ကမ္ဘာ့နိုင်ငံတွေတိုင်းမှာ ပဋိပက္ခကိုယ်စီ ရှိကြပါတယ်။ အကြောင်းရင်းကတော့ ဖွံ့ဖြိုးမှုနှေးပြီး ဆင်းရဲတာ၊ သဘာဝသယံဇာတ ပေါများတာ၊ ကုန်ကြမ်းများစွာ ထုတ်လုပ်ရောင်းချနိုင်တာနဲ့ လူမျိုးကြီးဝါဒကို လက်ကိုင်စွဲတာ စတာတွေကြောင့်လို့ နိုင်ငံရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

ဒီနေရာမှာ စဉ်းစားစရာကောင်းတာက မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစုများလို့ ပဋိပက္ခဖြစ်တာ မဟုတ်ဘူး ဆိုတဲ့အချက်ပါ။ ကွဲပြားတဲ့လူမျိုးစု များတဲ့နိုင်ငံမှာ ပဋိပက္ခဖြစ်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ ၀ါရင့် နိုင်ငံရေးသမားတွေက ဆိုထားပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာတော့ ပထမအုပ်စုဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ဒုတိယအုပ်စုဖြစ်တဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ အရင်းအမြစ်ခွဲဝေရေး ကိစ္စတွေမှာ မတရားဘူးဆိုတဲ့ ခံယူချက် စတာတွေကြောင့် ဒီအမြစ်တွယ်နေတဲ့ ပဋိပက္ခပေါ်ပေါက်လာရတယ်လို့ ဆိုရမှာပါ။ ဒါဟာ ပြည်တွင်းပဋိပက္ခဖြစ်စေတဲ့ အဓိကအကြောင်းအရင်းပါ။

ကမ္ဘာ့စစ်ပွဲ သမိုင်းကြောင်းတွေ ပြန်ကြည့်ရင် နိုင်ငံချင်းဖြစ်တဲ့ ပဋိပက္ခကြောင့်မဟုတ်ဘဲ ပြည်တွင်းပဋိပက္ခကြောင့် စစ်ဖြစ်ရတာပါ။ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ စစ်ပွဲပေါင်း ၁၀၁ ခုထဲက ၆ ခုသည်သာ နိုင်ငံချင်းဖြစ်တဲ့စစ်ပွဲ ဖြစ်ပြီး ကျန်တဲ့ ၉၅ ခုဟာ ပြည်တွင်းစစ်ပွဲတွေချည်းပါ။

၁၉၉၆ ကမ္ဘာအဝန်းဖြစ်ခဲ့တဲ့ ပဋိပက္ခပေါင်း ၂၇ ခုမှာ ၂၂ ခုဟာ အရှေ့က ပြောခဲ့တဲ့ အုပ်စုနှစ်စုကြောင့် ဖြစ်ခဲ့တာပါ။ ဒီ အမြစ်တွယ်နေတဲ့ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ အင်မတန် ခက်ခဲလှပါတယ်။ ဖိနှိပ်ခြင်း၊ အမြစ်ပြတ်ချေမှုန်းခြင်း စတဲ့နည်းတွေနဲ့ ဖြေရှင်းရင် ရမယ်လို့တွက်ပြီး ဖြေရှင်းခဲ့တဲ့ နိုင်ငံအတော်များများမှာ ယာယီငြိမ်းချမ်းမှုသာ ရပြီး ပဋိပက္ခတွေ ပြန်ဖြစ်လာတာ တွေ့ရပါတယ်။

ဒီအမြစ်တွယ်နေတဲ့ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ ဒီမိုကရေစီ နည်းလမ်းသည်သာ အသင့်တော်ဆုံးလို့ ကမ္ဘာ့နိုင်ငံရေး ကျွမ်းကျင်သူတွေက လက်ခံထားပါတယ်။ သို့သော် ဒီမိုကရေစီစနစ်ဟာ ပဋိပက္ခအားလုံးကို ဖြေရှင်းပေးနိုင်မှာတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာတောင် ပဋိပက္ခတွေ ရှိနေကြပါသေးတယ်။

ဒါပေမည့် ဒီပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းဖို့အတွက် လိုအပ်နေတဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ အင်စတီကျူးရှင်း စတဲ့ လိုအပ်တဲ့အရင်းအမြစ်တွေကို ပျော့ပြောင်းညင်သာစွာ ဖွဲ့စည်းဆောင်ရွက်နိုင်တာက ဒီမိုကရေစီစနစ်ပဲဆိုတာ ကျွန်တော်တို့ ငြင်းလို့မရနိုင်ပါဘူး။

ကျွန်တော်တို့ရဲ့ နိုင်ငံတော်အစိုးရဟာ ဒီမိုကရေစီစနစ်ကို စတင်အကောင်ထည်ဖော်ပြီး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေကို ကြိုးစားဆောင်ရွက်နေတာ တွေ့ရပါတယ်။ အဲ့ဒီရဲ့ အသီးအပွင့်အနေနဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ “ထာဝရငြိမ်းချမ်းရေး”အတွက် သဘောထားထုတ်ပြန်ခဲ့ပြီး အပစ်အခတ်တွေကို ၄ လတာရပ်ဆိုင်းခဲ့တာပါ။

ဒီ ၄ လတာ အပစ်ရပ်စဲလိုက်ခြင်းကြောင့် ဆုံးရှုံးသွားနိုင်တဲ့ လူ့အသက်ပေါင်းများစွာကို ကယ်တင်လိုက်နိုင်ပြီး အချို့သော ဒုက္ခသည်တွေ နေရပ်ကို ပြန်နိုင်ခဲ့ကြပါပြီ။ ၄ လ မကဘဲ တိုက်ပွဲတွေကိုထာဝရ ရပ်စဲလိုက်မယ်ဆိုရင် ဒီထက်မကသော အကျိုးကို နိုင်ငံသားတွေ ခံစားကြရမှာပါ။

တိုက်ပွဲမရှိတော့ဘူးဆိုရင် တိုက်ပွဲစားရိတ်၊ ကာကွယ်ရေးစားရိတ်တွေကို လျှော့ချနိုင်ပြီး၊ စစ်သည် အင်အားတွေကို နိုင်ငံကုန်ထုတ်လုပ်မှု စွမ်းအားတွေအဖြစ် ပြောင်းလဲပေးနိုင်မှာပါ။ ဒါဒီမိုကရေစီစနစ်ရဲ့ ငြိမ်းချမ်းရေးအသီးအပွင့်တွေလို့ ဆိုချင်ပါတယ်။