မြစ်ကြီးနား၊ မေ ၁၀
မြစ်ကြီးနားမြို့၌ လာမည့် မေလ ၂၇ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို/ ကေအိုင်အေ)ကို ဆန္ဒထုတ်ဖော်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ရှမ်းမျိုးနွယ်စုများလည်း ပါဝင်မည် ဖြစ်သည့်အပြင် ကေအိုင်အို/ကေအိုင်အေ၏ အနိုင်ကျင့်မှုကို ခံခဲ့ရသော တိုင်းရင်းသား တချို့လည်း ပါဝင်မည်ဖြစ်ကြောင်း ဦးရွှေမင်းက ပြောသည်။
“လောလောဆယ်တော့ ရှမ်းမျိုးနွယ်စုရယ်၊ လီဆူရယ် ပါလိမ့်မယ်။ ပြီးရင် လော်ဝေါ်၊ လာချိတ်တွေလည်း ပါလာဖို့ အလားအလာ ရှိတယ်။ ဒါပေမဲ့ ဒါကိုတိတိကျကျ ပြောဖို့တော့ ခက်ပါသေးတယ်။ တခြားလူမျိုးတွေလည်း ကေအိုင်အေရဲ့ လုပ်ရပ်ကို မခံမရပ်နိုင်တဲ့သူတွေလည်း ပါလာပါလိမ့်မယ်”ဟု ၎င်းက မြစ်ကြီးနားသတင်း ဂျာနယ်သို့ပြောသည်။

ကေအိုင်အို/ ကေအိုင်အေ အဖွဲ့ကို အချက် ၄ ချက်တောင်းဆိုသွားမည် ဖြစ်ရာ တောင်းဆိုသည့် အချက် ၄ ချက် အနက်မှ အရေးကြီးဆုံး အဓိကအချက် နှစ်ချက်ကို ရရှိလျှင် ကျန်အချက် နှစ်ချက်ကို ညှိနှိုင်းဖြေရှင်းသွားနိုင်သည်ဟုလည်း ဦးရွှေမင်းက ပြောသည်။

“အဓိက တောင်းဆိုမှာကတော့ တစ်အချက်က လီဆူလူမျိုးများကို မတရားညှဉ်းဆဲဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းများအပေါ် ကေအိုင်အို/ကေအိုင်အေမှ တရားဝင် တောင်းပန်စာ (သို့မဟုတ်) ထုတ်ပြန်ကြေညာချက်ကို အတိအလင်းလုပ်ပေးရမယ်။ (၂)အချက်က နောက်နောင် လီဆူလူမျိုးများကို မတရားဖမ်းဆီးနှိပ်စက်မှုများကို မပြုလုပ်ဖို့ကေအိုင်အို/ ကေအိုင်အေဗဟိုကနေ တာဝန်ယူပါတယ်ဆိုတဲ့ ကတိကဝတ်ပြုချက်စာလေး ကျွန်တော်တို့ လိုချင်ပါတယ်။ ထုတ်ပြန်ကြေညာချက်လေး လိုချင်ပါတယ်။ အဓိက အဲ့ဒီ နှစ်ချက်ကိုရရင် ကျန်တဲ့ကိစ္စများဟာ ဆွေးနွေးသွားနိုင်တဲ့ အခြေအနေရှိပါတယ်။ ကျန်တဲ့ နံပတ်(၃)အချက် ဖြစ်တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ မိသားစုဝင်များရဲ့ နစ်နာကြေးနဲ့ သူတို့ရဲ့ ဘာသာရေးအရ သော်လည်းကောင်း၊ လူမျိုးရေး ရိုးရာ ဓလေ့အရ သော်လည်းကောင်း ပြုလုပ်မယ့် လူမှုရေးကိစ္စရပ်တွေကို ဆောင်ရွက်ပေးရမယ်။ (၄)အချက်ကတော့ အတင်းအဓမ္မ လူသစ်စုဆောင်းပြီး ငွေညစ်ခြင်းမျိုးကို မပြုလုပ်ဖို့ ဒီ ၄ ချက်ကို တောင်းဆိုထားပါတယ်”ဟု ဦးရွှေမင်းက ရှင်းပြပြောဆိုသည်။

မိမိတို့အနေဖြင့် ကေအိုင်အို/ကေအိုင်အေ အဖွဲ့ကို အမုန်းထားကာ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်း မဟုတ်ဘဲ မိမိတို့ လူမျိုးစုများအပေါ် နိုင်ထက်စီးနင်း ပြုကျင့်နေမှုများကို မခံမရပ်နိုင်သည့်အတွက် ပြုလုပ်ရခြင်း ဖြစ်သည့်အတွက် ကေအိုင်အို”ကေအိုင်အေ (ဗဟို)အနေဖြင့် မိမိတို့ တောင်းဆိုချက်များကို လိုက်လျော ဆောင်ရွက်ပးရန် တိုက်တွန်း တောင်းဆိုလိုသည်ဟု ဦးရွှေမင်းက ပြောသည်။

“လိုက်လျော ဆောင်ရွက်ပေးသွားမယ်ဆိုရင် ဒီမီးဟာ ငြိမ်းသွားနိုင်တယ်။ လီဆူလူမျိုးနဲ့ ကေအိုင်အေကြားမှာလည်း အမုန်းတရားတွေ ငြိမ်းသွားမှာ ဖြစ်ပါတယ်”ဟု ဦးရွှေမင်းက ဆိုသည်။

လီဆူတိုင်းရင်းသားများက ကေအိုင်အို/ကေအိုင်အေကို ဆန္ဒထုတ်ဖော်မည့် အစီအစဉ်သည် ဒုတိယအကြိမ်မြောက် ဖြစ်မည်ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် မေလ ၂၂ ရက်နေ့ကလည်း မြစ်ကြီးနားမြို့တွင် တစ်ကြိမ်ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ Cartel ဟိုတယ်တွင် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့တို့ ပူးပေါင်းကာ မိမိတို့မျိုးနွယ်စု ပြည်သူများအပေါ် မတရားဖမ်းဆီးညှဉ်းပန်းနှိပ်စက် အကြမ်းဖက် သတ်ဖြတ်ခြင်းကို ဆန့်ကျင်ရှုတ်ချကြောင်း သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။

Salai