ကချင်ပြည်နယ်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်နေတဲ့ လွှတ်တော်သက်တမ်းက ၃ နှစ်တာကာလအတွင်း ၁၄ ကြိမ်မြောက်အထိ ပုံမှန်အစည်းအဝေး ကျင်းပနိုင်ခဲ့ပြီး အထူးအစည်းအဝေး ၁ ကြိမ်နဲ့ အရေးပေါ် အစည်းအဝေး ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ် ရှိပြီးတော့ ပြည်နယ် လွှတ်တော်မှာ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် ၃၆ ဦး၊ တိုင်းရင်းရေးရာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး စုစုပေါင်း ပြည်နယ်လွှတ်တော်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၅၃ ဦးနဲ့ ဖွဲ့စည်းထားတာပါ။

ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ မြစ်ကြီးနားခရီးစဉ်မှာ တင်ပြချက်အရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက သုံးနှစ်တာ ကာလအတွင်းမှာ အဆို ၈၉ ခု၊ ကြယ်ပွင့်ပြမေးခွန်း ၉၆၁ ခုနဲ့ ကြယ်ပွင့်မပြမေးခွန်း ၈၉ ခုကို မေးမြန်းနိုင်ခဲ့ပါတယ်လို့ သိရပါတယ်။

အဆိုတွေ မေးခွန်းတွေ ပေါင်းလိုက်ရင် စုစုပေါင်း ၁၁၃၉ ခုရှိပါတယ်။ ကျန်တဲ့သက်တမ်းမှာလည်း ပြည်သူလိုအပ်ချက်အတွက် ထပ်မံမေးကြ၊မြန်းကြရဦးမှာပါ။
မြန်မာနိုင်ငံမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကတော့ လစာတစ်လ ၅ သိန်းကျပ် ရရှိပါတယ်။ ဒါကြောင့် သက်တမ်းသုံးနှစ်အတွင်း လပေါင်း ၃၆ လအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို ပေးရတဲ့လစာငွေက ကျပ်သိန်းပေါင်း ၉၅၀ဝ ကျော်အထိရှိခဲ့ပါပြီ။

ဒီကျပ်သိန်းပေါင်း ကိုးထောင်ကျော်ကို မေးခဲ့တဲ့မေးခွန်းတွေ အဆိုတွေနဲ့ စုစုပေါင်းနဲ့ ကိုယ်စားလှယ်တစ်ဦး ရတဲ့လစာနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ မေးခွန်းတစ်ခု အဆိုတစ်ခုကို ၈ သိန်း
၃ သောင်းကျော် တန်ဖိုးခန့်ရှိနေပါတယ်။ ဒါကတော့ ကချင်ပြည်နယ် လွှတ်တော်မှာ မေးတဲ့ မေးခွန်းတစ်ခွန်း အဆိုတစ်ခုရဲ့ တန်ဖိုးပဲဖြစ်
ပါတယ်။
ဒီတွက်ချက်မှုဟာ လစာငွေတစ်ခုတည်းကိုသာ အခြေခံတွက်ချက်ထားတာ ဖြစ်ပြီးတော့ တခြားလွှတ်တော်အသုံးစရိတ်တွေ ပါဝင်ခြင်းမရှိပါဘူး။ ကုန်ကျစရိတ်ကို အတိအကျ တွက်ချက်ရင် မေးခွန်းတစ်ခွန်း အဆိုတစ်ခုရဲ့တန်ဖိုးဟာ ပိုပြီးမြင့်တက်လာမှာပါ။

လွှတ်တော်ကာလ တစ်လျှောက်မှာ လေ့လာခဲ့တဲ့သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောကြားချက်အရ မေးခွန်းတွေက ယေဘုယျဆန်သလို ကျောင်းရရှိရေး၊ ရေရရှိရေး၊ ကျောင်းအဆင့်တိုးမြှင့်ရေး၊ မြေသားလမ်းဖောက်လုပ်ရေး စတဲ့မေးခွန်းတွေသာ အများဆုံးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ဒါကလည်း တချို့မေးခွန်းတွေဟာ ၈ သိန်းကျော်နဲ့ တန်ရဲ့လားဆိုတာလည်း မေးခွန်းထုတ် စရာပါပဲ။
ဒါ့အပြင် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနတွေက ပြန်လည်ဖြေဆိုပေးတဲ့အခါမှာလည်း ဒီမေးခွန်းတွေ အပေါ်မှာတောင် ယေဘုယျဆန်တယ်လို့ ကချင်ပြည်နယ် လွှတ်တော်လေ့လာသုံးသပ်သူ ကို
ကျော်ကျော်ဦးက ပြောဆိုပါတယ်။

နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်ရဲ့ မြစ်ကြီးနားခရီးစဉ်မှာ ပြောကြားသွားတာထဲက တစ်ခုကို ကောက်နှုတ်တင်ပြရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ရဲ့ အခန်းကဏ္ဍကို သိရမယ်လို့ ဆိုပါတယ်။
”ကိုယ့်ပြည်နယ် အစိုးရဆီကို ကိုယ့်ပြည်နယ်လွှတ်တော်က တင်မယ့်အဆို တစ်ခု၊ မေးမယ့်မေးခွန်းတစ်ခု ဆိုကြပါစို့။ ကိုယ့်ဟာကိုယ် ကိုယ့်ပြည်နယ်မှာ လုပ်ရမယ့်ဟာ ကိုယ့်ပြည်နယ်ကို မမေးဘူး။ အဲဒီ ပြည်နယ်က တစ်ဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း ဆိုတော့ အဲဒါဘာဖြစ်မှာလဲ။ ကိုယ်လုပ်ရမယ့် အလုပ်က ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ် ပေးထားတယ်” လို့ သမ္မတကြီးက ပထမဆုံး မြစ်ကြီးနားခရီးစဉ်မှာ ပြောပြခဲ့တာပါ။

ဒါ့ကြောင့် နောက်လာမယ့် လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ၈ သိန်းကျော်တန်တဲ့ မေးခွန်းတွေကို ဘယ်လိုစိတ်ဝင်စားဖွယ် မေးမြန်းကြမလဲ၊ ပြည်သူလူထုအတွက် ဘယ်လိုအရေးကြီးအဆိုတွေ တင်သွင်းကြဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

စည်သူ(မြစ်ကြီးနား)