မေ ၃
ကချင်ပြည်နယ် နိုင်ငံရေးပါတီသုံးခု ပူးပေါင်းဖွဲ့စည်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၂၅ ရက်နေ့တွင် တရားဝင် တည်ထောင်ခွင့် ပြုလိုက်ကြောင်း သိရသည်။

KSPP ၏ လျှောက်လွာတင်ထားမှုကို ပါတီတည်ထောင်ခွင့် ပြုလိုက်ကြောင်း စာထုတ်ပြန်ခဲ့ပြီး ပါတီအလံ၊ အမှတ်တံဆိပ်၊ ပါတီမူဝါဒများကို နေပြည်တော်ရှိကော်မရှင်ရုံးသို့ ဆက်လက်အပ်နှံဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောသည်။

“အခု ဘာကျန်မလဲဆိုရင် ပါတီအလံကို သတင်းစာမှာ ထည့်ရမယ်။ တစ်ပတ်လောက် ကန့်ကွက်မယ့်လူ ရှိလားပေါ့။ ဘာမှမရှိဘူးဆိုရင် ကျွန်တော်တို့ ပါတီအလံကို အတည်ပြုလိုက်ပြီပေါ့။ မေလ ၂၀ ဝန်းကျင်လောက်မှာ ပါတီနံပါတ်ကျလာလိမ့်မယ်”ဟု ဒေါက်တာတူးဂျာက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ယခုပါတီသည် ပြည်နယ်ကို အခြေပြုမည့်ပါတီ ဖြစ်သည့်အတွက် သုံးလအတွင်း ပါတီဝင် အရေအတွက် ၅၀၀ ၏ အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရမည်ဖြစ်ပြီး မြို့နယ်တိုင်းတွင် ပါတီဖွဲ့စည်းမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းင်းကပြောသည်။

“ဒီဟာက အခုပါတီဝင်စာရင်းပေးပို့တဲ့အပေါ်မှာ မူတည်မယ်။ ပါတီဝင်စာရင်း ငါးရာပဲ ပေးပို့မယ်ဆိုရင် ပြည်နယ်အတွင်း အတွက်ပဲဖြစ်မယ်။ တစ်ထောင်အထိပေးပို့မယ်ဆိုရင် ပြည်နယ် ပြင်ပမှာလည်း လှုပ်ရှားလို့ရမယ်။ ဒါတွေကို နောက်ပိုင်းကျွန်တော်တို့ လုပ်သွားမှာပါ”ဟု ဒေါက်တာ တူးဂျာကထပ်မံပြောဆိုသည်။

KSPP (Kachin State People Party) အတွက် ခေါင်းဆောင်၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသည့်ရာထူးများ ရွေးချယ်ခြင်းကို ညီလာခံကြီးတစ်ခု ပြုလုပ်ကာ ဒီမိုကရေစီနည်းဖြင့် ရွေးကောက် တင်မြှောက်သွားမည်ဟုလည်း သိရသည်။

အသစ် ဖွဲ့စည်းထားသည့် KSPP ၏ ပါတီနံပါတ်ကျလာပါက ကော်မရှင်မှ မိမိတို့၏ ယခင်ပါတီများကို အလိုအလျောက် ဖျက်သိမ်းသွားမည်ဖြစ်ပြီး မိခင်ပါတီများ ဖျက်သိမ်းသည့် အချိန်၊ နေ့ရက်များကို တရားဝင်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)တွင် ပူးပေါင်းထားသည့် ကချင်နိုင်ငံရေးပါတီမှာ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်ပါတီ)တို့ ဖြစ်သည်။

Salai