မြစ်ကြီးနား၊ ဇန်နဝါရီ ၃၁

“ပြောင်းလဲချိန် တန်ပြီ”ဆိုပြီး တက်လာတဲ့ NLD အစိုးရကြီးက သက်တမ်းသုံးနှစ်ပြည့်ခါနီးမှာ ၂၀၁၉ နှစ်ဦးကို ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဝန်ကြီးတွေအပြောင်းအလဲနဲ့ ဖွင့်လှစ်လိုက်တဲ့ဖြစ်စဉ်ကို ယခုလ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ သမိုင်းဝင် ဖြစ်စဉ်အဖြစ် မှတ်တမ်းတင် ဖော်ပြလိုက်ပါတယ်။

၂၀၁၈ နှစ်ကုန်ခါနီးတုန်းက ကချင်ပြည်နယ်ကို ကုလအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်အထူးကိုယ်စားလှယ် လာရောက်ခဲ့တယ်။ မရှေးမနှောင်းမှာ အမေရိကန်၊ ဗြိတိန်နဲ့ တရုတ်သံအမတ်တို့ လာခဲ့ကြတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့  ဒုတိယသမ္မတ(၂)တို့လည်း ရောက်ရှိလာခဲ့ကြပါတယ်။ အဲဒီနောက် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့အမိန့် ဆိုပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ထဲက ဝန်ကြီးသုံးယောက်ကို တာဝန်ကနေ ရပ်စဲခဲ့ပါတယ်။ ဝန်ကြီးတွေရဲ့ ကျန်းမာရေး အခြေအနေကြောင့် ရပ်စဲလိုက်တယ် ဆိုတာကလွဲလို့ ဝန်ကြီးတွေကိုယ်တိုင် ဘာမျှရေရေရာရာ မသိကြပါဘူး။

ဝန်ကြီးသုံးယောက် ဖြစ်တဲ့ လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်က အသက် ၆၈ နှစ်၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးအိတ်ချ်လအောင်က ၇၃ နှစ်၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမြသိန်းက ၆၃ နှစ်အရွယ်တွေ ဖြစ်ပါတယ်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သယံဇာတဝန်ကြီး ဦးအိတ်ချ်လအောင်ကတော့ သူ့ကိုတာဝန်ကရပ်စဲရခြင်း အကြောင်းအရင်းအမှန်ကို မသိရသေးတဲ့အတွက် နုတ်ထွက်စာပေါ်မှာ လက်မှတ်ရေးထိုးမပေးခဲ့ဘဲ အကြောင်းအရင်းမှန်သိအောင် ဗဟိုကို သွားရောက်မေးမြန်းမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ လွှတ်တော်က တင်မြှောက်ထားတဲ့ ဒေါက်တာသင်းလွင်က လွဲလို့ ကျန်တဲ့ ပြည်သူ့ရွေးကောက်ခံ ကိုယ်စားလှယ် ဦးမြသိန်း (ရွှေကူမြို့နယ်)နဲ့ဦးလအောင် (ဖားကန့်မြို့နယ်)တို့က မြို့နယ်တွေကို ကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော်မှာ ဆက်လက်တက်ရောက်နေပါတယ်။

လစ်လပ်သွားတဲ့ ဝန်ကြီးတွေနေရာမှာ အစားထိုးခန့်ထားဖို့ ကချင်ပြည်နယ်လွှတ်တော်က အရေးပေါ်အစည်းအဝေးအမှတ် (၁/၂၀၁၉)ကို ခေါ်ယူကျင်းပခဲ့ပါတယ်။ အစားထိုးခန့်အပ်မယ့် ဝန်ကြီး အမည်စာရင်းတွေကို အစည်းအဝေး ဒုတိယနေ့မှာ ဝန်ကြီးချုပ်ကိုယ်စား လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးက အဆိုပြုတင်သွင်းခဲ့ပြီး လွှတ်တော်ရဲ့ သဘောထားကို တောင်းခံခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်အဆိုပြုတင်သွင်းထားတဲ့ အစားထိုး ဝန်ကြီးအမည်စာရင်းတွေကို အစည်းအဝေးတတိယနေ့ (ဇန်န ဝါရီ ၃၀)မှာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းနေရာမှာ မိုးညှင်းမဲဆန္ဒနယ်က ဦးကျော်ကျော်ဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးဝန်ကြီး ဦးHလအောင်နေရာမှာ ဖားကန့်မဲဆန္ဒနယ်က ဦးဒါရှီလဆိုင်းနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နေရာမှာ လက်ရှိ စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းတို့ကို အသီးသီးအစားထိုး ခန့်အပ်ခဲ့ပါတယ်။ လစ်လပ်သွားတဲ့ စည်ပင်ဝန်ကြီးနေရာကိုတော့ ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်မှ ဦးနော်လီ(ခ)ဇခေါင်ခမ်းရယ်ကို ခန့်အပ်တာ ဝန်ပေးခဲ့တာပါ။

အသစ်ခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေကတော့ အရေးကြီးဆုံး အခန်းကဏ္ဍတွေကို ကြိုးစား လုပ်ဆောင်သွားမယ်လို့ အစည်းအဝေးတတိယနေ့မှာ ပြည်သူလူထုကို ကတိသစ္စာတွေ ပြုခဲ့ကြပါတယ်။

စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးသစ် ဦးကျော်ကျော်ဝင်း ကတော့ လွှတ်တော်ကိုယ်စားလှယ်ဘဝက သူတင်ခဲ့တဲ့ အဆိုတွေ၊ မေးခွန်းတွေကို အခုကိုယ်တိုင် ဝန်ကြီးဖြစ်တဲ့အချိန်မှာ ဆက်လက်လုပ်ဆောင်သွားမယ်လို့  ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ကချင်ပြည်နယ်အတွက် အဓိကလိုအပ်နေတဲ့ မြေလွတ်မြေရိုင်း ကိစ္စတွေရှိပါတယ်။ နောက်တစ်ခုက အခွန်အခတွေ အပြည့်အ၀ ရရှိနိုင်ရေးအတွက် တစ်သျှူးငှက်ပျော ကိစ္စလေးတွေ ရှိပါတယ်။ အဲဒါက ကျွန်တော်တို့ တော်တော်လေး အလေးထားဆောင်ရွက်ရမယ့် အပိုင်းတွေ ဖြစ်ပါတယ်”လို့  ပြောကြားပါတယ်။

ကချင်ပြည်နယ်နဲ့ မြန်မာတစ်နိုင်ငံလုံးအတွက် အရေးပါတဲ့ သယံဇာတအရေးနဲ့ပတ်သက်လို့ ဖားကန့်ဒေသက သက်တမ်းလွန်ကုမ္ပဏီတွေနဲ့ ချီဖွေမြို့နယ်အတွင်းမှာ မြေရှားသတ္တု ထုတ်ယူနေတဲ့ ကိစ္စရပ်တွေကို သယံဇာတ ဝန်ကြီးအသစ်က ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာကတော့ လူစိတ်ဝင်စားမှု အများဆုံးပါ။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးဝန်ကြီးသစ် ဦးဒါရှီလဆိုင်းကတော့ -“ပြည်နယ်မှာ ရှိနေတဲ့ လုပ်ငန်းတာဝန်တွေကို အောင်မြင်အောင်လုပ်စေဖို့ တာဝန်ပေးတယ်လို့ ခံယူပါတယ်။ ကချင်ပြည်နယ်မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်က တော်တော်လေးကို ပျက်စီးနေတဲ့အပိုင်းတွေ ရှိနေတဲ့အတွက်ကြောင့် ဒီလုပ်ငန်းတွေကို ပိုပြီးမှ လုပ်ရမယ်ဆိုတာ ကျွန်တော့်ရဲ့ခံစားချက်အတွေးလေးပေါ့။ အဲဒါကြောင့် အများကြီးကြိုးစားရမယ်လို့ ပြောချင်ပါတယ်”ဆိုပြီး ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ပြောဆိုသွားပါတယ်။

ဗဟိုချုပ်ကိုင်မှုတွေနဲ့ ရှုပ်ထွေးနေတဲ့ ကျောက်စိမ်းတွင်းရဲ့ သယံဇာတပြဿနာနဲ့ ကျောက်စိမ်းတွင်းရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကချင်ပြည်နယ်အတွက် အဓိကအကျဆုံး ဖြစ်တာကြောင့် ဖားကန့်လွှတ်တော်ကိုယ်စားလှယ်နဲ့ ဝန်ကြီးဌာနနဲ့ လိုက်လျောညီထွေဖြစ်ပါတယ်။

စည်ပင်ဝန်ကြီးသစ် ဦးနော်လီကတော့ “အကောင်အထည်ဖော်ထားတဲ့ အရာတွေ၊ မပြီးပြတ်သေးတဲ့ အရာတွေ၊ ဆက်ပြီးအကောင်အထည်ဖော်မယ်။ ကျွန်တော့်အနေနဲ့ ပြည်သူ့အသံကို နားထောင်ပြီးတော့ စည်ပင်သာယာရေးရဲ့ ဥပဒေနဲ့ ချိန်ထိုးပြီးတော့ ဆောင်ရွက်ဖို့ မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ စည်ပင်သာယာရေးအဖွဲ့က ရှိပြီးတော့ စည်ပင်ဝင်ငွေ မရတဲ့ မြို့တွေရှိတယ်။ မရှိတဲ့မြို့ တွေကို ပြည်နယ်အစိုးရနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးမှ လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။

စည်ပင်ဝန်ကြီး ဦးနေဝင်းလက်ထက်မှာ မြို့တော်မြစ်ကြီးနားနဲ့ ကချင်ပြည်နယ်ထဲက မြို့အချို့ရဲ့ မိန်းလမ်းမကြီးတွေမှာ အဆင့်မြင့် နိုင်လွန်ကတ္တရာတွေ ခင်းကျင်းခဲ့ပြီး မြစ်ကြီးနားမှာဆိုရင်လည်း ပြည်သူတွေအပန်းဖြေဖို့ နေရာတွေနဲ့ အတော်လေးကို တိုးတက်ခဲ့ပါတယ်။ အရပ်ရပ် အခွန်ကောက်ခံရာမှာလည်း မြစ်ကြီးနားမြို့က တစ်နိုင်ငံလုံးအတိုင်းအတာမှာ အခွန်အများဆုံး ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အမှိုက်သိမ်းယာဉ် အားနည်းတာ၊ အချို့ရပ်ကွက်လမ်းတွေ မကောင်းသေးတာတွေလည်း ရှိနေပါတယ်။ ဒါတွေကို ဘဏ္ဍာနှစ်အလိုက် ပြင်ဆင်သွားမယ်လို့ သိရပြီး  အရင် စည်ပင်ဝန်ကြီးထက် ငယ်ရွယ်တက်ကြွတဲ့ ဦးနော်လီက ကောင်းကောင်းဆောင်ရွက်သွားနိုင် လိမ့်မယ်လို့လည်း ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

ဒါ့ကြောင့် လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦး တက်ရောက်ခဲ့တဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လေးရက်တာ အရေးပေါ် အစည်းအဝေး(၁/၂၀၁၉)က ဝန်ကြီးအပြောင်းအလဲ ဖြစ်စဉ်တွေကို သမိုင်းဝင်ဖြစ်စဉ် အနေနဲ့ မြစ်ကြီးနားသတင်း ဂျာနယ်က မှတ်တမ်းတင်ရေးသားဖော်ပြလိုက်ပါတယ်။

စည်သူ(မြစ်ကြီးနား)

Ref;www.kachinstate.gov.mm