Nan Zing Htoi Wa
Nan Zing Htoi Wa

ဂျပန်တွေ နယ်ချဲ့လာပြီးညှင်းပန်းနှိပ်စက်မှုတွေ ရှိလာတဲ့အတွက် ကိုယ့်တိုင်းပြည်ကို ကာကွယ်တဲ့ အနေနဲ့ ၁၉၄၃-၁၉၄၄ ခုနှစ်မှာ ဝမ်းအိုဝမ်း ကချင်ရိန်းဂျားအဖွဲ့ဆိုတဲ့အမည်နဲ့ အမှတ်(၁၀၁) ကချင်တပ်ကို စတင် ဖွဲ့စည်းခဲ့ပါတယ်။

၁၀၁ ကချင်ရိန်းဂျားအဖွဲ့မှာ ကချင်မျိုးနွယ်တွေ ဦးရေ နှစ်သောင်းကျော် ရှိခဲ့ပြီး အခြားအဖွဲ့တွေ ဖြစ်တဲ့ Two Twenty ၊ ဗန်းမော်တပ်ဖွဲ့တွေပေါင်းရင် လူဦးရေ သုံးသောင်း၊ လေးသောင်းခန့်ရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဝမ်းအိုဝမ်းကချင်ရိန်းဂျားတပ်ဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့သူတွေထဲက အခုအချိန်ထိ အသက်ရှင်လျက် ရှိနေသူ အသက် ၉၅ နှစ် အရွယ် စစ်သားဟောင်းကြီး နန်ဇိန်းထွဲဝါနဲ့ မြစ်ကြီးနားသတင်း ဂျာနယ်က သွားရောက်တွေ့ဆုံခဲ့ပြီး သူ့ရဲ့ တပ်သားဘဝ ဖြတ်သန်းခဲ့မှု၊ အတွေ့အကြုံ၊ တပ်သားဘဝခံယူချက်၊ အမှတ်ရစရာအဖြစ်အပျက်တွေနဲ့ ခေတ်လူငယ်တွေအတွက် ပြောခဲ့တဲ့ စကားလက်ဆောင်တွေကို မြစ်ကြီးနားသတင်း ဂျာနယ်က ဖော်ပြပေးလိုက်ပါတယ်။

၁၀၁ ကချင်ရိန်းဂျား စတင်ခဲ့ပုံနဲ့ ပါဝင်ဖြစ်ခဲ့ပုံ

မြငေါိငနမ လဇွမ်တန်ဂျီး ပြောတာကတော့ ဂျပန်စစ်တပ်တွေ နယ်ချဲ့လာတယ်။ ညှင်းပန်းနှိပ်စက်မှုတွေ ရှိလာတဲ့အတွက် ကိုယ့် တိုင်း

ပြည်ကို ကိုယ် ကာကွယ်ရတော့မယ်။ အဲ့ဒါကြောင့်မလို့ ဒီနေ့ ကျွန်တော်တို့ကချင်တွေ နှစ်ယောက်ရှိရင် တစ်ယောက်ဝင်မယ်၊ ရှိတဲ့သူတွေအားလုံး စစ်သားလုပ်ပြီး ကိုယ့်တိုင်းပြည် လူမျိုးကို ကာကွယ်ရတော့မယ်ဆိုပြီး စတင်ခဲ့တာဖြစ်တယ်။
အဲ့ဒီအချိန်ကနေစပြီး ဂျပန်တွေကိုတိုက်တဲ့ စစ်ပွဲဖြစ်လာပြီ။

တိုက်ပွဲတွေမှာဘယ်လိုတွေလုပ်ဆောင်ခဲ့လဲ

ကျွန်တော်တို့ ကချင်ရိန်းဂျားတွေက ဒီအဖွဲ့ကို စဖွဲ့လိုက်ကတည်းက ခုနကပြောသလို ကိုယ့်တိုင်းပြည်

ကို ကိုယ်ကိုယ်တိုင်ကာကွယ်ရတော့မယ် ဆိုတာနဲ့အညီဒီဂျပန်တွေကို တောင်ပေါ်၊ မြေပြန့်အားလုံး အမေရိကန်

တွေနဲ့ပေါင်းပြီး မြန်မာတစ်နိုင်ငံလုံးအနှံ့ကို ကျွန်တော်တို့ တိုက်ထုတ်ပြီးတော့ ကာကွယ်လာခဲ့တယ်။ ကချင်

တွေချည်းပဲ ကချင်ရိန်းဂျားအဖွဲ့ကို တပ်ရင်းကြီးငါးဖွဲ့ဖွဲ့ခဲ့တယ်။ အဖွဲ့ဝင်ကတော့ နှစ်သောင်းလို့ ပြောတယ်။

မေမြို့၊ ဗန်းမော်တွေက ကချင်တွေ အများကြီးပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်အဖွဲ့တွေ ဟုတ်တယ်။ အဲ့လို

နဲ့ တိုင်းပြည်ကို ကာကွယ်ခဲ့တယ်။

ကချင်ရိန်းဂျား တပ်သားဘဝမှာ မေ့မရနိုင်တဲ့ အဖြစ်အပျက်တစ်ခု

ကျွန်တော် နမ်ခမ်းမှာတိုက်တုန်းက အမေရိကန်လေယာဉ်က ဗုံးကျဲတဲ့အချိန်မှာ ဗုံးကြီးတစ်လုံး ကျလာတဲ့အခါမှာက မြေကြီးတွေနဲ့ဘာနဲ့ ကျွန်တော် သတိလစ်သွားတယ်။ နှစ်နာရီလောက်ကြာတော့ ကျွန်တော် သတိပြန်ရလာခဲ့တယ်။ အဲ့အချိန်မှာ ကျွန်တော့်သူငယ်ချင်းက အရမ်း အဝေးကြီးမှာ ရှိနေတယ်။ သူငယ်ချင်းက “ဟေး..သူငယ်ချင်း နင်သတိရလာပြီလား။ သေပြီလို့ထင်နေတာ”ဆိုပြီး ပြောတယ်။ အဲ့ဒီလိုမျိုး နှစ်ခါတောင်မှ ဖြစ်ခဲ့ဖူးတယ်။ ဂျပန်တွေရဲ့ မြန်မာနိုင်ငံက အကြီးဆုံးတပ်ရင်းကို တိုက်တဲ့အချိန်တုန်းကရော တစ်ခါ ဖြစ်ခဲ့ဖူးတယ်။ အဲ့အချိန်မှာ အမေရိကန်ဗိုလ်ကြီးက ကျွန်တော့်ကို အရမ်းအံ့သြသွားတယ်။ သူက ကျွန်တော့်ကို ပွေ့ထားတယ်။ “ဟေ့..ဟေ့..နဲ့ ခေါ်နေတယ်” သတိပြန်ရတာနဲ့ ဂျပန်တွေကို ပြန်ပစ်တယ်။ အဲ့ကြောင့်မလို့ ကျွန်တော် နားလည်း သိပ်မကြားတော့ဘူး။ ဒီနေ့ထိ မမေ့နိုင်တာပေါ့။ အမေရိကန်ဦးထုပ်ဆိုရင် သေနတ်ထိထားတာ သုံးချက်ရှိတယ်။ ပခုံး အထက်ကနေ ဖြတ်သွားတယ်။ ခါးစည်းကြိုးလည်း ပြတ်၊ ပေါင်ကြားကနေ ကျည်ဖြတ်သွားတော့ ဘောင်းဘီလည်း ပူခနဲသွားတယ်။ အသားကိုတော့ မထိဘူးပေါ့။  ဂျပန်တွေ ပစ်တာ အဲ့လောက်ထိ ပစ်တာဟုတ်ပေမယ့် ခန္ဓာကိုယ်မှာ ပစ်ရာတစ်ခုမှ မရှိခဲ့ဘူး။ ဘုရားသခင်ကိုလည်း ကျေးဇူးတင်တယ်။

စစ်ပွဲပြီးဆုံးချိန် သူ့ဘဝ ခရီးဆက်ခဲ့မှု

ကချင်ရိန်းဂျား ပြီးတော့ ကျွန်တော်တို့ကို ပြန်လာဆက်သွယ်တဲ့ ပီတာလက်ကစ် ဆိုတဲ့သူရှိတယ်။ သူက မလိခအနီးမှာရှိတဲ့ နှစ်ခြင်းကျောင်း အကြီးကိုလည်းလာတယ်။  သူက ကျွန်တော်ဗုံးကြီးနှစ်ခါထိတာ သူ သေသေချာချာကို မှတ်ထားတယ်။ ကချင်တွေက သူ့ကိုနာမည်တောင် မသိတော့ဘူး။ ကချင်စကား အရမ်းတတ်သွားလို့။ သူ့ကို Ka-ang Zau Lai ဆိုပြီး နာမည်ပေးလိုက်တယ်။ ကျွန်တော်တို့ ပြန်ဆက်သွယ်ကြည့်တော့ ခေါင်းဆောင်တွေကို ပညာတတ်တွေဖြစ်၊ ဟိုဟာဖြစ်၊ ဒီဟာဖြစ်နဲ့။ ကျွန်တော်တို့ တကယ်အသက်ပေး၊ သွေး၊ ချွေးရင်းပြီး စစ်ပွဲဝင်ခဲ့တဲ့သူတွေက ဒီနေ့အထိ ဘယ်တွေရောက်သွားလဲဆိုတာ မသိခဲ့ရဘူး။ အဲ့လို ဖြစ်သွားတယ်။

မြစ်ကြီးနားမှာ ၁၀၁ ကချင်ရိန်းဂျား တပ်သားဟောင်းတွေ ဘယ်နှဦး ရှိဦးမလဲ

ကျွန်တော်သိသလောက်တော့ မြစ်ကြီးနားမှာ  ကျွန်တော်နဲ့ဆိုရင် သုံးယောက်ဟုတ်တယ်။ တစ်ယောက်ကတော့ သေသလိုလိုတော့ ကြားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ကတော့ အသက်ရှင်တယ်။ တခြား ဘယ်နေရာမှာ ဘယ်နှယောက် ကျန်တယ်ဆိုတာတော့ မသိပါဘူး။ သူ့နာမည်က ဒူဝမ်တန်လို့ခေါ်ပါတယ်။ ယုဇနမှာနေတယ်။ ကျွန်တော်တို့ ၁၀၁ တပ်ဖွဲ့ပါပဲ သူက မြစ်ကြီးနားတပ်က။ အဖိုးကကျတော့ ဗန်းမော်ဘက်ကပေါ့။

၁၀၁ စစ်သားဟောင်းတွေကို မြန်မာအစိုးရကထောက်ပံ့မှု

ကျွန်တော်တို့ ၁၀၁ စစ်သားတွေကို မြန်မာအစိုးရဘက်က စုံစမ်းတာမျိုးလည်း အခုချိန်ထိ မရှိဘူး၊ ထောက်ပံ့ပေးတာလည်း မရှိဘူး၊ ဘာမှလည်း မရှိဘူး၊ အရေးလည်းမလုပ်ဘူး၊ နောက်ဆုံးတော့ ကိုယ့်တိုင်းပြည်ကို ကိုယ်ကိုယ်တိုင် ကာကွယ်မယ်ဆိုတဲ့ စိတ်လေးပဲ စိတ်ထဲမှာ ခံယူပြီးတော့ သူတို့မစုံစမ်းပေမယ့် ကိုယ် တာဝန်ယူ ထမ်းဆောင်ခဲ့တဲ့ တာဝန်ကို အပြည့်အဝ လုပ်ဆောင်လာခဲ့တာ ဒီနေ့အထိ သူတို့ ဘာမှလည်း မစုံစမ်းဘူး။ ဘာမှလည်း မထောက်ပံ့ခဲ့ဘူး။

အခက်အခဲတွေနဲ့ ရင်ဆိုင်လာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ၎င်းရဲ့စစ်သားဘဝ ခံယူချက်

အဖိုးက အရင် နှစ်ခြင်းဟုတ်တယ်။ ကျွန်တော့်ရဲ့ အဖိုးက သင်းအုပ်ဆရာကြီးတစ်ဦး။ အဖိုး ရိန်းဂျားအဖွဲ့ထဲ ဝင်မယ့်အချိန်မှာ ခေါင်းပေါ်လက်တင်ပြီး ဆုတောင်းပေးခဲ့တယ်။ သူကပြောတယ်။ ဒီအချက်တွေကို သေချာမှတ်ထားပါ။ ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ လွတ်မြောက်မယ် ပေါ့။ ပထမအချက်က နေ့၊ ညမပျက် ဘုရားသခင်ထံ ဆုတောင်းပါ။ ဒုတိယအချက်က အရွယ်ရောက်ပြီဖြစ်တဲ့ အပျိုတွေကို ခြိမ်းခြောက်၊ ခြောက်လှန့်တာတို့၊ အနိုင်ကျင့်တာတို့ လုံးဝမလုပ်နဲ့။ တတိယအချက်က ပြည်သူလူထုအားလုံး အဖိုး၊ အဖွား၊ လူငယ်၊ လူရွယ်၊ ကလေးတွေအားလုံးကို စစ်သားတစ်ယောက်ဖြစ်တယ်ဆိုပြီး မခြောက်လန့်ပါနဲ့။ စတုတ္ထအချက်က သူများပစ္စည်းဥစ္စာကို အပ်ကအစ မယူနဲ့၊ မကောက်နဲ့။ မင်းရင်နာသလို သူများလည်း သူ့ပစ္စည်းပျောက်တဲ့အတွက် ရင်နာနေမယ်။ နောက်ဆုံးထိ ဥစ္စာပစ္စည်း အဝတ်အစားမဆိုနဲ့ အပ်တောင်မကောက်နဲ့။  အဲ့အချက်လေးချက်ကို သေချာလိုက်နာရင် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် လွတ်မြောက်မယ်ဆိုပြီး အဖိုးကဆုတောင်းပေးခဲ့တယ်။ ဒီနေ့အထိ ကျွန်တော်သတိရနေတယ်။ ဘယ်လိုပဲ ဗုံးထိ၊ သေနတ်ထိ ဆိုပေမယ့် အဖိုးပြောခဲ့တဲ့စကားအရ ကျွန်တော့စိတ်ထဲမှာ အမှတ်ရနေနေတာပေါ့။

လူငယ်တွေအတွက် သူ့ရဲ့ စကားလက်ဆောင်

ဒီနေ့ခေတ် လူငယ်တွေကို ပြောချင်တာကတော့ အသက်ကို တိုစေတဲ့ မူးယစ်ဆေးဝါးတွေကနေ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ကာကွယ်ရမယ်။ ဒီနေ့ခေတ် ရောဂါတွေကနေ လွတ်မြောက်အောင် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်အမြဲတမ်း နေ့၊ ညမပြတ် သတိနဲ့နေရင်တော့ ကောင်းမယ်လို့။ ကောင်းတဲ့အမျိုးကောင်း၊ သားကောင်းတွေ ဖြစ်လာပါစေလို့ ထပ်မံပြောပြီးတော့ ခွန်အားပေးချင်ပါတယ်။

ကချင်ရိန်းဂျားအဖွဲ့ မရှိတော့တဲ့နောက်ပိုင်း သူ့ရဲ့လှုပ်ရှားမှု

ကချင်ရိန်းဂျား ပြီးသွားတဲ့အခါမှာတော့ အထိမ်းအမှတ်အနေနဲ့ မနောင်နောင်တယ်။ အဲ့ဒါပြီးတော့ အင်္ဂလိပ်တွေ ပြန်ရောက်လာတဲ့ အချိန်မှာတော့ တန်ဂျီးက “အရင်က စစ်သားလုပ်တဲ့သူတွေ စစ်သားပြန်လုပ်ရမယ်”ဆိုပြီး ပြောတော့၊ အင်္ဂလိပ်စစ်သား ပြန်လုပ်တယ်။ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးပေးတော့ မြန်မာစစ်သားပြန်လုပ်တယ်။ အဖိုးရဲ့ဘဝမှာ စစ်သားပဲလုပ်ပြီးတော့ စစ်တိုက်တာနဲ့ပဲ အချိန်ကုန်ဆုံးခဲ့ရတယ်။ ဒါပေမဲ့ အခုလိုမျိုး အသက်ဆက်ရှင်ခွင့် ရတဲ့အတွက် ကျေးဇူးအများကြီး တင်မိတယ်။ အင်္ဂလိပ်တွေ ပြန်ပြီးတော့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတော့ ၁၉၆၄ မတ်လမှာ ပင်စင်ယူခဲ့တယ်။

ပင်စင်ယူပြီး သူရဲ့ဘဝ နေထိုင်မှု

ပင်စင်ယူပြီးတော့ ကက်သလစ် သင်းအုပ်ဆရာ ပြန်လာလုပ်တယ်။ ၁၇ နှစ်ကျော်လောက် လုပ်ခဲ့တယ်။ တောင်ပေါ်ဘက် တရားဟောတာတို့ ဆက်မလုပ်နိုင်တော့ ရပ်တန့်လိုက်တာပေါ့။ဒီနေ့ထိ ဒီလိုနေနေတာပေါ့။အခုတော့ သားတွေ၊ မြေးတွေက “အဖိုး..စား”ဆိုရင် စားလိုက်၊ အခန်းထဲမှာဆိုရင် အိပ်နေလိုက်ပေါ့။

Salai