့ ဆိုးကျိုးများတဲ့လုပ်ငန်းဖြစ်လို့ ဘယ်သူမှ မထုတ်ကြတော့ဘူး။ ဒါကို တရုတ်တွေက ကျွန်တော်တို့နိုင်ငံမှာပဲ ဘာလို့လာလုပ်နေတာလဲ။ အစိုးရက လည်း ဘာကြောင့် ဒီအတိုင်းထားထား ရသလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်”လို့ (TNGL/KCWG) အဖွဲ့မှ အကြံပေးဆရာဘရန်အောင်က သုံးသပ်ပြောကြားပါတယ်။ အဓိကဈေးကွက်က တရုတ်နိုင်ငံတွင်ရှိပြီး ဂျပန်လို လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုများတဲ့နိုင်ငံတွေက ဝယ်ယူမှုအများဆုံး ဖြစ်တယ်လို့ အင်တာနက် ဝက်ဘ်ဆိုဒ်တွေက လေ့လာသိရပါတယ်။ အဲဒါထုတ်တာက မြေကြီးတွေ၊ ရေတွေ၊ အဲဒီနေရာတစ်ဝိုက်မှာ ရှိတဲ့ စိုက်ခင်းတွေ၊ မြေဆီလွှာတွေ၊ မြေအောက်ရေ၊ သားကောင်တွေ၊ အပင်တွေအားလုံးကို ပျက်စီးစေတဲ့ အရာ ဖြစ်တယ်လို့ အင်တာနက်စာမျက်နှာတွေမှာ ပါရှိထားတာ တွေ့ရပါတယ်။ အဲဒီလုပ်ကွက်က စီးလာတဲ့ ရေကိုထိရင် ယားပြီး နောက်ပြီးသတ္တုထုတ်ပြီးတဲ့ တောင်ကလုံးဝပျက်စီးသွားပြီ ဖြစ်တဲ့အတွက် ဘာမှ စိုက်စားလို့ မရတော့ပါဘူး။ ဒေသခံတွေမှာလည်း မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေကြောင့် မပြောမဆိုရဲကြတော့ တောတောင်တွေ ပျက်စီးနေမှန်းသိသိနဲ့ လက်ပိုက်ကြည့်နေကြတယ်လို့ ဆိုတယ်။

အားလုံးပျက်စီးသွားလို့ အဲဒီမြေကြီးက အဆိပ်လွှမ်းတဲ့မြေကြီး ဖြစ်သွားတယ်။ပြီးတော့ အဲဒီက ထုတ်လိုက်တဲ့ရေတွေက ချောင်းတွေ၊ မြစ်တွေထဲကိုစီးဝင်ပြီး ရေနေသတ္တဝါတွေကို သေကျေ ပျက်စီးစေတယ်။ အဲဒီရေကအခြားကို စီးဆင်းသွားတာဖြစ်တဲ့အတွက် အခြားဒေသက လူတွေက အဲဒီရေကို သုံးစွဲတဲ့သူတွေကို ထိခိုက်စေနိုင်တဲ့အတွက် အဲဒီအကြောင်းကို သိတဲ့ ဒေသခံတွေက မသုံးကြပါဘူးလို့ ပြောကြပါတယ်။

ဒေသခံတွေရဲ့ ဆန္ဒကတော့ သူတို့ဒေသ သဘာဝပတ်ဝန်းကျင်ကြီး မပျက်စီးစေချင်လို့ သက်ဆိုင်ရာ အစိုးရမင်းတွေကို အချိန်မီလာရောက်တားဆီးပေးစေချင်နေကြတယ်။ ဒီ မြေရှားသတ္တုတူးတဲ့ လုပ်ငန်းက နောက်ဆုံးအချုပ်ပြောရရင် လူသားမျိုးနွယ်နဲ့ ပတ်ဝန်းကျင်ကို ဘာမှမကျန်အောင် အမြစ်ပြတ်၊ ပျက်စီးပြုန်းတီးသွားအောင်လုပ်တဲ့ပုံစံ ဖြစ်လာနိုင်တယ်။ မြေကြီးပြိုတာ၊ မိုးရေကနေ တစ်ဆင့် အဆိပ်ရည်တွေ ချောင်းထဲကို ရောက်သွားတာ၊ သောက်သုံးရေထဲ ရောက်သွားတာ၊ လေထဲကို ရောက်သွားတာတို့ ဖြစ်လို့ရှိရင် လူတွေကို ဘာဖြစ်စေနိုင်သလဲ ဆိုတာတွေက စဉ်းစားစရာဖြစ်ပါတယ် လို့လည်း ဆရာဘရန်အောင်က ဆက်လက်ပြောဆိုပါတယ်။

ဒါပေမယ့် ၁၉၉၄ ခုနှစ်လောက်ကစပြီး သန္ဓေတည်လာခဲ့တဲ့ သတ္တုလုပ်ကွက်တွေက အဓိကအားဖြင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်ဒေသဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ၊ ဖီမော်၊ စင်ကြိုင်၊ ကန်ပိုင်တီစတဲ့ဒေသတွေမှာ တောင်ခေါင်းတုံးတွေ၊ မြေပွမြေပျက်တွေ ဖြစ်စေခဲ့ပါပြီ။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာအစိုးရနဲ့ လုပ်ငန်းရှင် ကုမ္ပဏီတွေအနေနဲ့ ပြည်သူအများသိအောင် ပွင့်လင်းမြင်သာတင်ပြတာမျိုးတွေ၊ ကွင်းဆင်းစစ်ဆေးပြီး ဒေသအတွက် ဆိုးကျိုးတွေကျန်ရစ်စေမယ့် လုပ်ငန်းတွေကို တားဆီးသင့်ရင် တားဆီးသင့်ပါပြီ။

ပြီးတော့ အလုပ်သမားတွေ သတ်မှတ်လုပ်အားခတွေ ရရှိအောင်၊ အန္တရာယ်မဖြစ်အောင်၊ လုပ်အားခ ခေါင်းပုံဖြတ်မခံရအောင် အချိန်မီ ကယ်တင်နိုင်ဖို့ မြစ်ကြီးနားသတင်းဂျာနယ်က စုံစမ်းဖော်ထုတ် ရေးသားတင်ပြလိုက်ရပါတယ်။

မွန်းမွန်းပန် ရေးသားသည်။