မေ ၃
ကိုဇော်ဂျတ်၊ ကိုလွမ်းဇောင်း၊ ဒေါ်နန်ပူတို့ ထောင်မှ လွတ်မြောက်လာသည့်အတွက် ၎င်းတို့ ၃ ဦးအတွက် ဆုတောင်းခြင်းနှင့် လူထုတွေ့ဆုံပွဲအစီအစဉ်ကို မြစ်ကြီးနားမြို့ မနောင်ကွင်းရှိ မဂျွယ်ခန်းမတွင် မေလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ၎င်းတို့ ၃ ဦး ထောင်ထဲမှ ကြုံတွေ့မှုများနှင့် ပြည်သူလူထုများ၏ ဝန်းရံမှုများအပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြသည်။

“လူထုတွေ ပါဝင်ပေးခဲ့တာကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ဒီမှာရှိတဲ့ ကချင်ပြည်နယ်သူ/သား အားလုံးက ကျွန်တော်တို့ ထောင်ကျတဲ့အချိန်မှာ ခွန်အားလာပေးတယ်၊ လာတွေ့တယ်၊ အသိအမှတ် ပြုပေးတယ်။ ဒါတွေကို ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ ရှေ့ဆက်ပြီး အယူခံဝင်သွားမယ့် ကိစ္စမှာလည်း အောင်မြင်ဖို့အတွက် ဆုတောင်းခြင်းဖြစ်ပါတယ်”ဟု ကိုဇော်ဂျတ်က ပြောသည်။

မြစ်ကြီးနား အကျဉ်းထောင်တွင် နေထိုင်ခဲ့ရစဉ်ကာလအတွင်း တွေ့ကြုံခဲ့သည့် အတွေ့အကြုံများ အနက် အကျဉ်းကျနေသည့် အကျဉ်းသူ/သားများတွင် မူးယစ်မှုဖြင့် ကျခံရသူ ၇၀ ရာခိုင်နှုန်းခန့်ရှိနေပြီး ၎င်းတို့အတွက် ပြစ်မှု၊ ပြစ်ဒဏ် မျှတမှု မရှိသည်များကိုလည်းတွေ့ခဲ့ရသဖြင့် အဆိုပါ ကိစ္စများအတွက် သက်ဆိုင်ရာဌာနများသို့ တင်ပြမှုမျိုးလည်း ပြုလုပ်သွားမည်ဟု ကိုဇော်ဂျတ်က ပြောသည်။

“အကျဉ်းကျနေတဲ့ပြည်သူတွေထဲမှာ ပြစ်မှုနဲ့ပြစ်ဒဏ်နဲ့ မမျှတဲ့ လူအများကြီးရှိတယ် ဒီလိုတွေ ရှိနေတာဟာ အင်မတန်စိတ်မကောင်းစရာပါပဲ။ ဒါတွေကို လုပ်ဆောင်သွားပေးဖို့လည်း ရှိပါတယ်။ ထွက်လာပြီးတဲ့ အချိန်မှာလည်း ဒီလိုတွေ့ကြုံမှုကို မူတည်ပြီးမှ အစိုးရဌာနဆိုင်ရာတွေ၊ သက်ဆိုင်ရာ နိုင်ငံတော်အဆင့် တွေကို ဒီဖြစ်စဉ်တွေကို ရှင်းပြဖို့တင်ပြဖို့ ရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ တရားမျှတရေး ရရှိအောင် အစီအစဉ်ရှိပါတယ်”ဟု ကိုဇော်ဂျတ်က ပြောသည်။

အလားတူ မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းသူ/သား များပြားလွန်းပြီး အကျဉ်းထောင် ပြည့်ကြပ်နေခြင်းနှင့် တရားရုံး၏ ပြစ်မှုပြစ်ဒဏ်မမျှတမှုများကို တွေ့မြင်ရကြောင်းလည်း ကိုလွမ်းဇောင်းက ထပ်မံပြောဆိုသည်။

“ပြည်ထဲရေး အကျဉ်းဦးစီးဌာနအနေနဲ့ နိုင်ငံတော် ဘတ်ဂျက် လုံလုံလောက်လောက်နဲ့ နိုင်ငံတကာစံချိန်နဲ့ ပိုပြီးကိုက်ညီအောင် လုပ်ပေးရင်တော့ ပိုကောင်းတာပေါ့။ နောက်ပြီး အကျဉ်းဝန်ထမ်းတွေက ကန့်သတ်မှုတွေ တော်တော် ရှိနေတယ်လို့ သူတို့ကိုယ်တိုင်လည်းပြောတယ်။ ကျွန်တော်တို့ ဝင်ခါစကဆို လေးထောင်ကျော်ရှိတယ်။ အကျဉ်းဝန်ထမ်းက တစ်ရာတောင် မရှိဘူး။ ဒီလို ကြီးကြပ်တယ်ဆိုတာ လုံး၀ မဖြစ်သင့်တဲ့အရာပေါ့”ဟု ကိုလွမ်းဇောင်းက ပြောသည်။

ပိတ်မိ စစ်ရှောင်ပြည်သူများ လွတ်မြောက်ရေးအတွက် ဆန္ဒပြဦးဆောင်ခဲ့သူ ကိုဇော်ဂျတ်၊ ကိုလွမ်းဇောင်းနှင့်ဒေါ်နန်ပူတို့ကို တပ်မတော်အား အသေရေဖျက်မှု၊ ပုဒ်မ ၅၀၀ ဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးက အလုပ်မဲ့ ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် ၅ သိန်း ပြစ်ဒဏ်ကျခံရန် အမိန့်ချမှတ်ခဲ့မှုပေါ် အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကိုလွမ်းဇောင်းက ပြောသည်။

၎င်းတို့သုံးဦးကို ဆန္ဒထုတ်ဖော်စဉ်က ပြောဆိုမှုများတွင် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်စေမှု ပါဝင်သည်ဟု ဆိုကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုကာ ကိုဇော်ဂျတ်၊ ကိုလွမ်းဇောင်းနှင့် ဒေါ်နန်ပူတို့ သုံးဦးကို အသေရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်းလည်း ဖြစ်သည်။
၎င်းတို့အမှုကို တရားမျှတမှုရရှိသည်အထိ လုပ်ဆောင်သွားမည် ဖြစ်ကာ ပြည်ထောင်စု တရားလွှတ်တော်အထိ ဆက်လက်ထုချေသွားမည်ဟုလည်း ကိုလွမ်းဇောင်းက ပြောဆိုသည်။

“ဒီအမှုကိစ္စက ကျွန်တော့်ကို စွပ်စွဲထားတဲ့အမှုက လုံး၀ မမှန်မကန် စွပ်စွဲထားတာ၊ ပြီးတော့ ပုံမှန်စွပ်စွဲတာ မဟုတ်ဘူး။ အမိန့် ချမှတ်တယ်။ ထောင်ထဲပို့တယ်။ ခု ပြန်ထွက်လာပြီ။ တရားလိုကိုယ်တိုင်က ဘာမှမသိတဲ့သူက တပ်မတော်ကို အသရေဖျက်တယ်ဆိုပြီးမှ တပ်မတော်ကိုယ်စားလည်း မဟုတ်ပြန်ဘူး။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ စွဲတယ်လို့ ပြောတယ်။ ဒါ ဥပဒေကြောင်းအရ မှားနေပြီ။ မှားနေတဲ့ဟာကို လွတ်လပ်သော တရားရေးစနစ် မဟုတ်ဘဲနဲ့ တရားသူကြီးတွေက ချလိုက်တယ်။ ဒါကြောင့် ဒီအမှုကို ကျွန်တော်တို့ လက်ခံလို့မရဘူး။ ဒါကြောင့် ဒီအမှုကို တရားဥပဒေနည်းလမ်းအတိုင်း အထက်တရားရုံး ပြည်ထောင်စုတရားလွှတ်တော်ကို ဆက်လက်ပြီး အကျိုးဆောင်ရှေ့နေတွေနဲ့ ဆက်တက်သွားမယ်၊ ထုချေသွားမယ်”ဟု ကိုလွမ်းဇောင်းက ပြောသည်။

ကချင်လူငယ် ကိုဇော်ဂျတ်နှင့် ကိုလွမ်းဇောင်းတို့သည် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ဧပြီလ ၂၆ ရက်နေ့က မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသူ/သား ၁၃၀၀ ကျော် နှင့်အတူ လွတ်မြောက်လာခဲ့ပြီး ဒေါ်နန်ပူသည် ထောင်ဒဏ် ၆ လအနက် ကျန်းမာရေး ကောင်းမွန်ခြင်း မရှိသည့်အတွက် ၂ လ လျှော့ရက်ဖြင့် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်ခဲ့သည်။

Salai