နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ အပြောင်းလဲကြီးတွေကို NLD အစိုးရဟာ သူ့ တာဝန်ယူချိန် ၃ နှစ်ကျော်အကြာမှာ လုပ်ဆောင်လိုက်တာကို တွေ့ရပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့က ၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ရေး အရေးကြီးအဆိုတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်မှာ တင်ခဲ့ပါတယ်။ သို့သော် ၂၅ ရာခိုင်နှုန်းသော တပ်မတော် ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြပါတယ်။

ဖေဖဝါရီ ၆ ရက်နေ့က ကချင်ပြည်နယ်မှာလည်း ဝန်ကြီး ၃ ဦးကို ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။ NLD အစိုးရရဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဒီနေ့ ပြောင်းလဲတာဝန်ထမ်းဆောင်မည့် ဝန်ကြီးတွေရဲ့ ပြောဆိုချက်တွေဟာလည်း ကျေနပ်အားရစရာ ကောင်းလှပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက မြေလွတ်မြေရိုင်းကိစ္စနဲ့ အခွန်အခ အပြည့်အဝရရှိနိုင်ဖို့ တစ်သျှူးငှက်ပျောကိစ္စ စတာတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အားရစရာပါ။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကလည်း ဖားကန့်ဒေသနဲ့ သယံဇာတကိစ္စရပ်တွေကို ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ သေချာကိုင်တွယ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဝမ်းသာစရာပါ။

စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီကတော့ စည်ပင်သာယာအဖွဲ့သာရှိပြီး ဘတ်ဂျက်မရှိလို့ စည်ပင်ဖွံ့ဖြိုးမှု နည်းတဲ့ ဒေသတွေဖြစ်တဲ့ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နဲ့ မချမ်းဘောဒေသတွေကို ပြည်နယ်အစိုးရရဲ့ ပူးပေါင်းမှုနဲ့ အတူ စည်ပင်ဖွံ့ဖြိုးဖို့ ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဆိုပြန်ပါတယ်။ ကျေနပ်စရာပါ။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း နိုင်ငံရေးပါတီတစ်ရပ် ထောင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကူဖို့ ဖြစ်တဲ့အကြောင်း ဆိုကြပြန်ပါတယ်။ ထိုနည်းလည်းကောင်း ၈၈ မျိုးဆက်သစ် ကျောင်းသား ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး ကလည်း NLD အစိုးရကိုကူဖို့ ပါတီထောင်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါသေးတယ်။ ကြည်နူးဖို့ ကောင်းလှပါတယ်။

အပြောင်းအလဲအတွက် ကြိုးစားရုန်းကန်နေတဲ့ NLD အစိုးရကို ထောက်ကူပေးမယ့်သူတွေ၊ ပါတီတွေ အပြင် နိုင်ငံတကာကလည်း ထောက်ပံ့မှုတွေ ပေးနေကြပါတယ်။

၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ခြေလှမ်းပြင်ဆင်လိုက်တဲ့အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းက မိတ္ထီလာမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်မှုအခမ်းအနား မိန့်ခွန်းပြောဆိုအပြီး မီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာလည်း၊ အခြေခံဥပဒေကို မပြင်ဖို့ တစ်ခါမှမဆိုခဲ့ကြောင်း၊ ပြင်သင့်ပြင်ထိုက်ချိန်မှာ ပြင်ဖို့ရှိကြောင်း သို့သော် စနစ်တကျပြင်ဖို့ လိုကြောင်းကို ဖြေကြားခဲ့ပါတယ်။

နောက်ပြီး မောင်တောမြို့နယ်က ဘင်္ဂါလီ ၁၀ ဦး သတ်ဖြတ်ခံရမှုကို ဖော်ထုတ်ရေးသားခဲ့တဲ့ Reuter သတင်းထောက်နှစ်ဦးဘက်က ရဲဝံ့စွာ တရားခွင်မှာ ဖွင့်ချထွက်ဆိုခဲ့လို့ ၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက်နေ့မှာ အလုပ်ထုတ်ခံရပြီး ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရတဲ့  ဦးမိုးရန်နိုင်ဟာ ထောင်ကအထွက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဟာ စံချိန်စံညွှန်းမီတဲ့ ဥပဒေမဟုတ်တဲ့အတွက် ပြင်ဆင်သင့်တဲ့ ဥပဒေဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တာဝန်တွေကို လွှဲပြောင်းယူခဲ့ကြတဲ့ အစိုးရတာဝန်ရှိသူများ၊ ပြောင်းလဲဖို့ ကြိုးစားကြသူများနဲ့ ပြောင်းလဲဖို့ကူညီနေတဲ့ အားတွေကို ယူရင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို တာဝန်ယူပြင်ဆင်နိုင်ဖို့ မြစ်ကြီးနားသတင်းဂျာနယ် က တိုက်တွန်းလိုက်ရပါတယ်။