မစ္စတာရောဘတ်ကယ်လီ
မစ္စတာရောဘတ်ကယ်လီ

အမေရိကန်ပြည်ထောင်စုကိုယ်စား အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အဖွဲ့အစည်းက ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ HIV ပိုးကူးစက်ခံရသူတွေနဲ့ မူးယစ်ဆေးစွဲ ဝေဒနာရှင်တွေအတွက် အမေရိကန်ဒေါ်လာ ခြောက်သန်းကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။
၎င်းထောက်ပံ့ငွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်မှာအလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ပြီး ဒေသခံတွေနဲ့အတူ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့သူတွေအတွက် လိုအပ်ချက်များ၊ တောင်းဆိုချက်များအပေါ် မူတည်ပြီး ထောက်ပံ့လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့အထဲမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ ပါရှိနေတဲ့အတွက် ရရှိမယ့် ထောက်ပံ့ငွေအသုံးပြုရာမှာ အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲသူတွေကိုပါ ထည့်သွင်းစဉ်းစားသွားမယ်လို့ မစ္စတာ ရောဘတ်ကယ်လီက ပြောပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအမြင်တွေ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာတွေကို မြစ်ကြီးနားသတင်း ဂျာနယ်နဲ့ HIV/ AIDS Key Population အကြံပေး၊ ကျန်းမာရေးဆိုင်ရာဌာနေရုံးမှ မစ္စတာရောဘတ်ကယ်လီတို့ တွေ့ဆုံမေးမြန်းချက်ကို ဖော်ပြပေးလိုက်ရပါတယ်။

ဒေသခံ ဘယ်အဖွဲ့အစည်းနဲ့ ပူးပေါင်းသွားမှာလဲ။ အစိုးရနဲ့လား၊ လူမှုအဖွဲ့အစည်းတွေနဲ့လား။ ဒေသခံတွေရဲ့ အသံကြားဖို့ ဘယ်အဖွဲ့အစည်းတွေနဲ့ Workshop လုပ်သွားမယ်ဆိုတာ သိချင်ပါတယ်။
ကျွန်တော်တို့ အနေနဲ့တော့ ဘယ်အဖွဲ့အစည်းနဲ့ ဆိုတာတော့ တိတိကျကျ မပြောနိုင်သေးဘူး ပေါ့နော်။ Workshop ပြီးသွားမှ ဘယ်အဖွဲ့အစည်းနဲ့ဆိုတာ သိမယ်။ ဒါပေမဲ့ ဒီ ပိုက်ဆံခြောက်သန်းက ကန့်သတ်ချက်ရှိတာက နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပေးလို့မရဘူး။ ဒီ ကချင်ဒေသရယ်၊ ဒေသခံ အဖွဲ့အစည်းတွေလိုမှာပဲ ပေးလို့ရမှာ။

အဲ့လို ပေးတဲ့အချိန်မှာ အဲ့ဒီခြောက်သန်းမှာ Policy ရှိမှာပဲပေါ့နော်။ အဲ့ဒီထဲမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ အမျိုးသမီးတွေအတွက် ဘယ်လောက်ရာခိုင်နှုန်း ထည့်သွင်းထားလဲဆိုတာ သိချင်တယ်။ ဒီပိုက်ဆံ ခြောက်သန်းထဲက သူတို့အတွက် ကန့်သတ်ထားတာ ရှိလား။
ခုနတုန်းကလို Policy တွေ Condition တွေတော့ မရှိဘူး။ ဒါပေမဲ့ အမျိုးသမီး ဆေးသုံးစွဲတဲ့ သူတွေကို ပိုပြီးတော့ ပါစေချင်တာပေါ့။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ။ ဒါပေမဲ့ အခုလုပ်မယ့် စီမံကိန်းရဲ့ ဒီဇိုင်းကိုက USAID က ရေးဆွဲမှာ မဟုတ်ဘဲနဲ့။ ဒေသခံတွေပဲ ရေးဆွဲမှာဆိုတော့။ အကယ်၍များ တစ်ယောက်ယောက်က နေပြည်တော်မှာ ဒီအမျိုးသမီးတွေက သူတို့အတွက် ပိုပြီးမှ လုပ်ဆောင်သင့်တယ် ဆိုပြီးတောင်းဆိုရင်တော့ အဲ့ဒီဘက် ပိုများသွားမှာပေါ့။ အကုန်လုံးက အဲ့ Workshop ပေါ်မှာပဲ မူတည်တယ်။ စီမံကိန်းရေးဆွဲတဲ့ အထဲမှာတော့ ကျွန်တော့်အနေနဲ့ ပြောခွင့်မရှိဘူး။ ဒါပေမဲ့ အခုအချိန်မှာ ပြောချင်တာက ဒီအမျိုးသမီးတွေကို ကူဖို့ အရေးကြီးတယ်ဆိုတာကို လူတွေအနေနဲ့ သိသင့်တယ်။ အခုဒီဟာက အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

အခုလက်ရှိအချိန် ကချင်ပြည်နယ်က အစိုးရဘိန်းဖြတ်စခန်းကို အင်တာဗျူးဖို့ ကျွန်တော့်အနေနဲ့ စာတင်ထားတယ်။ ဒါပေမဲ့ စာတင်ထားတာ နှစ်လလောက် ရှိပေမယ့် အခုထိမရသေးဘူး။ USAID အနေနဲ့လည်း အစိုးရ ဘိန်းဖြတ် ဆေးရုံကို သွားတဲ့ အချိန်မှာ ဘာတွေလိုအပ်နေသေးတာတွေကို တွေ့ရှိခဲ့လဲ။ အမျိုးသမီးဆေးသုံးစွဲတဲ့ သူတွေအတွက် ဘာတွေ လိုအပ်နေသေးတယ်လို့ မြင်ခဲ့လဲ။
နှစ်ကြိမ်၊ သုံးကြိမ်သွားတိုင်း ကျွန်တော် မြင်မိတာကတော့ ဆေးဖြတ်တဲ့လူတွေက အပြည့်ပဲ။ ဒါပေမဲ့ အကုန်လုံးက အမျိုးသားတွေပဲ ပေါ့နော်။ တစ်ခုပြောချင်တာက ဒီဆေးရုံကို နည်းနည်း ချဲ့ပေးသင့်တယ်။ အမျိုးသမီးတွေ အတွက်ပေါ့။အခန်းတစ်ခန်း ဒါမှမဟုတ် ဆက် ချဲ့ပေးသင့်တယ်လို့ မြင်တယ်။ အမျိုးသမီးတွေအနေနဲ့ ဆေးဖြတ်ရတယ်ဆိုတော့ ဆေးရုံတက်ရတယ်။ အဲ့ဒီတော့ သူတို့ရဲ့ လုံခြုံရေးအတွက်လည်း ပံ့ပိုးပေးဖို့လည်း လိုအပ်တာပေါ့။ အဲ့ဒါကြောင့် ကျွန်တော်မြင်တာက ဒီဆေးရုံကို ချဲ့ပေးသင့်တယ်။ ပြီးတော့ အမျိုးသမီးတွေအပြင် အမျိုးသားတွေအတွက်လည်း ပိုပြီးတော့ ကောင်းကောင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကုသပေးဖို့ပေါ့။

အခုလက်ရှိအခြေအနေ မူးယစ်ဥပဒေကို ပြင်ဆင်လိုက်တယ်။ ပုဒ်မ-၁၅ကို သူတို့က ဖြေလျှော့လိုက်တဲ့ ပုံစံပေါ့နော်။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူတွေကို ထောင်မချဘဲနဲ့ လူမှုရေးပြစ်ဒဏ်ပေးမယ်။ ဒါပေမဲ့ ဒီဥပဒေက အခုချိန်ထိ နည်းဥပဒေ မထွက်လာသေးဘူး အဲ့အပေါ်မှာရော ဘယ်လိုပြောချင်လဲ။ နောက်တစ်ခုက ပုဒ်မ ၁၅ကို ပြင်လိုက်ပေမယ့် ပုဒ်မ ၁၆(ဂ)မှာ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဆိုတဲ့ ပုဒ်မနဲ့ တစ်ကိုယ်စာသုံးစွဲမှု ပမာဏ ဝဒသမ ၀၀၁ လောက် ဖမ်းမိရင်တောင်မှ လက်ဝယ်ထားရှိမှုနဲ့ ထောင်ဒဏ် ၅နှစ် ၁၀နှစ်ဆိုတဲ့ ပုဒ်မက ပျက်ပြယ်သွားမှုမရှိတဲ့ အပေါ်မှာရော ဘာပြောချင်လဲ။
ခုနကပြောတဲ့ အဲ့ဒီ မူးယစ်ပေါ်လစီတွေကို ပြည်ထဲရေး ဝန်ကြီးဌာနက ကိုင်တယ်။ မူးယစ်ဥပဒေကိုကျတော့ ပါလီမန်လွှတ်တော်ကနေပြီးတော့မှ ပြောင်းဖို့ကြိုးစားတယ်ဆိုတာက အရမ်းကိုမှ ရှုပ်ထွေးတယ်။ လွှတ်တော်ဘက်ကလည်း ပြည်သူလူထု မဲရဖို့အတွက် သူတို့အသံ နားထောင်ရတယ် ဆိုတော့…။ တစ်ဖက်မှာကျတော့လည်း ဒီပြည်ထဲရေးရာက ပါသေးတယ်ဆိုတော့ ရှုပ်ထွေးတယ်။ ဒါပေမဲ့ အကြမ်းဖျင်း အကုန်လုံး ခြုံကြည့်မယ်ဆိုရင် အခုဖြစ်နေတဲ့ဟာက ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အသိပညာ အားနည်းတာပေါ့။ ဒီ မူးယစ်ဆေးစွဲတယ်ဆိုတာက ရောဂါတစ်ခုလိုပဲ သိထားကြတော့ မူးယစ်ဥပဒေကို လုပ်တဲ့သူတွေကလည်း ဒါတွေကို မသိဘဲနဲ့ ဒီ၁၆(ဂ)ဒီလို ထွက်နေတာ ပေါ့နော်။ အဓိက ကတော့ မူးယစ်ဆေးဝါး အသိပညာအားနည်းတာပေ့ါလေ။ ကျွန်တော်တို့ အခုလုပ်နေတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ 528 Love– မူးယစ်ဆေးနှင့် မိသားစုဆိုတဲ့ Facebook Page မှာ ပုဒ်မနဲ့ ပတ်သက်ပြီးတော့ ရှင်းပြထားတယ်။ နောက်ပြီး သူတို့ရဲ့ ရပိုင်ခွင့်တွေကိုလည်း သိအောင်ပြောပြထားတယ်။ နောက်တစ်ခုက မီဒီယာတွေကနေတဆင့် ဒီပြည်သူတွေကို အသိပညာဖွံ့ဖြိုးဖို့ရယ်၊ ပြည်ထဲရေးတို့က ပေါ်လစီတွေကို နေပြည်တော်ကနေပဲ လုပ်နေတယ်။ တကယ်တမ်း အောက်ခြေတို့ ပြောင်းသွားတဲ့ဟာကို အောက်ခြေက ဥပမာ မိုးကောင်းတို့လို ဝေးတဲ့ နေရာဘက်က လူတွေက သေချာရော သိရဲ့လား။ အဲ့ဒါကြောင့် တချို့အဖွဲ့တွေကကျတော့ အခု ပြောင်းလဲသွားတဲ့ မူးယစ်ဥပဒေကို နည်းနည်းဝေးတဲ့ဒေသက ဝန်ထမ်းတွေကိုလည်းသိအောင် သူတို့ ကြိုးစားပြီးတော့ ပညာပေးနေပါတယ်။

ကျွန်မတို့ ကချင်ပြည်နယ်မှာ ဆိုရင် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုကြောင့် အကျဉ်းထောင်ထဲမှာ ကျနေတဲ့လူ ၉၀ ရာခိုင်နှုန်းလောက်ရှိနေတယ်။ အဲ့အပေါ်မှာရော ဘယ်လိုပြောချင်လဲ။
နောက်တစ်ခုက ကျတော့ ၉၀ ရာခိုင်နှုန်းက လူတွေက မူးယစ်ဆေးဝါး လက်ဝယ်ရရှိမူနဲ့ ဖမ်းဆီးတာ ဖြစ်နိုင်တယ်ပေါ့နော်။ အဓိက ပညာပေးချင်တာကတော့ ဒီ မူးယစ်ဆေးသုံးစွဲတာက အပြစ်မဟုတ်ဘူး။ ဒါ ရောဂါတစ်မျိုးပေါ့။ ဥပမာ ကိုယ့်မှာ ဆီးချို၊ သွေးချိုရှိတယ်ဆိရင် ဆေးရုံ သွားရတယ်ပေါ့။ အဲ့ဒီလိုမျိုးပဲ မူးယစ်ဆေး သုံးစွဲတာကလည်း ရောဂါတစ်မျိုးပဲဖြစ်တယ်။ ဒီ ပြန်လည် ထူထောင်ရေးစင်တာတို့၊ ဘိန်းဖျက်စခန်းတို့ကို ပိုပြီးမှ လုပ်ပေးသင့်တယ် ပေါ့နော်။ ထောင်ထဲထည့်ရမယ့် အစား။ ကျွန်တော်ထင်တာပေါ့လေ။ ဒီနေ့ပဲ ဘဝသစ် နေရာကို သွားခဲ့တယ်။ သူတို့ လုပ်နေတဲ့ဟာတွေက တကယ်ကောင်းတယ်။ ဒါပေမဲ့ အဲ့ဒီဂေဟာက သေးသေးလေး။ လူဘယ်လောက်မှ မဆံ့ဘူး။ အဲ့လိုမျိုးလေးတွေကို ပိုပြီးမှ ကြီးလာအောင် အစိုးရတို့ NGO တို့ နောက်ပြီး ပုဂ္ဂလိကတို့ စီးပွားရေးလုပ်ငန်းရှင် အကုန်ပါလာဖို့လည်း မျှော်လင့်တယ်။ အကုန်ပူးပေါင်းပြီးတော့ အသိပညာပေး လုပ်တာတွေ ပေါ့နော်။

အဲ့ထဲမှာဆိုရင် အမျိုးသမီးတစ်ယောက်က သူ့ကလေးကိုခေါ်ပြီး မူးယစ်ဆေးဝါးသုံးစွဲနေတယ်။ ပြီးတော့ အခုတလော လူမူကွန်ရက်မှာ ပြန့်နေတဲ့ ၃နှစ် အရွယ်ကလေးတစ်ယောက်နဲ့ သူမိဘတွေ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ ဗွီဒီယိုဖိုင်တစ်ခုကိုလည်း တွေ့ပြီးပြီလို့ ထင်ပါတယ်။ အမျိုးသမီးတွေရော ကလေးတွေပါ မူးယစ်ဆေးဝါး သုံးစွဲလာတဲ့အပေါ်မှာ ဘာပြောချင်လဲ။ ပြီးတော့ ဘာကြောင့်ဖြစ်တယ်လို့ ထင်လဲ။
အဲ့ဒါက ကျွန်တော်လုပ်နေတဲ့ လုပ်ငန်းတွေထဲမှာ အခက်အခဲဆုံး ပေါ့နော်။ အမျိုးသမီးတွေ ပိုပြီး သုံးစွဲလာတာတွေကို တွေ့လာရတော့ ဖြေရှင်းရတာ အခက်ခဲဆုံးပဲ။ ခုနကလို သုံးနှစ်အရွယ် ကလေးလေးကိုခေါ်ပြီး မူးယစ်သုံးစွဲနေတာတွေ့တော့ အများအတိုင်းပဲ လူက စိတ်ဆိုးပြီးတော့ မိဘကို အပြစ်တင်ကြတယ်။ ကျွန်တော်လည်း ပထမတော့ အရမ်းစိတ်ဆိုးတယ်။ အပြစ်တင်တယ်။ ဒါပေမဲ့ နောက်ပိုင်း ပြန် စဉ်းစားကြည့်လိုက်တော့ ခုနကကျွန်တော်ပြောသလို မူးယစ်ဆေးဝါးသုံးစွဲလို့ရှိရင် စိတ်ရောဂါတစ်မျိုးပေါ့နော်။ အကယ်၍ မိဘကသာ ကျန်းမာနေမယ် စိတ်ရောဂါမရှိဘူးဆိုရင် အဲ့လို ထားမှာမဟုတ်ဘူးပေါ့နော်။ မိဘကိုယ်တိုင်ကလည်း မူးယစ်ဆေးစွဲတဲ့ ရောဂါရနေလို့ပေါ့နော်။ အဲ့လိုမျိုးတွေ ဖြစ်တာက ကလေးတွေကို ထိတာပေါ့။ နောက်ပြီး သူတို့က အိမ်မှာပဲ သုံးတဲ့အချိန်ကျတော့ ကလေးတွေက မြင်နေရတယ်။ ကလေးတွေက မြင်နေတဲ့အခါကျတော့ ကိုယ့်မိဘတွေရော သုံးတယ်။ ကိုယ်ရောသုံးရင် ဘာဖြစ်မလဲပေါ့နော် အဲ့လိုဖြစ်လာတယ်။ ကျွန်တော် ပူတာအိုသွားတော့ အဲ့ဒီမှာ ကလေးငါးယောက်အမေ အမျိုးသမီးတွေ့တော့ သူက ဆေးကို တစ်ရက်ကို သုံးကြိမ်ထိုးတယ်။ ဒီလိုမျိုး မကုဘဲနဲ့ ဆက်သွားမယ် ဆိုရင် သူ့ကလေးတွေလည်း အတုမြင်အတတ်သင် ပြီးတော့မှ အမေလည်း လုပ်တယ်၊ ငါလည်း လုပ်မယ်ပေါ့နော်။ အဲ့ဒီ ပြဿနာတော့ ရှိနေပြီ။ အဲ့ဒါကို ဘယ်လိုဖြေရှင်းမလဲ။ ဆေးပေးခန်းတွေ၊ ခုနကလို လုံခြုံတဲ့ နေရာမရှိဘူး။ ဒီ လူ့အသိုင်းအဝိုင်းထဲမှာ အမျိုးသမီးတွေကို ပိုပြီးတော့မှ ဆေးသမားတို့၊ ဘာညာဆိုပြီးတော့မှ နှိမ်တာတွေ ပိုပြီး များတယ်။ ယောကျ်ားလေးဆိုရင် မူးယစ်နားနေခန်းတို့ ဆေးရုံတို့ သွားတယ်ဆိုရင် လူတွေရဲ့ အမြင်က အမျိုးသမီးတစ်ယောက်ဝင်သွားတဲ့ အမြင်က မတူဘူး။ အမျိုးသမီးတွေက ပိုပြီးတော့မှ နှိမ်ခံရတယ်။ အဲ့ဒါမျိုးတွေအတွက် အမျိုးသမီးတွေ ဒီပရိုဂရမ်ထဲ ဝင်လာအောင် နေရာတွေလည်း လိုတယ်။ လူတွေ အမြင် ပြောင်းအောင်လည်း လုပ်ဖို့လိုတယ်။ သူတို့သည် ကလေးတွေ ရှိတဲ့အတွက် သူတို့ သွားလာရေး အဆင်ပြေအောင်တွေရော စဉ်းစားပေးရတာတွေက ခက်ခဲတဲ့ အလုပ်ပါ။ အဲ့ဒီအတွက်ကြောင့်မို့လို့ နောက်ပိုင်းကျရင် အမျိုးသမီးတွေ ပရိုဂရမ်ထဲ ပါလာတဲ့အခါ သက်တောင့်သက်သာဖြစ်အောင် တစ်ခုခု ဖန်တီးပေးမယ်ပေါ့။ အခုက ပတ်ဝန်းကျင်က နှိမ်တာတွေကြောင့် သူတို့က ပုန်းနေကြတယ်။ ဘယ်သူတွေ သုံးနေတယ်ဆိုတာ ရှာရတာတောင် ခက်တယ်ပေါ့နော်။

ကချင်ပြည်နယ် အတွက် ခြောက်သန်းကို အစည်းအဝေး လုပ်မယ့်အချိန်မှာ ကချင်ပြည်နယ်က ဒေသခံတွေကို အမျိုးသမီး မူးယစ်သုံးစွဲသူတွေအတွက် ဘာတွေ တောင်းဆိုသင့်တယ်လို့ မြင်လဲ။ ဘာတွေ တောင်းဆိုခိုင်းချင်လဲ။
အဲ့ဒီ အစည်းအဝေးကျရင် ကျွန်တော်လည်း ရှိနေမှာ ဟုတ်တယ်။ အခုဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ကျွန်တော်က အစပျိုးပေးမယ်ပေါ့နော် မကျန်ရစေအောင်။ ဒါပေမဲ့ ဆွေးနွေးပွဲမှာ ပါလာနိုင်အောင် အခုကတည်းက စတင်လုပ်ဆောင်မယ်။ ဖြစ်လာမှာပါ။

အခုသွားခဲ့တဲ့ ဘဝသစ်ဂေဟာမှာရော မူးယစ်သုံးစွဲနေတဲ့ အမျိုးသမီးတွေကိုတွေ့ခဲ့လား။
ရွာတွေမှာ သွားရင်တော့ တွေ့ရတယ်။ အိမ်တွေမှာ တွေ့တယ်။ အဲ့လို ဂေဟာတွေလို၊ ထူထောင်ရေးစခန်းတွေမှာဆိုရင်တော့ မတွေ့ပါဘူး။ ဘဝသစ်ကို သွားတဲ့ အချိန်မှာ သူတို့လည်း အမျိုးသမီးတွေအတွက် အဆောင်အသစ်တစ်ခုဆောက်ဖို့ လိုအပ်နေတယ်။ လုပ်ဖို့အစီအစဉ်တော့ ရှိတယ်။ ဒါပေမဲ့ ငွေရေးကြေးရေး အခက်အခဲ ဖြစ်နေတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ခြောက်သန်းတန် အစည်းအဝေးမှာ ထည့်ဆွေးနွေးဖို့ တာဝန်ရှိသူတွေကိုလည်း ပြောထားပြီးပြီ။ တစ်ခုခုတော့ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်