နိုင်ငံတစ်နိုင်ငံတွင်း ပဋိပက္ခတွေဖြစ်ရတဲ့ အကြောင်းအရင်းဟာ အောက်ပါသုံးချက် ဖြစ်တယ်လို့ ဆိုလို့ရပါတယ်။
ပထမအချက်က စီးပွါးရေးကို အခြေခံတဲ့ ပဋိပက္ခပါ။ ပြည်တွင်းလူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာတာကြောင့် စီးပွားရေးကျဆင်းမှုတွေ ရှိလာနိုင်ပါတယ်။ နောက်ပြီး ပြည်ပကဝင်လာတဲ့ အခြေချ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုတွေဟာ ဒေသခံတွေအတွက် စီးပွားရေးအရ လုံခြုံမှုမရှိတော့သလို ထင်မြင် ခံစားစေပါတယ်။

ရှင်းလင်းပြတ်သားတဲ့ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေ ချမှတ်ထားနိုင်ခြင်း မရှိတာရယ်၊ ရှိတဲ့ပေါ်လစီကို အပြည့်အ၀ လိုက်နာဆောင်ရွက်မှု မပြုနိုင်တာတွေကြောင့် မိမိတို့ရဲ့ စီးပွားရေးအရ ရပ်တည်နိုင်မှုကို ခြိမ်းခြောက်လာနေတယ်လို့ ခံယူသူတွေဟာ မကျေနပ်တာတွေ ဖြစ်လာပါတယ်။ အဲ့ဒီနောက် တချို့နေရာတွေမှာ အခွင့်ထူးခံ အုပ်စုသဖွယ် ဖြစ်နေသူတွေကို ဆန့်ကျင်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။

ဒုတိယအချက်အနေနဲ့ ယဉ်ကျေးမှုကိစ္စဖြစ်တဲ့ လူနည်းစုဘာသာစကားနဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်တွေပါ။ လူနည်းစုတွေက သူတို့အတွက် ယဉ်ကျေးမှုဆိုင်ရာ စာသင်ကျောင်းတွေ၊ လွတ်လပ်စွာ ဘုရားဝတ်ပြုကျောင်းတွေ တည်ဆောက်ခွင့်နဲ့ ရိုးရာအစဉ်အလာ ဒါမှမဟုတ် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ စည်းမျဉ်းဥပဒေသတွေကို အသုံးပြုခွင့်တွေ တောင်းဆိုလာနိုင်ပါတယ်။

ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်လွတ်လပ်ခွင့် တောင်းဆိုမှုတွေ များလာနိုင်ပြီး လူမျိုးစုများ ပေါင်းစည်းရေး ဆောင်ရွက်ချက်တွေအပေါ် သံသယထားမှုတွေ ကြီးလာနိုင်ပါတယ်။ လူမျိုးစုတွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့လိုက် ယဉ်ကျေးမှုဆိုင်ရာ တိကျတဲ့ဥပဒေတွေကို ပြဌာန်းပေးဖို့ တောင်းဆိုလာနိုင်ပြီး၊ နောက်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံ တစ်မျိုးမျိုးထိ တောင်းဆိုမှုတွေ ပြုလုပ်လာနိုင်ပါတယ်။

တတိယအကြောင်းချက်ကတော့ နယ်မြေပိုင်နက်အပေါ် အငြင်းပွားခြင်းပါ။ မျိုးနွယ်စုအလိုက် နယ်မြေ သတ်သတ်မှတ်မှတ်ရှိနေခြင်းကလည်း ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုကို ပိုဖြစ်စေနိုင်ပါတယ်။ ဒီလိုကိစ္စမျိုးက ကိုယ်ပိုင်အုပ်ချုပ်ရေးဖော်ပြချက်ဟာ နိုင်ငံက ခွဲထွက်ရေးပုံစံမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကို နိုင်ငံတွင်း လူအများစုက လက်မခံနိုင်ကြပါဘူး။
အစိုးရအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုင်ရာ တောင်းဆိုလာမှုတွေကို လက်မခံဘဲ ပေါင်းစည်းရေးကို သာ ဦးတည်ဆောင်ရွက်မယ်ဆိုရင် ဗဟိုအာဏာခွဲဝေခြင်းပုံစံ ဒါမှမဟုတ် ဖက်ဒရယ်ပြည်ထောင်စုပုံစံ တစ်ခုခုကို ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။

အိန္ဒိယ၊ မလေးရှား၊ ဂျာမဏီ၊ နိုင်ဂျေးရီးယား၊ တောင်အာဖရိကနဲ့ ဆွီဇာလန်နိုင်ငံတွေကတော့ ကွဲပြားခြားနားချက်အလိုက် ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ကျင့်သုံးပြီး နိုင်ငံတွင်း ပဋိပက္ခတွေကို ဖြေရှင်းနိုင်ခဲ့တာ တွေ့ရပါတယ်။
နောက်ပြီး စပိန်နဲ့ ကနေဒါနိုင်ငံတွေဟာလည်း အချိုးမဲ့ ဖယ်ဒရယ်ပုံစံ ကျင့်သုံးခြင်းအားဖြင့် ခွဲထွက်ရေးတောင်းဆိုမှုတွေကို လျော့နည်းစေနိုင်ခဲ့ပါတယ်။

မသမာ မရိုးသားတဲ့ ခေါင်းဆောင်တွေဟာ ပထမအချက်ဖြစ်တဲ့ စီးပွားရေးပဋိပက္ခ၊ ဒုတိယ အချက်ဖြစ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ လူမျိုးရေး၊ ဘာသာရေးနဲ့ စာပေဆိုင်ရာ ပဋိပက္ခ၊ တတိယအချက်ဖြစ်တဲ့ နယ်မြေပိုင်နက် အငြင်းပွားခြင်းဆိုင်ရာ ပဋိပက္ခ စတဲ့အချက်တွေပေါ်မှာ ရှိနေတဲ့ အက်ကွဲကြောင်းတွေကို ကောင်းကောင်း သဘောပေါက်ပြီး သူတို့ လိုသလို အခွင့်အရေးယူပြီး အသုံးချလာနိုင်တာကိုလည်း မမေ့စေလိုပါ။

ဒီလိုပဋိပက္ခတွေ ဖြစ်လာပြီဆိုရင် လူမျိုးစုတွေ တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားမှုတွေကြီးလာပြီး အများအားဖြင့် အင်အားကြီးသူကို အဓိကအကြမ်းဖက်သူလို့ အားနည်းသူတွေဘက်က ခံယူလာကြပြီး ပဋိပက္ခတွေကိုထိန်းဖို့ ပိုခက်လာနိုင်တယ်ဆိုတာ သတိချပ်ဖို့ မြစ်ကြီးနားသတင်းဂျာနယ်က ရေးသားလိုက်ရပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်