ဦးရဲနိုင်မိုး (ဒါရိုက်တာ – ရန်ကုန်သတင်းစာပညာကျောင်း)
မြစ်ကြီးနားသတင်းဂျာနယ်က သတင်းစာဆရာတွေကို တိုက်ခိုက်တာဟာ ကချင်ပြည်နယ်က ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သိပိုင်ခွင့်တွေကို တိုက်ခိုက်တာပါပဲ။ ဒါဟာ သတင်းမီဒီယာအားလုံးရဲ့ အခန်းကဏ္ဍကို သေးသိမ်အောင် ပြုလုပ်တာလည်း ဖြစ်တယ်။ ဥပဒေကို ချိုးဖောက်မှုဖြစ်သလို ဒီမိုကရေစီကို ဆန့်ကျင်ရာလည်း ရောက်တယ်။ ဒီအမှုကိစ္စမှာ တရားဥပဒေဟာ သတင်းစာဆရာ လူငယ်နှစ်ဦးဘက်က ပြတ်ပြတ်သားသားရပ်တည်နိုင်ဖို့ လိုတယ်။ ကျွန်တော်တို့ သတင်းမီဒီယာသမားတွေက ဒီအမှုကို တောက်လျှောက် လေးလေးနက်နက် စောင့်ကြည့်မှာပါ။ ကျေနပ်လောက်တဲ့အထိ အဖြေရလဒ် ထွက်လာဖို့အတွက် အားလုံးက တောင်းဆိုသင့်ပါတယ်။

 

ဦးမြင့်ကျော် (သတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး-၁)
သတင်းမီဒီယာ သတင်းသမားတွေကို စော်ကားတာတင်မကဘဲ တရားဥပဒေ စိုးမိုးမှုကိုပါ စော်ကားတဲ့သဘောပါ။ ကချင်ပြည်နယ်ရဲ့ တရားဥပဒေ စိုးမိုးမှုက မေးခွန်းထုတ်စရာ ဖြစ်နေပြီ။ ဘယ်လိုကိုင်တွယ် လုပ်ဆောင်မလဲဆိုတာ မီဒီယာလောကတင်မက တစ်နိုင်ငံလုံးက စောင့်ကြည့်နေကြပါပြီ။

ဦးဇေယျာလှိုင် (မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ)ပြည်သူ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနေတဲ့ သတင်းသမားကို ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခြိမ်းခြောက်တာ ပြည်သူ့အခွင့်ရေးကို ထိပါးစော်ကားတာပဲ ဖြစ်တယ်။ ဒီမိုကရေစီ ဘယ်လောက်ရလဲ တိုင်းတာတဲ့နေရာမှာ မီဒီယာလွတ်လပ်ခွင့်ကလည်း အရေးပါတဲ့အညွှန်းကိန်းဖြစ်တယ်။ ဒါကြောင့် မီဒီယာလွတ်လပ်ခွင့်ကို ထိပါးတာဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးကို ထိပါးနှောင့်ယှက်တာပဲ ဖြစ်တယ်။

 

မတူးတူးသာ (သန်လျင်ပိုစ့် သတင်းစာ အယ်ဒီတာချုပ်)
သတင်းမီဒီယာ သမားတွေကို ခုလို ကိုယ်ထိလက်ရောက် လုပ်တာ လုံး၀ သည်းမခံနိုင်ပါဘူး။ သတင်းသမား ရေးတာကို မကျေနပ်ရင် တရားစွဲပါ။ သက်ဆိုင်ရာကို တိုင်ပါ။ သတင်းသမားတွေဟာ ခေတ်အဆက်ဆက် ထောင်လည်း ကျဖူးတယ်။ တရားဥပဒေကို ရင်ဆိုင်ကြဖို့လည်း အသင့်ရှိတယ်။ အခုလို ကိုယ်ထိလက်ရောက် စော်ကားတာဟာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ကို စော်ကားတာမို့ သတင်းမီဒီယာ ကောင်စီက ပြင်းပြင်းထန်ထန် သတိပေးပြီး သက်ဆိုင်ရာကလည်း အရေးယူပေးပါလို့ တောင်းဆိုချင်တယ်။ အစရှိ အနောင်နောင်ဆိုသလို ဒီလို နောက်ပိုင်း ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ပြီး မကြားချင်၊ မမြင်ချင်ပါဘူး။

ဦးစိန်ဝင်း (ဂျာနယ်လစ်ဇင် အကြံပေး/အင်တာနယူးစ်- မြန်မာ)
သတင်းပေးပို့မှုနဲ့ပတ်သက်ပြီး သတင်းသမားနှစ်ယောက်ကို လှည့်ဖျားခေါ်ယူပြီး အရှက်ရအောင်၊ နာကျင်အောင် လုပ်တာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်သလို ဥပဒေကို မျက်ကွယ်ပြုပြီး တရားဥပဒေ စိုးမိုးမှုကို စိန်ခေါ်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ သတင်းသမားက ပေးပို့တဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးဆိုရင် ပြန်လည်ဖြေရှင်းပေးခိုင်းတာတွေ၊ ပြင်ဆင်ချက် ထုတ်ခိုင်းတာတွေ၊ တောင်းပန်ခိုင်းတာတွေ လုပ်ခိုင်းလို့ ရတယ်။ နစ်နာမှုအတွက် ပြန်လည်ပေးလျော်စေခိုင်းတာတွေ လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိရဲ့သားနဲ့ အခုလို တရားလက်လွတ်လုပ်တာဟာ အတော်ဆိုးရွားတဲ့ မိုက်မဲတဲ့လုပ်ရပ်ပါပဲ။

ဦးသီဟစော (မီဒီယာကောင်စီ ရွေး/ကော် ဥက္ကဋ္ဌ)
ဥပဒေစိုးမိုးရေးက ဘယ်သူ့လက်ထဲမှာလဲ… မေးချင်တယ်..။ သတင်းသမားတွေက ကိုယ်နိုင်ငံ ပိုင်နက်ထဲမှာ အလုပ်လုပ်နေတာ ဆိုရင်.. (၁) မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းသမားတွေရဲ့ လုံခြုံရေး အကာအကွယ်ပေးရေးအတွက် ဘာလုပ်ပေးမှာလဲ။ (၂) ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရက ဥပဒေချိုးဖောက်ခြင်းမရှိတဲ့ သတင်းသမားတွေအတွက် ဘာလုပ်ပေးနိုင်မလဲ မေးချင်ပါတယ်။

Tess Bacallan (Executive Director), အရှေ့တောင်အာရှ သတင်းသမားများ မဟာမိတ်သမဂ္ဂ (SEAPA)
(၁)သတင်းထောက်များအပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်းအရ တိုက်ခိုက်ခြိမ်းခြောက်မှုများကို လစ်လျူ မရှုသင့်ပါ။ သတင်းမီဒီယာများမှလည်း အဆိုပါ မတရား အနိုင်ကျင့် ခြိမ်းခြောက်မှုများကို မှန်ကန်သော နည်းလမ်းဖြင့် ခုခံကာကွယ်ခွင့် ရှိသည်။ (၂) ခြိမ်းခြောက်မှု ကင်းကင်းဖြင့် သတင်း လွတ်လပ်စွာ ရေးသားပိုင်ခွင့် မရှိသော လူမှုအသိုင်းအဝိုင်းသည် အမှောင်ဖုံးလွမ်းနေသော အသိုင်းအဝိုင်း ဖြစ်သည်။

ဆရာမ မသီတာ(စမ်းချောင်း) (ပဲန်အင်တာနေရှင်နယ် ဒါရိုက်တာအဖွဲ့ဝင်)
သတင်းထောက်တွေကို အကြမ်းဖက်နည်းနဲ့ တုံ့ပြန်တာကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ သတင်းပါအချက်အလက် မှားနေရင်တောင် သက်ဆိုင်ရာအယ်ဒီတာအဖွဲ့ကို စာရေးပြီးဖြစ်စေ ကိုယ်တိုင် လာတွေ့ပြီးဖြစ်စေ လူကြီးလူကောင်းဆန်ဆန် ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အခု လုပ်ပုံက သတင်းသမားများကိုသာမက အုပ်ချုပ်ရေး တရားစီရင်ရေးတွေကိုပါ မထီမဲ့မြင် လုပ်လိုက်တာပါပဲ။

ဒေါ်တင်ထားဆွေ (BBC အငြိမ်းစားဌာနမှူး)
ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သတ္တုတူးဖော်ရေး လုပ်ကိုင်တဲ့ သခင်စစ် ကုမ္ပဏီက “မန်ဒေါင်ကျေးရွာအုပ်တွင် တရုတ်တစ်သျှူးငှက်ပျောစိုက်တဲ့ ကုမ္ပဏီနှစ်ခု ဝင်ရောက်လုပ်ကိုင်နေ”ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကုမ္ပဏီဥက္ကဋ္ဌက ပြန်လည်ရှင်းပြစရာရှိတယ်လို့ ဆိုကာ သတင်းရေးသားသူ သတင်းထောက် မွန်းမွန်းပန်နဲ့ သတင်းထောက် အားဂျယ်တို့ကို ကုမ္ပဏီကို ခေါ်ပြီး ခြိမ်းခြောက်ပြောဆို ရိုက်နှက်တဲ့ကိစ္စက လုံးဝခွင့်မလွှတ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီက တာဝန်ရှိသူတွေကို လိုအပ်သလို အရေးယူဖို့ လိုအပ်ပါတယ်။ သတင်းထောက်တွေက သူတို့တာဝန်ဖြစ်တဲ့ အမှန်တရားကို ဖော်ထုတ်ရေးသားနေတာသာဖြစ်ပြီး သူတို့ကို ကိုယ်ထိလက်ရောက် စော်ကားသူတွေကို လိုအပ်သလို အရေးယူဖို့ ပျက်ကွက်မယ်ဆိုရင် လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်ကို ပိတ်ပင်တားဆီးရာ ရောက်ပါတယ်။ ဒါတင်မကသေးပဲ သတင်းထောက်တွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်ရာလည်း ရောက်ပါတယ်။ သတင်းထောက်တွေရဲ့ လုံခြုံမှုကို အာမခံချက် မပေးနိုင်ခြင်းက ဒီမိုကရေစီစနစ်ကို စိန်ခေါ်တာလည်း ဖြစ်ပါတယ်။ သတင်းထောက်တွေဟာ ပြည်သူ့ဝန်ထမ်းတွေဆိုရင် မမှားပါဘူး။ အမှန်တရားကိုဖော်ထုတ်ပြီး အပြစ်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူနိုင်အောင် ပြည်သူတွေကို ကိုယ်စားပြု ဆောင်ရွက်နေတဲ့သူတွေ ဖြစ်ပါတယ်။

ဒေါ်ဝေမာသိမ့်(မြန်မာ ဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး – ၁)
သတင်းသမားတစ်ဦးကို အခုလို ခေါ်ဆောင်သွားတာ… ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ သခင်စစ်ကုမ္ပဏီက သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ပေးဖို့ ပြောချင်တယ်။ သတင်းသမားတွေရဲ့ သတင်းရေးသားမှုအပေါ် တစ်စုံတစ်ရာ မကျေလည်တာရှိရင် သက်ဆိုင်ရာ မီဒီယာတိုက်ရဲ့ သတင်းအယ်ဒီတာအဖွဲ့ကို ဆက်သွယ်ဆွေးနွေးနိုင်တယ်။ ဒါကိုမှ မကျေလည်ရင် သတင်းမီဒီယာ ကောင်စီရှိတယ်၊ တိုင်လို့ရတယ်။ အခုလို မင်းမဲ့စရိုက်ဆန်ဆန် ပြုမူတာဟာ.. ဘယ်သူ၊ ဘယ်အဖွဲ့အစည်းမှာမှ လုပ်ခွင့်မရှိဘူး။ ဒီလို ပြုမူဆက်ဆံတာကိုလည်း သတင်းသမားတစ်ယောက် အနေနဲ့ရော..မြန်မာဂျာနယ်လစ် ကွန်ရက်အနေနဲ့ရော လက်မခံဘူး။ ထုတ်ပြန်ချက်ထဲမှာ ထုတ်ပြန်ထားသလိုပဲ ကောင်စီရော၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းရောက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်စေချင်တယ်။ ဒီလို လုပ်ရပ်ဟာ သတင်းသမားတွေ သတင်းရယူမှု၊ ထုတ်လုပ်မှုအပေါ် ခြိမ်းခြောက်မှု၊ ဟန့်တားမှု မြောက်နေပါပြီ။
အခု အမှုဖွင့်ထားတယ်လို့သိရတယ်…။ အဲ့ဒီအမှုကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ သတင်းသမားနှစ်ဦးကို ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတိုင်းသတင်းသမားနှစ်ဦးဟာ တရားဥပဒေစိုးမိုးမှုရဲ့ အကာအကွယ်အပြည့်အဝရဖို့ လိုလားတယ်။

နေမျိုးလင်း (မန္တလေးအခြေစိုက် သတင်းသမားများအဖွဲ့)
သတင်းထောက်ဟာ သတင်းဖြစ်ရင် စုံစမ်းရေးသားရတာပဲ။ သတင်းရေးလိုက်တော့ အမှန်တရား ပေါ်လာပြီး မမှန်မကန်လုပ်သူဟာ ခံရခက်ပြီး အမှန်တရားမရှာဘဲ သတင်းရေးသူကို ရန်ရှာတာ မိုက်ကန်းတဲ့ လုပ်ရပ်ပါ။ သတင်းထောက်က အမှားရေးမိတယ်ဆိုရင် မီဒီယာဥပဒေရှိတယ်။ တရားစွဲလို့ ရလျက်နဲ့ ခုလို ကိုယ်ထိလက်ရောက်လုပ်တာ ဥပဒေမဲ့ လူမဆန်တဲ့လုပ်ရပ် ဖြစ်တယ်။ ဒါကို မီဒီယာ ကောင်စီ အပါအဝင် အစိုးရက လျစ်လျူရှုမထားသင့်ပါဘူးလို့ ပြောချင်ပါတယ်။

ဦးစန်းယုကျော် (မန္တလေး သတင်းစာပညာကျောင်း တာဝန်ခံ)
ဒေသခံများရဲ့ အကျိုးစီးပွားကို သိရှိစေပြီး သတင်းရေးသားဖော်ထုတ်တဲ့ မြစ်ကြီးနားသတင်း ဂျာနယ်ကို ဦးစွာ ချီးကျူးလိုပါတယ်။ အခုလိုမျိုး ဒေသခံရဲ့အကျိုးစီးပွားကို ဖော်ထုတ်တဲ့ သတင်းသမားတွေကို ကုမ္ပဏီကနေ ကိုယ်ထိလက်ရောက် စော်ကားတာ ကျွန်တော်တို့ ခွင့်မပြုပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေသခံများရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ သတင်းသမားတွေကို သက်ဆိုင်ရာဒေသက အာဏာပိုင်အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မြစ်ကြီးနားဒေသခံတွေက ကျုးလွန်သူ ကုမ္ပဏီ တာဝန်ရှိသူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ဖို့ တွန်းအားပေးကြပါ ကူညီပေးကြပါလို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်။