မြစ်ကြီးနားသတင်း ဂျာနယ်သည် ၂၀၁၄ ခုနှစ်မှစ၍ ပြည်သူတို့၏ လိုအပ်ချက်များကို အစိုးရသိစေရန်၊ အစိုးရ ပြောလိုသည်များကို ပြည်သူများသိစေရန်၊ အလှူခံပုဂ္ဂိုလ်များနှင့် အလှူရှင်တို့ ဆက်သွယ်မိစေရန် သတင်းများဖြင့် ပေါင်းကူး ဆက်သွယ်ပေးခဲ့ပါသည်။ ထိုသတင်းများကို ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ သိရှိပြီး လိုအပ်ချက်များကို တည့်မတ်/ဖြည့်ဆည်း/ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ တာဝန်ရှိသူတို့၏ ဖြည့်ဆည်းဆောင်ရွက်ပေးမှုကြောင့် လိုအင်ဆန္ဒတချို့ ပြည့်ဝခဲ့သည့် ပြည်သူတို့က ဖြည့်ဆည်းပေးသူနှင့် ပေါင်းကူးဆက်သွယ်ပေးသူ မြစ်ကြီးနားသတင်းဂျာနယ်တို့ကို ကျေးဇူးတင်ကြောင်း တုံ့ပြန်ပြောဆိုမှုများ ရှိခဲ့ပါသည်။

ပြည်သူတို့ဘက်က ထို တုံ့ပြန်မှုများသည် မြစ်ကြီးနားသတင်းဂျာနယ်အတွက် ခွန်အားပီတိများ ဖြစ်စေခဲ့သဖြင့် ထိုသတင်းများ အနက်မှ လူအများကို အကျိုးဖြစ်ထွန်းစေခဲ့သော သတင်းတချို့ကို ပြုစုဖော်ပြလိုက်ပါသည်။
မြစ်ကြီးနားသတင်း ဂျာနယ်က စုံစမ်းရေးသားလိုက်တိုင်း အရေးတယူ ဖြည့်ဆည်းပေးခဲ့သည့် ပြည်နယ်အစိုးရနှစ်ဆက်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်။

– ကရိန်နော်အပန်းဖြေစခန်း မြေနေရာကို နှစ်ပေါင်းများစွာ သိမ်းယူထားသည့်အတွက် “စည်ပင်သာယာရေး အဖွဲ့မှ ရယူထားသည့် ကရိန်နော်အပန်းဖြေရိပ်သာမြေကို မူလပိုင်ရှင်ထံ လေလံတင် ရောင်းချ”/ “ကရိန်နော်အပန်းဖြေရိပ်သာကို မူလပိုင်ရှင်ထံ ပြန်မပေးသေး“ဟူသည့် သတင်းများကို ၂၀၁၄ ခုနှစ်က ရေးသားခဲ့ရာ စည်ပင်တာဝန်ရှိသူများနှင့် ဦးကရိန်နော်၏ မြေးဖြစ်သူ ပိုင်ရှင် ဒေါ်ကရိန်နန်ဘူတို့ ညှိနှိုင်းပြီး ထိုမြေများ ပြန်လည်ပေးအပ်ခဲ့သည်။

– မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်မှ ဆေးခန်းမြေနေရာဟောင်းကို ပြန်လည်ရရှိလိုသဖြင့် ရပ်ကွက်နေ ပြည်သူများက တာဝန်ရှိသူအဆင့်ဆင့်ထံ တင်ပြတောင်းခံသော်လည်း အကြောင်း မထူးခြားခဲ့ဟု သိရ၍ ပြည်နယ်အဆင့် တာဝန်ရှိသူများ သိရှိနိုင်ရန် မြစ်ကြီးနားသတင်းဂျာနယ်က “ပြည်သူ ပိုင်ဆေးပေးခန်း မြေနေရာပြန်ရရေး သမ္မတနှင့် ဝန်ကြီးချုပ်ထံသို့ စာတင်ခဲ့သော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဟုဆို” ဆိုသည့်ခေါင်းစဉ်ဖြင့် သတင်းရေးသားခဲ့ရာ အစိုးရက ဆေးပေးခန်း မြေနေရာ အချို့ကို ပြန်လည်ပေးအပ်ခဲ့သည်။

“စစ်ရှောင်ယာယီတဲအိမ်များ ကြပ်တည်းမှုကြောင့် အခက်အခဲဖြစ်နေ” ဆိုသည့်သတင်းကြောင့် မြစ်ကြီးနားမြို့နယ်၊ အင်ဂျန်ဒုံ စစ်ရှောင်ဒုက္ခသည်များ နေအိမ်ဆောင်များ ရရှိခဲ့သည်။

– အလားတူ”စစ်ပြေးဒုက္ခသည်များ ယာယီတဲများ လိုအပ်နေ”ဆိုသည့် သတင်းကြောင့် ဗန်းမော်ခရိုင်ရှိ မန်စီနှင့် မိုးမောက်မြို့တို့မှ စစ်ရှောင်စခန်း ၆ ခုတွင် ယာယီတဲများ ရရှိခဲ့သည်။

– “ဒုက္ခသည်များ အိမ်သာမလုံလောက်မှု အခက်အခဲဖြစ်နေ“ဆိုသည့်သတင်းကြောင့် မိုင်းနား KBC စစ်ရှောင်စခန်းတွင် အိမ်သာလှူဒါန်းမှု ရရှိခဲ့သည်။

– ….ရွာမှ ….ရွာသို့ သွားသည့် လမ်းပေါ်တွင် ဂိတ်ဖွင့်လှစ်ကာ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်/ကားများကို ဂိတ်ကြေးများ ကောက်ခံနေကြောင်း ပြည်သူတို့၏ ပြောကြားချက်အရ “ပြည်သူ့စစ်ဂိတ်မှ ဂိတ်ကြေးကြောင့် ရွာသားများ အခက်တွေ့” ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းရေးသားခဲ့ရာ ပြည်သူ့စစ်အဖွဲ့က ဂိတ်ကြေး ၃၀၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ လျှော့ချပေးခဲ့သည်။

– မြစ်ကြီးနားမြို့ရှိ “လဖ စက်လှေဂိတ် ပိတ်ထားသောကြောင့် လုပ်သား ၃၀၀ ကျော် အလုပ်လက်မဲ့ဖြစ်” ဆိုသည့် သတင်းကြောင့် တာဝန်ရှိသူများက စိစစ်ပြီး လဖစက်လှေဂိတ်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

– “ဒုက္ခသည် ကလေးငယ်များ မူကြိုကျောင်းတက်ရန် အခက်အခဲရှိ” ဆိုသည့်သတင်းကြောင့် မိုင်းနား KBC စစ်ရှောင်စခန်းတွင် မူကြိုကျောင်းရရှိခဲ့ကြောင်း စစ်ရှောင်များထံမှ သိရသည်။

– မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအလွန်၊ အင်ခိုင်ဘွမ်တောင်ခြေရှိ ဒုက္ခသည်များနေထိုင်ရာ ငွေပျော်စံပြကျေးရွာ အဝင်လမ်းမှာ မိုးရွာလျှင် ရွံ့ဗွက်များဖြစ်ကာ ဆိုင်ကယ်ဘီးထက်ဝက်ခန့် မြုပ်သည်အထိ ဖြစ်နေကြောင်း ရွာသားတို့၏ ပြောကြားချက်အရ သွားရောက်သတင်းရယူပြီး “မိုးရွာရင် ရေလျှံ လမ်းပျက်တဲ့ ရွာသစ်”ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းရေးသားခဲ့ရာ ရွာအဝင်လမ်းမကြီးကို အစိုးရက ကွန်ကရစ်လမ်းခင်းပေးခဲ့သည်။

– “မိုးမောက်နှစ်ခြင်း စစ်ရှောင်စခန်းတွင် ရေရှားပါးမှု ပြဿနာကြုံတွေ့နေရ”ဆိုသည့် သတင်းကြောင့် ရေလုံလောက်စွာ ရရှိရန် အကူအညီရရှိခဲ့ကြောင်း သိရသည်။

– “စာသင်ကျောင်းရှေ့တွင် ဆိုင်းဘုတ်မရှိဘဲ ဆောင်ပုဒ်ရှိစေချင်” ဆိုသည့်သတင်းကြောင့် ကျောင်းရှေ့ များရှိ ကြော်ငြာဆိုင်းဘုတ်များကို စည်ပင်သာယာအဖွဲ့က ဖယ်ရှားပေးခဲ့သည်။

– “မလိယန်စံပြကျေးရွာတွင် သောက်ရေသုံးရေ အခက်အခဲကြုံ” ဆိုသည့်သတင်းကြောင့် သောက်ရေသုံးရေ အလှူရှင် ရရှိခဲ့ကြောင်း သိရသည်။

– မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသည့် မလိယန်ကျေးရွာတွင် အသုဘချရန် မြေနေရာ မရှိကြောင်းသိရသဖြင့် မြစ်ကြီးနားဂျာနယ်က သွားရောက်တွေ့ဆုံမေးမြန်းပြီး “မလိယန်ကျေးရွာတွင် သုဿာန်မြေနေရာ မရှိ“ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းဖော်ပြပြီးနောက် သုဿာန်မြေနေရာ သတ်မှတ်ပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

– “ကျောင်းသားများကို ခွဲခြားဆက်ဆံခဲ့သည့် ဖားကန့် အ.ထ.က”ဆိုသည့် သတင်းကြောင့် ကျောင်းအုပ်ဆရာကြီး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။

“ဟိုကပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ငွေကောက်ခံ”ဆိုသည့် သတင်းကြောင့် အုပ်ချုပ်ရေးမှူး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ဝိုင်းမော်မြို့ရှိ မိဘမဲ့ ကရုဏာရိပ်သာကို ထောက်ပံ့ပေးရန် လိုအပ်”ဆိုသည့် သတင်းကြောင့် အထောက်အပံ့ပေးမည့်သူ ပေါ်ပေါက်ခဲ့ကြောင်း သိရသည့်။

– “ဂျန်မိုင်ကောင်း ဒုက္ခသည်စခန်းအိမ်သာ ပြည့်လျှံနေပြီ”ဆိုသည့် သတင်းကြောင့် အိမ်သာများ လုံလောက်မှု ရှိစေရန် တည်ဆောက်ပေးခဲ့။

“ဆိပ်မူ အ.ထ.က ကျောင်းအုပ်ကြီးကို အရေးယူပေးရန် မိဘများက တောင်းဆို“ဆိုသည့် သတင်း ဖော်ပြပြီးနောက် ကျောင်းအုပ်ကြီး အပြောင်းအလဲဖြစ်ခဲ့ကြောင်း သိရသည်။
– “ဒိန်ဂျာယန် ပြည်သူ့စစ်စခန်းတွင် အနိုင်ကျင့် လိင်တူဆက်ဆံမှုများ ရှိနေ“ဆိုသည့် သတင်းကြောင့် သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ပေးခဲ့သည်။

– “ငွေပျော်စံပြကျေးရွာတွင် အလုပ်အကိုင်ရှားပါး”ဆိုသည့် သတင်းကြောင့် ပြည်နယ်အစိုးရမှ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့သည်ဟု ဆိုသည်။

– “ငွေပျော်စံပြကျေးရွာတွင် ရေအခက်အခဲကြုံတွေ့“ဆိုသည့် သတင်းကြောင့် ရေလုံလောက်စွာ ရရှိစေရန် အစိုးရက ဆောင်ရွက်ပေးခဲ့။

– “အမှိုက်များ စုပုံနေသည်၊ လာရောက်သိမ်းဆည်းပါ”ဆိုသည့် သတင်းကြောင့် ဂျန်မိုင်ကောင်း RC ဒုက္ခသည်စခန်းရှေ့တွင် အမှိုက်ပုံထားရှိခြင်း စနစ်မှ ကားဖြင့်သိမ်းဆည်းခြင်း စနစ်သို့ ပြောင်းလဲခဲ့။

– “ဧရာဝတီမြစ်ဆုံတစ်ဝိုက် စွန့်ပစ်အမှိုက်ကြောင့် အကျည်းတန်”ဆိုသည့် သတင်းကြောင့် အမှိုက်ပုံးများ ထားရှိကာ အမှိုက်သိမ်းဆည်းသူများလည်း ရှိလာပြီး ပလပ်စတစ်အမှိုက်များ ကင်းစင်လာ။

– “ရေစင်ကွင်းဈေး သာယာရေးဆောင်ရွက်နေသော်လည်း နှောင့်နှေးကြန့်ကြာမှုများ ရှိ” ဆိုသည့် သတင်းကြောင့် အမြန် ဆုံး အဆင်ပြေရေးနှင့် သာယာရေး ဆောင်ရွက်ပေးနိုင်ခဲ့။

– “မိုးရွာတိုင်း ယိုနေသော ရေစင်ကွင်းဈေးက ရေတံလျှောက်များ” ဆိုသည့် သတင်းကြောင့် သက်ဆိုင်ရာက ရေတံလျှောက်အသစ်များ တပ်ဆင်ပေးခဲ့။

– “အောင်မြင်သာ စံပြကျေးရွာရှိ အိမ်များ ပိုမိုပျက်စီးလာ”ဆိုသည့် သတင်းကြောင့် နေအိမ်များ ပြုပြင်ပေးမှု ရှိလာသည်။

“မောင်အင်ခွန်ဂွမ်ရတ် ခွဲစိတ်ကုသရေး အကူအညီ လိုအပ်” ဆိုသည့် သတင်းကြောင့် အဆိုပါ ကလေး၏ ဦးခေါင်းနောက်မှ အသားပိုအကြိတ်ဖု ခွဲစိတ်ရန် ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက တာဝန်ယူခဲ့။

– “ကောင်းကင်လွင် ကုမ္ပဏီက မြေလှန်ထား၍ဆိုးဝါးနေသော ဒိန်ဂျာယန်ကျေးရွာလမ်း“ဆိုသည့် သတင်းကြောင့် မြေသားလမ်းမှ သဲကျောက်လမ်း ခင်းပေးခဲ့။

– “မြေသြဇာမထည့်နိုင်၍ စပါးအထွက်နည်း“ဆိုသည့် သတင်းကြောင့် အစိုးရက လယ်သမားများကို မြေသြဇာများ ထောက်ပံ့ပေးခဲ့သည်ဟု တောင်သူများထံမှ သိရသည်။

– “မိုင်ဂျာယန် အင်ခေါင်းပါ စစ်ရှောင်စခန်းမှ ကလေးငယ်တစ်ဦး နှလုံးခွဲစိတ်ရန် ငွေကြေးလိုအပ်နေ” ဆိုသည့် သတင်းကြောင့် နှလုံးခွဲစိတ်ပေးမည့် စေတနာရှင် ရရှိခဲ့။

– “၂၀၀၃-၂၀၀၄ ခုနှစ်တွင် အစိုးရပိုင်မြေအဖြစ် သိမ်းဆည်းထားသော နောင်နန်းကျေးရွာအုပ်စု ကဝါးခကျေးရွာ သင်္ချိုင်းကို တွေ့ရစဉ်” ဆိုသည့် သတင်းဓာတ်ပုံကြောင့် ပြည်သူတချို့ မြေပြန်လည်ရရှိ။

– “ဝိုင်းမော်မြို့ လော်ဝေါ်နှစ်ခြင်းအသင်းတော် ဇုံနယ်ရုံးတွင် စစ်ရှောင်ဦးရေ ထပ်တိုးလာ၍ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ“ဆိုသည့် သတင်းကြောင့် အလှူရှင်များ သွားရောက်လှူဒါန်း။

– “မူးယစ်ဆေးသုံးစွဲတဲ့ အမျိုးသမီးတွေကို ကယ်တင်ဖို့ လိုအပ်နေပြီ” ဆိုသည့်သတင်းကြောင့် အမျိုးသမီးများကို မူးယစ် ဆေးဖြတ်စခန်းများမှ လက်ခံလာ။

– “ခါးရှိရွာမှ ဒုက္ခသည်များ အကူအညီများလိုအပ်နေ“ဆိုသည့်သတင်းကြောင့် ယင်းဒုက္ခသည်များကို ကူညီထောက်ပံ့သူများ ရောက်ရှိ။

– “တရုတ်ပြည်၌ ကြက်ငှက်တုပ်ကွေးဖြစ်နေ၍ တင်သွင်းလာသည့် ကြက်ဥများသတိထား” ဆိုသည့် သတင်းကြောင့် တရုတ်ကြက်ဥ တင်သွင်းလာသူများ အရေးယူခံခဲ့ရ။

– “စစ်ရှောင် ပိုလီယို မသန်စွမ်းကလေးများအတွက် ဝှီးချဲနှင့် အသုံးအဆောင် ပစ္စည်းများ လိုအပ်” ဆိုသည့်သတင်းကြောင့် ကြက်ခြေနီအသင်းမှ ဝှီးချဲနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့။

– “သောက်ရေသန့်များကို သတိထားသုံးသင့်”ဆိုသည့် သတင်းကြောင့် သောက်ရေသန့်များကို သက်ဆိုင်ရာများက စစ်ဆေး၍ အရေးယူမှုများ ပြုလုပ်ပေးခဲ့။

– “မန်ဝိန်းကြီး ဒုက္ခသည်စခန်းသို့ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ခွင့် တားမြစ်ထားသောကြောင့် စားနပ်ရိက္ခာများ ပြတ်လပ်နေ” ဆိုသည့်သတင်းကြောင့် ထောက်ပံ့ပစ္စည်းများ ရရှိ။

– “တရားမဝင် ဆေးစပ်ရောင်းချနေသည့် ဆေးဆိုင်များကိုစစ်ဆေးအရေးယူမည်”ဆိုသည့် သတင်းကြောင့် တရားဝင် ဆေးဆိုင်များ ပိုမိုများပြားလာသည်ဟု သိရသည်။

– “မိုးကောင်းချောင်း ကမ်းပါးပြိုမှု ဒေသခံများစိုးရိမ်နေ”ဆိုသည့် သတင်းကြောင့် အစိုးရမှ ရေကာတာ ဆောက်လုပ်ပေးခဲ့သည်။

-“ဝိုင်းမော်မြို့ လော်ဝေါ်နှစ်ခြင်းအသင်းတော် ဇုံနယ်ရုံးတွင် စစ်ရှောင်ဦးရေတိုးလာ၍ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ” ဆိုသည့်သတင်းကြောင့် ထောက်ပံ့ပစ္စည်းများ ရရှိခဲ့သည်။

– “မြစ်ကြီးနားဆေးရုံတွင် သောက်သုံးရေနှင့် မိလ္လာအခက်အခဲဖြစ်နေကြောင်း လူနာများပြော” ဆိုသည့်သတင်းကြောင့် သောက်သုံးရေများ လုံလောက်မှု ရှိလာပြီး မိလ္လာများ သန့်ရှင်းလာဟု သိရသည်။

– “လောက်ကိုင်မှ ပြောင်းရွှေ့လာသော စစ်ရှောင်များနှင့် ဆော့လော် ရေဘေးဒုက္ခသည်များ စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေ” ဆိုသည့် သတင်းကြောင့် ထောက်ပံ့ပစ္စည်းများ ရရှိခဲ့သည်။

– “ဖုန်ရွှေယန်ကျေးရွာရှိ လေဘေးသင့် ဒေသခံများအတွက် နေအိမ်၊ အဝတ်အထည်နှင့် စားနပ်ရိက္ခာအကူအညီ လိုအပ်နေ” ဆိုသည့်သတင်းကြောင့် ထောက်ပံ့ပစ္စည်းများ ရရှိခဲ့သည်။

– “တရုတ်မှ ကြက်ဥနှင့်အေးခဲကြက်သားများ တရားမဝင် တင်သွင်းနေခြင်းကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆို” ဆိုသည့်သတင်းကြောင့် အစိုးရမှ အဆိုပါ အသားများ တရားမဝင် တင်သွင်းခြင်းကို အရေးယူဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

– “နီးကူဒေသ ဒုက္ခသည်စခန်းတွင် စားသောက်စရိတ်နှင့် ကလေးများအတွက် ကျောင်းစရိတ် လိုအပ်နေ”ဆိုသည့် သတင်းကြောင့် ထောက်ပံ့စရိတ်များ ရရှိခဲ့သည်။

– “မိုင်းနားကေဘီစီ စစ်ရှောင်စခန်းတွင် နေအိမ်ခန်းများ လိုအပ်နေ” ဆိုသည့်သတင်းကြောင့် အိမ်ဆောင်များ ထပ်မံ တိုးချဲ့ဆောက်လုပ်ပေးခဲ့သည်။

– “မနောင်ဥယျာဉ် ပတ်လမ်းတစ်လျှောက် အမှိုက်များကို အပတ်စဉ် လာရောက်သိမ်းပေးစေလို” ဆိုသည့်သတင်း ဖော်ပြပြီးနောက် မနောင်ဥယျာဉ် ပတ်လမ်းတစ်လျှောက် အမှိုက်များ ကင်းစင်လာ။

“ချီဖွေမြို့နယ်မှ အထက(ခွဲ)တွင် ဆရာအင်အား မဖြည့်နိုင်၍ ကျောင်းသားများ ကျောင်းတက်ချိန်နည်းပါး” ဆိုသည့် သတင်းကြောင့် ကျောင်းဆရာ/မများ ဖြည့်တင်းပေးခဲ့သည်။

– “ဖားကန့်ဒေသအတွင်း လျှပ်စစ်မီး အမြန်ဆုံးရရှိလို” ဆိုသည့်သတင်းကြောင့် အစိုးရဈေးနှုန်းဖြင့် လျှပ်စစ်မီးများ ရရှိခဲ့။

– “ငှက်ပျောခြံပြုလုပ်ရန် နယ်နိမိတ် လာရောက်သတ်မှတ်ထားသော စည်းရိုးများကို နှုတ်သည့် ရွာသားများကို ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီး” ဆိုသည့်သတင်း ဖော်ပြပြီးနောက် ပြည်သူ့စစ်အဖွဲ့က ရွာသားများ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“မြစ်ကြီးနားဆေးရုံကြီးတွင် ခြေတုလက်တုများ လာရောက်တပ်ဆင်ကြရန် ပြည်နယ်မသန်စွမ်းအသင်း ဖိတ်ခေါ်” ဆိုသည့်သတင်းကြောင့် ပြည်နယ်အတွင်းရှိ ခြေတုနှင့်လက်တုတပ်ဆင်လိုသည့် မသန်စွမ်းသူများ ဆက်သွယ်မှုရရှိကြ။

– “မသန်စွမ်း အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်း” ဆိုသည့်သတင်းကြောင့် ပြည်နယ်အတွင်းရှိ မသန်စွမ်း အမျိုးသမီးများ ရန်ကုန်သို့ အလုပ်လုပ်ရန် ဆက်သွယ်လာ။

– “ကဘူဒမ်း စစ်ရှောင်စခန်းသည် တရားဝင်စခန်း မဟုတ်သေး၍ ထောက်ပံမှုမပေးဟု ဆို” ဆိုသည့်သတင်းကြောင့် ထောက်ပံ့မှုများ ရရှိကြ။

– “ဖားကန့်ရှိ ငါးမန်းဂိမ်း လောင်းကစားဆိုင်များ ပိတ်သိမ်းစေလို” ဆိုသည့်သတင်းကြောင့် ရဲတပ်ဖွဲ့များက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

– “တစ်သျှူးငှက်ပျောခြံထဲမှ ရေလှောင်ကန် ကျိုးပေါက်မှုကြောင့် စပါးခင်းနှင့် နှစ်ရှည်ပင်အချို့ ပျက်စီးဆုံးရှုံးသွား” ဆိုသည့် သတင်းကြောင့် ဒေသခံများ လျော်ကြေး ရရှိခဲ့။