ဗြိတိသျှတို့ အုပ်စိုးခဲ့ချိန်က ရဟန်းသံဃာတော်များကို ချီးမြှင့်သော အမြင့်ဆုံးဘွဲ့မှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဖြစ်သည်။ ဘွဲ့ရဆရာတော်ကြီးများ များစွာမရှိခဲ့သော်လည်း အရှင်ဘဒ္ဒန္တတိလောက ဆရာတော်ကြီးသည် ထိုဘွဲ့ကို ဆက်ကပ်ခြင်း ခံခဲ့ရသည်။ ဆရာတော်ကြီးသည် သည်းခံမှု၊ ကိုယ်စိတ် နှိမ့်ချမှု၊ ခေါင်းပါးစွာနေထိုင်ကျင့်ကြံမှုတို့ဖြင့် နေထိုင်တော်မူခဲ့သည်။ ရရှိသော လှူဖွယ်ပစ္စည်းများကို သိမ်းဆည်းထားလေ့ မရှိဘဲ တပည့်များ၊ နွမ်းပါးသူများကို စွန့်ကြဲသည်။ သင်္ကန်း၊ ဖိနပ်အသစ်တို့ကို သုံးစွဲလေ့မရှိဘဲ တပည့်ရဟန်းများ သုံးစွဲပြီးသား အဟောင်းတို့နှင့်သာ လဲလှယ်သုံးစွဲလေ့ရှိသည်။ ကျောင်းရှိ ဘေးမဲ့ခွေး ၃၀ ကျော်၏ မစင်အညစ်အကြေးများကို မညည်းမညူနေ့စဉ် ရှင်းလင်းလေ့ရှိသည်။

ထို ဆရာတော်ကြီးကျောင်းနှင့် ပေ ၂၀ဝ ခန့်တွင် မောင်မြသောင်းတို့၏အိမ် ရှိသည်။ မောင်မြသောင်းသည် ဘုန်းကြီးများ ဆွမ်းစားပြီးသည်နှင့် ဘုန်းကြီးကျောင်းသို့ အပြေးအလွှားသွားသည်။ ဘုန်းတော်ကြီးက မုန့်များဝေပေးသောအခါ ငှက်ပျောသီးတစ်လုံးကို သုတ်ခနဲယူ၍ အိမ်သို့ပြန်ပြေးသည်မှာ နေ့စဉ်ပင်ဖြစ်သည်။ မောင်မြသောင်း၏ဖခင် ဦးအေးမောင် ဘုန်းကြီးကျောင်းသို့ ရောက်သောအခါ ဆရာတော်ကြီးက “မောင်အေးမောင် မင်း သားလေးက လောဘတော်တော်နည်းတဲ့ ကလေးပဲ၊ ကျောင်းမှာ မုန့်ပဲသရေစာတွေ ဗန်းကြီး၊ ဗန်းငယ်နဲ့ ဒီလောက်ပေါတာ သူလာတိုင်း ငှက်ပျောသီးတစ်လုံးသာ ယူတယ်ကွယ့်”ဟု မိန့်ခဲ့သည်။

မောင်မြသောင်းသည် ဆရာတော်ကြီးနှင့် မိဘများ၏ ထိန်းသိမ်းပြုပြင်မှုကြောင့် ငယ်ငယ်ကပင် လိမ္မာယဉ်ကျေးသူလေး ဖြစ်ခဲ့သည်။ စာဖတ်ဝါသနာပါသူဖြစ်ပြီး ဂျပန်ခေတ်အတွင်း စာကြည့်တိုက်မှ စာအုပ်တစ်အုပ်မကျန် လေ့လာဖတ်ရှုခဲ့သည်။ စာဖတ်လျှင် ခြင်ထောင်ချပြီး ဖတ်လေ့ရှိသည်။ စာဖတ်နေစဉ် ခြင်၊ ယင် ကိုက်ခြင်းကြောင့် အာရုံမပျက်စေရန်၊ မိမိကို ပတ်ဝန်းကျင်မှ ခေါ်ခိုင်းခြင်းမပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဗုဒ္ဓစာပေကို အထူးလေ့လာဖတ်ရှုပြီး ကိုရင်ဘဝတွင် ပရိတ်ကြီး ၁၁ သုတ်ကို ၁၁ ရက်ဖြင့် အာဂုံအရ ကျက်မှတ်ပြန်ဆိုနိုင်ခဲ့သည်။ မောင်မြသောင်း၏ ဉာဏ်ရည်ထက်မြက်မှုကို အများက ချီးကျူးခဲ့ကြရသည်။

၁၉၅၀ ခုနှစ်တွင် ကန့်ဘလူမြို့သို့ ကချင်တပ်ရင်းတစ်ရင်း အခြေစိုက်ခဲ့သည်။ (ဂျပန်ခေတ်အတွင်း ဟုလည်း မှတ်တမ်းရှိသည်။) ထို တပ်ရင်းတွင် ပါဝင်သော လောခေါင်ဒေသမှ ကချင်ရဲဘော်ခေါင်ဇော်၊ ဒေါ့တန်တို့နှင့် မောင်မြသောင်းသည် အလွန်ရင်းနှီးခဲ့သည်။

၎င်းတို့ထံမှ ကချင်စကားနှင့် စာပေ၊ ရိုးရာဓလေ့များကို သင်ယူခဲ့သည်။ မောင်မြသောင်း၏ ညီမဖြစ်သူက “ဤကဲ့သို့သော အခြေခံလေ့လာထားမှုများကြောင့် ကိုသောင်းသည် မြစ်ကြီးနားသို့ မရောက်ဖူးဘဲ နောင်တွင် ဂျိန်းဖောပွဲတော်ကဗျာကို စပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်ပါသည်”ဟု နောင်တွင် မှတ်တမ်းရေးခဲ့သည်။ တစ်ရက်တွင် မောင်မြသောင်းသည် စာအုပ်တစ်အုပ်ကို ရေးသားပြုစုနေသည်။ မောင်မြသောင်း၏ညီမဖြစ်သူက အနားကပ်၍ ကြည့်ရာ ကချင်ဘာသာဖြင့် ရေးသားနေသည်ကို အံ့သြစွာ တွေ့မြင်လိုက်ရသည်။ “ကိုသောင်း ဘာတွေရေးနေတာလဲ”ဟုမေးရာ၊ မောင်မြသောင်းက “ကချင်ဘာသာနဲ့ ဗုဒ္ဓဝင်ကို ရေးနေတယ်လေ”ဟု ပြန်ဖြေခဲ့သည်။ ညီမဖြစ်သူက ဘာလုပ်ဖို့လဲဟု မေးပြန်ရာ မောင်မြသောင်းက “ကချင်ဒေသမှာ ဗုဒ္ဓဘာသာ သာသနာပြုဖို့ပေါ့”ဟု ပြန်ဖြေခဲ့သည်။

၁၉၅၂ ခုနှစ်တွင် မောင်မြသောင်းတို့ မိသားစု မန္တလေးသို့ ပြောင်းရွှေ့ကြရာ ကချင်ရဲဘော်များနှင့် အလှမ်း ကွာဝေးခဲ့သည်။ ကချင်စကားနှင့် ကချင်စာပေကိုမူ ဆက်လက်လေ့လာခဲ့သည်။ သို့သော် ယဉ်ကျေးမှု မြို့တော်မန္တလေး၏ အနုပညာလှိုင်းတန်ပိုး ရိုက်ခတ်မှုကြောင့် မောင်မြသောင်းသည် အနုပညာရေစီးကြောင်းတွင် မျောပါသွားခဲ့လေသည်။ ပန်းချီ၊ စာပေနှင့် ဂီတလုပ်ငန်းများတွင် ဘဝတစ်ခုလုံးကို မြှုပ်နှံခဲ့သည်။ အနုပညာ ပညာရှင် ဆရာမြသောင်းသည် ကချင်ဘာသာဖြင့်ဗုဒ္ဓဝင်ကို ပြီးဆုံးအောင် ဆက်လက်ပြုစုနိုင်ခြင်း ရှိမရှိကို မသိရသော်လည်း အလွန်ကျော်ကြားလူကြိုက်များခဲ့ပြီး ၁၀ တန်းကျောင်းသုံး အထက်တန်းကဗျာ လက်ရွေးစင်စာအုပ်တွင် ပြဌာန်းခြင်းခံခဲ့ရသော ဂျိမ်းဖောပွဲတော် ကဗျာကို စပ်ဆိုခဲ့လေသည်။

ထို ကဗျာသည် ပညာရေးလောကတွင်သာမကပဲ ဂီတလော၊ ရုပ်ရှင်လောကအထိပါ ထိုးဖောက်နိုင်ခဲ့ပြီး  အဆိုတော် တက္ကသိုလ်အေးမောင်က သံစဉ်ထည့်ခဲ့သည့် ဂျိမ်းဖောပွဲတော် သီချင်းသည် တိုင်းသိပြည်သိ ဖြစ်ခဲ့လေသည်။

စွယ်စုံ အနုပညာရှင် မြသောင်း(မျိုးမြင့်ဆွေ)ကို ၁၉၃၃ ခုနှစ်တွင်  ရေဦးမြို့နယ်၊ မကျီးတောရွာတွင် မွေးဖွားခဲ့သည်။ မိဘများမှာကျောင်းဆရာကြီး ဦးအေးမောင်၊ ဒေါ်လေးငွေတို့ ဖြစ်ကြပြီး အမည်ရင်းမှာ ဦးမြသောင်း ဖြစ်သည်။ ကဗျာတို၊ ဝတ္ထုတို၊ ဆောင်းပါးများအပြင် တေးသီချင်းများကို ရေးစပ်ခဲ့ရာ “စေလိုရာစေ”ရုပ်ရှင်ဇာတ်ကားတွင် ဇော်ဝမ်း သီဆိုသော ကျောက်ခဲ၊ သဇင်နှင့် နုနုငယ်ငယ် ရုပ်ရှင်ဇာတ်ကားတွင် ကျော်ဟိန်းသီဆိုသော ဂျိန်းဖောပွဲတော်သီချင်းမှာ ဂီတလောကတွင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။

ဆရာ၏အသက်မွေးဝမ်းကျောင်းမှာ  ပန်းချီဆရာ ဖြစ်သည်။ ပန်းချီဆရာ၊ ကဗျာဆရာ၊ ဂီတစာဆို ဘဝတွင် ကျင်လည်ရင်း ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ ဆောင်းပါး၊ ဝတ္ထုတိုပေါင်း ၁၅၀ ကျော်၊ ကဗျာပေါင်းမှာ ၅၀ဝ ကျော်၊ သီချင်းပေါင်း ၂၅၀ ကျော်၊ ရေဆေး၊ ဆီဆေး၊ ခဲမှုန် စသည့် ပန်းချီကားပေါင်း ၇၀ဝ ကျော် ဖန်တီးခဲ့ပြီး မကွယ်လွန်မီတစ်ရက်အလိုတွင် အမည်မပေးလိုက်ရရှာသော ကဗျာတစ်ပုဒ်ကို ရေးဖွဲ့သွားခဲ့သေးလေသည်။

ရည်ညွှန်း – မျိုးမြင့်ဆွေ (မောင်ကျော်ရှင်း)