ဒေါက်တာ တူးဂျ
ဒေါက်တာ တူးဂျ

မြစ်ကြီးနား၊ မတ်လ ၈

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ (ခ)သည် ဒီမိုကရေစီကျင့်စဉ်နှင့် မကိုက်ညီသည့်အတွက် ပြင်ဆင်သင့်သည့် ပုဒ်မတစ်ခုဖြစ်ကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောသည်။
လက်ရှိတွင် ပုဒ်မ ၂၆၁ (ခ)ကို ပြင်ဆင်ရေး၊ မပြင်ဆင်ရေး၊ ချန်ထားရေး အငြင်းပွားမှုသတင်းများ ထွက်ပေါ်နေခြင်းအပေါ် သူ၏အမြင်ကို ဒေါက်တာတူးဂျာက ပြောဆိုခြင်း ဖြစ်သည်။

“၂၆၁(ခ)မှာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို သမ္မတက ရွေးချယ် ခန့်အပ်ရမယ်ဆိုတာ ထည့်ထားတယ်။ ဒါကဗဟိုချုပ်ကိုင်မှုနဲ့ သွားတဲ့ စနစ် ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြင်စေချင်တာက ရွေးကောက်ပွဲပြီးတဲ့အခါမှာ ပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ် ရွေးချယ်ရမယ်။ ပြီးရင် လွှတ်တော်အတွင်းမှာ မဲခွဲရမယ်။ မဲအများဆုံး ရတဲ့ပုဂ္ဂိုလ်ကို ဝန်ကြီးချုပ်အဆင့် ရွေးချယ်ပြီး သမ္မတကို တင်ပြရမယ်။ ဒါကို သမ္မတက ခန့်အပ်ပေးရမယ်။ သမ္မတ တာဝန်က ခန့်အပ်ပေးဖို့ပဲ ရှိတယ်။ အဲ့လို သွားသင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဒီလိုဆိုလို့ရှိရင် ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီမှု အပြည့်အဝရှိတယ်”ဟု ဒေါက်တာတူးဂျာက ပြောသည်။

ယင်းပုဒ်မတွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် (၁)သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်၊ (၂)ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့လျက် သဘာတူညီချက် ရယူရမည်ဟု ပြဌာန်းထားသည်။

“ဘယ်သူပဲ အကျိုးရှိဖြစ်ဖြစ်၊ အကျိုးယုတ်မှာဖြစ်ဖြစ် ဒီမိုကရေစီကို ရှေ့ထားပြီးတော့ ပြင်ကိုပြင်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဒါကို ပြင်လိုက်တဲ့အတွက်ကြောင့် တစ်ဖွဲ့တစ်စည်း၊ တစ်ပါတီ၊ တစ်ဦးတစ်ယောက်အမြတ်ရသွားလို့ ရှိရင်တော့ ဒါ ဒီမိုကရေစီပဲ လုပ်ရမယ်။ ပြောင်းပြန်အနေနဲ့ နစ်နာသွားမယ်ဆိုရင် ဒါ ဒီမိုကရေစီပဲ လက်ခံရမယ်။ ဒါ ပြင်ကိုပြင်သင့်တယ်။ ဘာ အကြောင်းပြချက်မှ မရှိသင့်ဘူး၊ ဘာအကြောင်းပြချက်နဲ့မှ ချန်လှပ်မထားသင့်ဘူးလို့ ကျွန်တော်မြင်တယ်”ဟု ဒေါက်တာ တူးဂျာက ပြောသည်။

တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ ခန့်ထားရာတွင် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် လွှတ်တော်များက တိုက်ရိုက်ရွေးချယ်နိုင်ရေး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် ဥပဒေကြမ်းတစ်ခုကို ဖေဖော်ဝါရီလက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက တင်သွင်းခဲ့ဖူးသည်။
“ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာရှိတဲ့ ဝန်ကြီးချုပ်ကို ပြည်နယ်နဲ့ တိုင်းဒေသကရွေးချယ်ပြီး ခန့်ထားခွင့်ရအောင် ပြင်ဆင်ပေးလိုက်တာဖြစ်ပါတယ်။ ဒါမှလည်းအမျိုးသား ညီညွတ်ရေးရော၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးရော၊ နောက် တစ်ခုက လွတ်လပ်ပြီးတရားမျှတတဲ့ အခွင့်အရေးတွေ ပိုရလာနိုင်မယ်”ဟု နေပြည်တော်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဦးသောင်းအေးက ပြောကြားထားသည်။

လက်ရှိအချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မများကို ပြင်ဆင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်တွင် ကော်မတီဖွဲ့စည်းထားပြီး ပြင်သင့်ပြင်ထိုက်သည်များကို ညှိညှိနှိုင်းနှိုင်းဖြင့် တစ်ချက်ချင်း ပြင်ဆင်သွားရန် လိုအပ်သည်ဟုလည်း ဒေါက်တာတူးဂျာက ထပ်မံသုံးသပ်ပြောဆိုသည်။

“အရင်ကတပ်မတော်ကလည်း ဒါကိုပြင်ဖို့အပိုင်းမှာ သိပ်သဘောမတူချင်ဘူး။ ဒါပေမဲ့ ခု တပ်မတော်ဘက်ကလည်း ပြောနေပြီ။ မပြင်ရဘူးလို့ မပြောပါဘူး။ ပြင်သင့်ပြင်ထိုက်တာတော့ ပြင်ရမှာပဲ ဆိုတဲ့အသံတွေ ထွက်လာတော့ ညှိညှိနှိုင်းနှိုင်းနဲ့ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားအဖွဲ့အစည်း၊ ပါတီနဲ့ပေါ့ လွှတ်တော်မှာ လူစုံနေတာပဲ အဲ့မှာ ညှိညှိနှိုင်းနှိုင်းနဲ့ တစ်ချက်ချင်း တစ်ချက်ချင်းကို ပြင်သွားသင့်တယ်”ဟု ဒေါက်တာတူးဂျာက မြစ်ကြီးနားသတင်း ဂျာနယ်သို့ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မဲခွဲကာအတည်ပြု ဖွဲ့စည်းခဲ့သည်။

ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးတွင် လွှတ်တော်အတွင်း ကိုယ်စားလှယ်ဦးရေ အချိုးအစားအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၈ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ၈ ဦး၊ ကြံ့ခိုင်ရေးပါတီက ၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၂ ဦးအပြင် ကျန်ပါတီမှ ကိုယ်စားလှယ်များ ၁ ဦးစီနှင့်တစ်သီးပုဂ္ဂလတစ်ဦးတို့ဖြင့် စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်သည်။

Salai