ဝိုင်းမော်၊ ဇန်နဝါရီ ၂၅

ယခုနှစ် တရုတ်ဖရဲသီးဈေးကွက်မှာ ယခင်နှစ်များကထက် သိသာစွာ အရှုံးပေါ်နေကြောင်း တောင်သူများထံမှ သိရသည်။
ယခင်နှစ်များက တရုတ်ကုန်သည်များ ကိုယ်တိုင်လာရောက်ဝယ်ယူမှုများ ရှိသဖြင့် အရောင်းအဝယ်ကောင်းခဲ့သော်လည်း ယခုနှစ်တွင် လာရောက်ဝယ်ယူသူ မရှိသောကြောင့် တရုတ်ဈေးကွက်ကို အားထားနေရသော ဖရဲခင်းပိုင်ရှင်များအနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက် တင်ပို့နေရသည်ဟု ဆိုသည်။

ယခင်နှစ်က တရုတ်ပြည်သို့ တင်ပို့လျှင် တစ်လုံး ၁၅၀၀ ကျပ်ခန့်ရရှိကြောင်း သိရပြီး ယခုနှစ်တွင် တရုတ်နိုင်ငံ၌ ဖရဲသီးဈေးကွက်မတည်ငြိမ်မှုများ ရှိနေခြင်း၊မြန်မာနိုင်ငံတွင်လည်း ရာသီချိန် မဟုတ်သော ကြောင့် ဖရဲသီးတင်သွင်းရန် ခက်ခဲခြင်းတို့ကြောင့် အရှုံးပေါ်နေရကြောင်း စန်းကားကျေးရွာတွင် မြေ ၁၃ ဧက ငှားရမ်း၍ ဖရဲခင်းစိုက်ပျိုးခဲ့သူ ဦးရွဲ့လီက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“တစ်နှစ်ကဆိုရင် တအားကြီး မမြတ်ရင်တောင် ရှုံးတော့ မရှုံးဘူး။ ဒီနှစ်တော့ အရင်း သုံးပုံတစ်ပုံ တောင် ပြန်မရဘူး။ တရုတ်ဘက်က ရာသီဥတုက အရမ်းအေးနေတယ်ဆိုတော့ ဖရဲသီး ဈေးကွက်က မရဘူး။ တရုတ်ပြည်မှာ ကိုယ်တိုင်သွားရောင်းတာတော့ ပထဦးဆုံးအကြိမ်ဆိုတော့ … အရင်နှစ်ကဆိုရင် သူတို့ကိုယ်တိုင်လာဝယ်တယ်။ မြန်မာပြည်မှာဆိုလည်း ပိုတောင်ရှုံးမှာ”ဟု ၎င်းက ပြောသည်။
ယခင်နှစ်က တရုတ်မျိုးရင်း ဖရဲသီးများကို တစ်နှစ်လျှင် နှစ်ကြိမ်ခွဲ၍ စိုက်ပျိုးခဲ့ရသော်လည်း ယခုနှစ်တွင် အရှုံးပေါ်နေသောကြောင့် နောက်ထပ် တစ်ရာသီအတွက် စိုက်ပျိုးနိုင်တော့မည်မဟုတ်ကြောင်း ဦးရွဲ့လီကဆက်လက်ပြောသည်။
“ခြောက်လတစ်ခါ စိုက်လို့ရတယ်။ တရုတ်ဈေးကွက်က မကောင်းဘူးဆိုတော့ နောက်တစ်သုတ် ပြန်စိုက်ဖို့တော့ကြောက်ပြီ။ အခင်းပိုင်ရှင်ကို ပြန်အပ်လိုက်တော့မယ်”ဟု ၎င်းက ပြောသည်။

တောင်သူများ အရှုံးပေါ်နေသကဲ့သို့ မြို့ပေါ်တွင် လက်လီလက်ကား ရောင်းဝယ်သူများလည်း ဈေးကောင်းမရရှိဘဲ ရောင်းရငွေနှင့် အသီးများပုပ်၍ ဆုံးရှုံးရသော တန်ဖိုးမမျှမတ ဖြစ်နေကြောင်း သိရသည်။

ရာသီထွက်ဖရဲသီး မဟုတ်သောကြောင့် ပြည်တွင်းတွင်လည်း ဈေးကောင်းမရကြောင်း၊ ဝယ်ယူသူနည်းပါးကြောင်းနှင့် အသီးများမှာလည်း ကြာကြာအထားမခံသောကြောင့် အရှုံးပေါ်နေရကြောင်း မြစ်ကြီးနားအသီးအနှံ လက်လီရောင်းချသူ ဒေါ်အုန်းစန်းက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ဖရဲသီးဈေးက တစ်လုံး ၁၀၀၀၊ ၁၅၀၀ ပဲ ရတယ်။ တရုတ်ဖရဲသီးတွေက ရက်ကြာကြာလည်း မခံဘူး။ အများကြီး ဝယ်ထားရင်လည်း အဆင်မပြေဘူး။ ခဏလေးဆိုရင် ပုပ်သွားမှာ ဆိုတော့။ အရင်း မရတာတွေတောင်ရှိတယ်။ ရာသီသီးဆိုရင် အလုံးကြီးရင် ၅၀၀၀ အထိတောင် ရောင်းရနိုင်တယ်”ဟု ၎င်းက ပြောသည်။

ဖရဲခြံ စိုက်ပျိုးသူများသည် မြေငှားခ တစ်ဧကသုံးသိန်းနှုန်းပေး၍ ငှားရမ်းလုပ်ကိုင်ရကြောင်း သိရပြီး အလုပ်သမားများ၏ နေ့စားခမှာလည်း တစ်ရက်လျှင် ခြောက်ထောင်ကျပ်စီ ပေးကာ ငှားရမ်းရကြောင်း သိရသည်။

Ann, Benadeth