ကချင်ပြည်နယ်လွတ်တော်

ဇန်နဝါရီ ၂၉

ယနေ့ကျင်းပ ပြုလုပ်သည့် ကချင်ပြည်နယ်လွှတ်တော် အထူးအစည်းဝေး (ဒုတိယနေ့) အစီအစဉ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးဋ္ဌာန ပြင်ဆင်ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်သမ္မ သဝဏ်လွှာအား လွှတ်တော်ကိုယ်စားလှယ်များမှ ကချင်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးခဲ့ရာ အတည်ပြုနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနအား ဝန်ကြီးဌာန နှစ်ခုခွဲ၍ ပြောင်းလဲလုပ်ကိုင်သွားရန် အဆိုပြုလာခြင်းအပေါ်တွင် တနိုင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် အင်းဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန် တို့မှ ကန့်ကွက်ဆွေးနွေးခဲ့သည်။

“ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းမယ်ဆိုရင် ဝန်ကြီးတစ်ပါး ခန့်အပ်ရမှဖြစ်ပါတယ်။ ဝန်ကြီးတစ်ပါးခန့်အပ်လို့ရှိရင် ဝန်ကြီးတစ်ပါးရဲ့ အဆောင်အယောင် ဝန်ကြီးတစ်ပါးရဲ့ အသုံးစရိတ် ဘတ်ဂျတ်တွေ ထည့်သွင်းစဉ်းစားဖို့ လိုလာမှာ ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးရဲ့ စွမ်းဆောင်ရည်ကရော ကျနေပြီလားပေါ့။ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ကျွန်တော်အနေနဲ့ဒီဝန်ကြီးဌာန ဖွဲ့စည်းခြင်းကို လွှတ်တော်မှတ်တမ်းနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်ရပါကြောင်း ဆွေးနွေးတင်ပြအပ်ပါတယ်” ဟု ဦးဇော်ဝင်းမှ ကန့်ကွက်ဆွေးနွေးခဲ့သည်။

ယင်းသို့ကန့်ကွက်ဆွေးနွေးခဲ့သဖြင့် လွှတ်တော်မှ မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးသူ ၄၆ ဦးမှ ၂၈ ဦးမှ ကန့်ကွက်ခဲ့ကြပြီး ၁၈ ဦးသာ ထောက်ခံခဲ့သဖြင့် ပြောင်းလဲဖွဲ့စည်းနိုင်ခြင်း မရှိခဲ့ပဲ လက်ရှိ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်ကိုသာ ဆက်လက်တာဝန်ပေးအပ်သည်။

ထို့ပြင်ပြည်နယ်အစိုးရအဖွဲ့အတွင်း လစ်လပ်နေသည့် ဝန်ကြီးနေရာများအတွက် လူမှုရေးဝန်ကြီးအဖြစ် လက်ရှိစည်ပင်သာယာရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးနေဝင်း၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်(၂) မှဦးနော်လီ၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ်(၂) မှ ဦးကျော်ကျော်ဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး အဖြစ် ဖားကန့်မြိုနယ်မဲဆန္ဒနယ် အမှတ်(၂) မှ ဦးဒါရှီလဆိုင်းတို့အား အမည်စာရင်းတင်သွင်းခဲ့ကြပြီး ကန့်ကွက်လိုသူ လွှတ်တော်ကိုယ်စားလှယ်များရှိခဲ့ပါက ဇန်နဝါရီလ ၃၀ (မနက်ဖြန်) ပြုလုပ်မည့်အစည်းအဝေးတွင် ဆွေးနွေးသွားဖြစ်သည်။

စည်သူ(မြစ်ကြီးနား)