ကချင်ပြည်နယ်မှာ ပုဂ္ဂလိကပိုင်အနေနဲ့ ပထမဆုံးထွက်ပေါ်ခဲ့တဲ့ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ သက်တမ်းက အခုဆိုရင် ၅ နှစ် တင်းတင်းပြည့်မြောက်ခဲ့ပါပြီ။ ဂျာနယ်တစ်စောင်အနေနဲ့ တစ်နှစ်ဆိုတဲ့ ကာလ (စောင်ရေ ၄၀ ကျော်)ကိုတောင် ဖြတ်သန်းဖို့ မလွယ်တဲ့အချိန်မှာ ဒေသတွင်းထုတ် ဂျာနယ် တစ်စောင် သက်တမ်းငါးနှစ်ကို ဖြတ်သန်းလာနိုင်ခဲ့တဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်။

လက်ဖဝါးပေါ်က မှန်ပြင်ကို ထောက်လိုက်ရုံနဲ့ အိမ်ပြင်ထွက်စရာမလိုဘဲ သတင်းတွေ သိနိုင်နေတဲ့ ခေတ်ကြီးထဲက Press Media အတော်များများ ဖျက်သိမ်းနေရချိန်မှာ မြစ်ကြီးနားသတင်း ဂျာနယ်က ငါးနှစ်ဆိုတဲ့ ကာလကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့တာ တကယ့်ကို ဂုဏ်ယူစရာပါ။

အထူးသဖြင့် သတင်းမီဒီယာသမားတွေကို (အထောက်အကူ မပြုတဲ့အပြင်) ဘယ်တုန်းကမှ အားမပေးခဲ့ဘဲ “သတင်းသမားတွေဟာ အဆိုးမြင်သမားတွေသာဖြစ်တယ်”၊ “ငါတို့ကောင်းတာလုပ်တာကို ကျတော့ ရေးမပေးဘူး”၊ “ငါတို့အားနည်းချက်ကိုပဲ လိုက်ရှာနေတယ်”လို့ အမြင်ရှိပြီး ဘာမေးမေးဖြေဆိုဖို့ ငြင်းတတ်ကြတဲ့ မြန်မာအစိုးရမင်းတွေရဲ့ လက်ထက်မှာ သတင်းစာတွေ ရှင်သန်ဖို့က ထင်တာထက် ပိုခက်ခဲပါတယ်။

ဂျာနယ်အစ
မြစ်ကြီးနားသတင်းဂျာနယ်ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စတင် သန္ဓေတည်ခဲ့ ပါတယ်။ မီဒီယာလောကမှာ ဆယ်နှစ်ကျော် ကျင်လည်ခဲ့ကြတဲ့ ဦးဘရန်မိုင် (အမှုဆောင်အရာရှိ)၊ ဦးဇော်ခွန်း (အမှုဆောင်အရာရှိ)နဲ့ မဆိုင်းမိုင်(အယ်ဒီတာချုပ်)ဆိုတဲ့ လူငယ်သုံးဦးက သူတို့တတွေ နှစ်ပေါင်းများစွာ မက်ခဲ့တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြတာပါ။
ကျွန်တော် ဂျာနယ်ထုတ်ဖို့ အိပ်မက်မက်ခဲ့တာ ကြာပြီ။ ရှစ်နှစ်လောက်ကြာမှ အကောင်အထည် ဖော်ဖြစ်ခဲ့တာ”လို့ ၁၇ နှစ်သမီးအရွယ်ကတည်းက မီဒီယာလောကထဲကို ရောက်နေတဲ့ အယ်ဒီတာချုပ် မဆိုင်းမိုင်က ပြောပါတယ်။ မြန်မာနိုင်ငံက သတင်းစာအားလုံးနီးပါးရဲ့ အယ်ဒီတာချုပ်တွေဟာ အမျိုးသားတွေ ဖြစ်တာကြောင့် သူမလို လူငယ်အမျိုးသမီးတစ်ဦးအယ်ဒီတာချုပ် လုပ်နေတာကို ပြည်ပကသတင်းစာ ဆရာအချို့ကတောင် လေးစားသမှုနဲ့ ဆောင်းပါးရေးသားကြပါတယ်။ လက်ရှိအသက် သုံးဆယ်ဝန်းကျင်သာရှိသေးတဲ့ သူမက မြန်မာနိုင်ငံမှာ ကျင်းပတဲ့ Photo Story ပြိုင်ပွဲတွေမှာ မကြာခဏဆိုသလို ဆုရရှိဖူးတဲ့သူလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ လယ်ယာမြေပြဿနာတွေ၊ ဒုက္ခသည်အရေးတွေများစွာ ဖြစ်ပေါ်နေပေမယ့် သတင်းစာကြီးတွေ၊ ဂျာနယ်ကြီးတွေက ဒီပြဿနာတွေ အတွက် စာမျက်နှာ မပေးနိုင်ကြဘူး။ ပြည်နယ်ထဲက ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ကြားခံအခင်းအကျင်း (Platform) တစ်ခုမရှိရင်မဖြစ်တော့ဘူး ဆိုတာကို သိလို့ ဂျာနယ်ထုတ်ဝေဖို့ ဆန္ဒပြင်းပြခဲ့ကြတာလို့လည်း ဆိုပါတယ်။

ဂျာနယ်တိုက်အစ
ဂျာနယ်တိုက် စတင် တည်ထောင်စက ဆလိုင်း၊ သန်းထက်အောင်၊ ချန်းဖီရမ်၊ မွန်းမွန်းပန်၊ ဇော်နိုင်ဦးဆိုတဲ့ သတင်းထောက် ငါးယောက်၊ အယ်ဒီတာ မဆိုင်းဂျာ၊ Layout Designer ဆန်းအောင်၊ Graphic Designer နိန်လီပန်၊ စာစီစာရိုက် ဆိုင်းအိန်၊ လုရာ၊ Marketing အိဇင်ဖြိုး၊ ဂျာစင်၊ ရုံးတာဝန်ခံ ဆိုင်းနူးအောန်၊ စာရင်းကိုင် မနန်အောင်တို့ ပါဝင်ခဲ့ကြပါတယ်။
သတင်းထောက်ချုပ်အဖြစ် ကိုကိုအောင်နဲ့ စာတည်းမှူးအဖြစ် ဦးHလအောင် တို့က ယာယီ ကူညီပေးခဲ့ကြပါသေးတယ်။ နောက်ပိုင်းမှာတော့ စာတည်းမှူးတာဝန်ကို စာရေးဆရာ တင်နွမ်းလွင်(ခေါ်) ဆရာ ဦးဝင်းဆွေက ဆောင်ရွက်ခဲ့ပါတယ်။

သတင်းထောက် ငါးယောက်ကို ရန်ကုန်ဂျာနယ်လစ်ဇင်ကျောင်းက သင်တန်းလာရောက်မပို့ချမီမှာ အထက်က ဆရာသုံးယောက်က အခြေခံသတင်းရေးသားနည်း ပညာတွေ သင်ကြားပေးပြီး လက်တွေ့ကွင်းဆင်း သတင်းယူကြပါတယ်။ သတင်းတစ်ပုဒ်၊ သတင်းစာတစ်စောင် ဖတ်ရတာ မကြာပေမယ့် သတင်းလိုက်ရတာ၊ သတင်းရှာရတာ၊ သတင်းယူရတာ၊ သတင်းရေးရတာဟာ ထင်သလောက်မလွယ်ကူမှန်း သိလိုက်ကြရပါတယ်။ ပထမဆုံးသော မြစ်ကြီးနားသတင်း ဂျာနယ်ကို ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ စတင်ထုတ်ဝေခဲ့ပါတယ်။
စာစောင်တစ်စောင်၊ နှစ်စောင်လောက် ထုတ်ဝေအပြီးမှာတော့ ရန်ကုန် သတင်းစာပညာကျောင်း တည်ထောင်သူ သတင်းစာဆရာကြီး ဦးရဲနိုင်မိုး ကိုယ်တိုင်လာရောက်ပြီး သတင်းထောက်တွေကို အခမဲ့ သင်တန်း ပို့ချခဲ့ပါတယ်။ ရန်ကုန်သတင်းပညာကျောင်းက အခုချိန်အထိ သတင်းထောက်တွေ အရည်အသွေးပြည့်ဝအောင် စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနေတုန်းပါ။

သတင်းထောက်အခက်အခဲ
တင်စားရမယ်ဆိုရင် ကချင်ပြည်နယ်မှာ ကျောက်မျက်ရတနာကောင်းကောင်းရဖို့ လွယ်ချင်လွယ်ပါ လိမ့်မယ်။ ဒါပေမဲ့ သတင်းထောက်တစ်ယောက်ရဖို့ကတော့ အင်မတန်မှ ခက်ခဲခဲ့ပါတယ်။ သတင်းထောက် အလုပ်ကို လုပ်ချင်တဲ့သူ ရှိပြန်ရင်လည်း မိသားစုက သဘောမတူတာတွေ၊ ကိုယ်တိုင်က ဝါသနာပါတယ် ထင်ပေမယ့် တကယ့်တကယ် လက်တွေ့ကွင်းဆင်း သတင်းရေးကြတဲ့အခါ စိတ်ပျက်အားလျော့ သွားကြတဲ့သူတွေ၊ သတင်းထောက်အလုပ်ထက် သာလွန်ကောင်းမွန်တဲ့ အလုပ်အကိုင်ကြောင့် တစ်ခဏလုပ်ပြီး နားလိုက်တဲ့သူတွေ အများအပြားကို တွေ့ခဲ့ရပါတယ်။
မြစ်ကြီးနားမြို့အပြင် တနိုင်း၊ ဗန်းမော်၊ ဖားကန့်၊ မိုးညှင်း၊ ပူတာအို၊ ဝိုင်းမော် အစရှိတဲ့ မြို့တွေကနေ ခေါ်ယူပြီး မြစ်ကြီးနားသတင်းဂျာနယ်က အခမဲ့သင်ကြားပေးတဲ့ သင်တန်းတွေ၊ မြစ်ကြီးနားဂျာနယ်အားဖြင့် အခမဲ့ တက်ရောက်သင်ယူခွင့်ရခဲ့တဲ့ သင်တန်းတွေတက်ပြီး အလုပ်ထွက် သွားတဲ့သူ၊ အလုပ်ပြောင်းသွားတဲ့သူ စုစုပေါင်း အယောက် ၂၀ လောက်အထိရှိခဲ့ပါတယ်။
အဲဒီအယောက် ၂၀ ထဲမှာ မီဒီယာလောကကို ကျောခိုင်းသွားတဲ့သူတွေရှိသလို အခြားသော သတင်းဌာနတွေမှာ တာဝန်ထမ်းဆောင်နေသူတွေလည်း ရှိတာကြောင့် သတင်းပညာ တတ်မြောက်လို သူတွေအတွက် မြစ်ကြီးနားသတင်းဂျာနယ်က ခြေကုပ်တစ်ခုပါ။

ငါးနှစ်တာ အတွေ့အကြုံ
၂၀၁၄ ခုနှစ် သြင်္ကန်အပြီးမှာ မြစ်ကြီးနားသတင်းဂျာနယ်ကို ၁၅ ရက်တစ်ကြိမ်နှုန်းနဲ့ တစ်လကို နှစ် စောင်ထုတ်ဝေခဲ့ပါတယ်။ ၂၀၁၅ မှာတော့ ဆယ်ရက်တစ်စောင်နှုန်းနဲ့ ထုတ်ဝေခဲ့ပြန်ပါတယ်။ နောက်ပိုင်းမှာတော့ အပတ်စဥထုတ်ဂျာနယ်အဖြစ် သောကြာနေ့တိုင်း ပြောင်းလဲထုတ်ဝေခဲ့ပြီး တစ်နှစ်ကို အစောင် သုံးဆယ်ကျော် လေးဆယ်လောက်အထိ ထုတ်ဝေနိုင်ခဲ့ပါတယ်။
ငါးနှစ်တာ ကာလအတွင်းမှာ အနုပညာသတင်း၊ မှုခင်းသတင်းတွေကစလို့ မြစ်ဆုံအရေး၊ ဒုက္ခသည်အရေး၊ တောင်သူ လယ်သမားအရေးတွေ အဆုံး သတင်းအမျိုးအစားပေါင်း ၂၀ ကျော် ၃၀ လောက်အထိ ဖော်ပြနိုင်ခဲ့ပါတယ်။ တစ်ဖက်က ကချင်ပြည်နယ်သားတွေအတွက် စာစောင်ကို ထုတ်ေ၀ သလို တစ်ဖက်မှာလည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေအတွက် Facebook စာမျက်နှာကနေ သတင်းတွေကို စဉ်ဆက်မပြတ်တင်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် Myitkyina News Journal ဖေ့စ်ဘုတ်စာမျက်နှာမှာ ပရိသတ် ၅ သိန်းကျော်အထိ ရှိနေပါပြီ။
လူမှုကွန်ရက်ကနေ ရုပ်သံသတင်းတွေ၊ ရေဒီယိုသတင်းတွေ၊ ပုံနှိပ်စာသတင်းတွေ၊ သတင်းဓာတ်ပုံ တွေကို အချိန်နဲ့တစ်ပြေးညီ တင်ဆက်ခဲ့ပါတယ်။ တချို့စာဖတ်ပရိသတ်တွေက မြစ်ကြီးနားဂျာနယ် ဖေ့စ်ဘုတ်မှာ မတင်သေးသရွေ့ သတင်းတွေကို အတည်မပြုတဲ့အထိ အားကိုးရာဖြစ်ခဲ့ပါတယ်။ မြစ်ကြီးနားသတင်း ဂျာနယ်ကလည်း ပြည်နယ်တွင်းလူနည်းစုအတွက် ထုတ်ဝေတယ်ဆိုပေမယ့် တခြား သတင်းစာကြီးတွေက သတင်းထောက်တွေ လိုက်နာရတဲ့ ကျင့်ဝတ်တွေကိုပဲ လိုက်နာပြီး၊ သတင်းစာ ကြီးတွေက ရေးထုံးတွေအတိုင်း မျှမျှတတနဲ့ ရေးခဲ့ပါတယ်။ မိမိတို့သိတဲ့ လက်လှမ်းမီတဲ့ သတင်းမှန်သမျှကို လူမျိုး၊ ဘာသာမခွဲခြားဘဲ အရောက်သွားပြီး ရေးခဲ့ပါတယ်။
သတင်းစာတို့ရဲ့ မူလသဘောတရားက ပြည်သူကို အကျိုးပြုဖို့သက်သက် ဖြစ်တာကြောင့် အများပြည်သူရဲ့လိုအပ်ချက်တွေကို သက်ဆိုင်သူတွေက ဖြည့်ဆည်းပေးနိုင်အောင် ဆက်သွယ်ပေးတာတွေ ရှိခဲ့သလို အများပြည်သူ ထိခိုက်နစ်နာမှုတွေနဲ့ ပတ်သက်ပြီး ရေးတဲ့အခါ တချို့လူနည်းစုတွေကို ထိခိုက်စေခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ဒါ့ကြောင့် ငါးနှစ်ဆိုတဲ့ကာလအတွင်းမှာ မြစ်ကြီးနားသတင်းဂျာနယ်ကို အားပေးချစ်ခင်တဲ့သူတွေ ရှိသလို မလိုမုန်းထား တိုက်ခိုက်တာတွေလည်း ရှိခဲ့ပါတယ်။
အထူးသဖြင့် မိမိကိုယ်ကိုယ် ပြည်သူထဲက ပြည်သူလို့ထင်မှတ်မထားတဲ့ ပြည်သူ့လခစား ဝန်ထမ်းတချို့က သတင်းသမားတွေရဲ့ ပြည်သူ့အကျိုးဆောင်ရွက်မှုအပေါ် ဘယ်လိုကိုယ်ချင်းစာရမယ်မှန်း မသိကြပါဘူး။ သူတို့ အနေနဲ့လည်း ခြောက်စား၊ မြှောက်စားလုပ်တတ်တဲ့ သတင်းထောက်အမည်ခံ ပုဂ္ဂိုလ်တချို့နဲ့ တွေ့ခဲ့ဖူးတော့ တခြားသတင်းဌာနက သတင်းထောက်တွေသည်လည်း သူတို့အားနည်း ချက်ကို ဆော်မယ့်သူတွေလို့ အထင် ရှိနေကြတာပါ။
ပြီးခဲ့တဲ့လက ဂျာနယ်တိုက်က သတင်းထောက် နှစ်ယောက် အနိုင်ကျင့်ခံရလို့ ရဲစခန်းကို သွားရောက်အကူအညီတောင်းခံတဲ့ နေရာမှာ သတင်းထောက်တွေဘက်က အကူအညီပေးဖို့ တုံ့ဆိုင်းနေကြတာကို ကြုံခဲ့ရပါတယ်။ ပြစ်မှုကျူးလွန်ခံနေရပါတယ် ဆိုတာကို အထက်က အမိန့်မရလို့ဆိုပြီး အခင်းဖြစ်နေရာကို လိုက်ပါပေးဖို့ ငြင်းဆန်ခံခဲ့ရတာဟာ သတင်းထောက်တွေအပေါ်ထားတဲ့ ရဲစခန်းရဲ့ သဘောထားပါ။

ပြည်သူသာ ပထမ၊ ဒုတိယ၊ တတိယ
မီဒီယာလောကမှာ ဟိုးအခြေခံ သတင်းထောက်ပေါက်စကနေ ထိပ်ဆုံးက အယ်ဒီတာချုပ်တွေ၊ အမှုဆောင်အရာရှိတွေအထိ တူညီတဲ့ရည်ရွယ်ချက်က ပြည်သူကို အကျိုးပြုဖို့ဆိုတဲ့ စိတ်တစ်ခုတည်းပါ။ ကိုယ့်ဂျာနယ်မှာပါသွားလို့ ဘယ်သူတွေတော့ ဘာတွေရသွားတယ် ဆိုတဲ့စကားဟာ သတင်းသမားတို့ အလိုချင်ဆုံးပီတိပါ။
ပြည်သူတွေကို စာဖတ်စေချင်တာကလွဲရင် ပြည်သူ့ဆီက ဘာမှ ပြန်မမျှော်လင့်တတ်တာဟာ ပုဂ္ဂလိက သတင်းဌာနက သတင်းသမားတိုင်းရဲ့ တူညီတဲ့စိတ်ထားပါ။ ကိုယ့်ပြည်နယ်ကို အမှန်တကယ် တိုးတက်စေချင်တယ်။ ပြည်သူအကျိုးကို အမှန်တကယ် လိုလားတယ်ဆိုရင်ဖြင့် တာဝန်ရှိသူတွေ၊ ပြည်သူတွေအနေနဲ့ သတင်းသမားတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်တွဲပူးပေါင်းကြဖို့ လိုမှာပါ။
မြစ်ကြီးနားသတင်း ဂျာနယ်ကလည်း ပြည်သူ့ သိပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေအတွက် မှန်ကန်တဲ့လမ်းကြောင်းကနေ တတ်စွမ်းသမျှ သဟဇာတဖြစ်အောင် ဆက်လက်ကြိုးစားနေမှာပါ။ ကချင်ပြည်နယ်အတွင်းက ပြည်သူတွေ တစ်ဦးချင်းစီ ကောင်းစားဖို့ မစွမ်းနိုင်သော်လည်း လိုအပ်ချက်တွေရှိတဲ့ ပြည်သူတွေကို ဖြည့်ဆည်းပေးမယ့်သူတွေနဲ့ တွေ့အောင်၊ ပြည်သူ့အခက်အခဲ အစိုးရသိအောင်၊ အစိုးရလိုအပ်ချက်တွေ ပြည်သူသိအောင်၊ ပြည်သူတို့ထံ ကျရောက်မယ့် ဘေးအန္တရာယ်တွေ ကြိုတင်တားဆီးနိုင်အောင် မိမိတို့ တတ်မြောက်ထားတဲ့ အတတ်ပညာတွေနဲ့ ဆက်လက်အကျိုးပြုသွားမယ်ဆိုတာ ငါးကြိမ်မြောက် ကတိပြုလိုက်ရပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်