၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတွင် NLD ပါတီမှ မြေပြိုကမ်းပြို အနိုင်ရကာ အစိုးရအဖွဲ့ ဖြစ်လာကာ ကဏ္ဍစုံအဘက်ဘက်မှ ကြိုးစားအားထုတ်မှုများကို မြင်တွေ့ရသည်။ ကချင်ပြည်နယ်အစိုးရ ဖွဲ့စည်းအပြီး ကဲဘိနတ် Cabinet ဝန်ကြီးတစ်ဦးနှင့် စာရေးသူတွေ့ဆုံမေးမြန်းရာ ကချင်ပြည်နယ်အစိုးရ၏ အဓိကဦးစားပေး လုပ်ဆောင်သွားမည့် ရှေ့လုပ်ငန်းစဉ်တစ်ခုမှာ မြစ်ကြီးနားမြို့ကို ပြည်နယ်မြို့တော် အင်္ဂါရပ်နှင့် ညီညွတ်အောင် လုပ်ဆောင်သွားမည်ဟု ဖြေကြားခဲ့သည်။ ထိုရှေ့ဆောင် လုပ်ငန်းစဉ်ထဲတွင် လမ်းတံတား ဖောက်လုပ်ခြင်းမှာ အဓိကစီမံကိန်းဖြစ်သည်ကို တွေ့ရှိရသည်။ ဤဆောင်းပါး၏ အဓိကရည်ရွယ်ချက်မှာ ထိုလုပ်ငန်းစဉ် တစ်ခုလုံးအပေါ် ပြည်နယ်အတိုင်းအတာဖြင့် ခြုံငုံသုံးသပ်ရန် မဟုတ်ပါ။ ၂၀၁၅ မှ စတင်၍ မြစ်ကြီးနားမြို့တွင်း လမ်းမကြီးများ တိုးချဲ့ဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ ကချင်ပြည်နယ်သူ၊ ပြည်နယ်သား တစ်ရပ်လုံး စဉ်းစားတွေးတော အမြင်ဖလှယ်နိုင်စေရန်၊ အဆိုးအကောင်း တင်ပြလိုခြင်း ဖြစ်သည်။

လမ်းတိုးချဲ့ခြင်း၏ အကျိုးများ
၁။ ယခင်ကထက် လမ်းများပိုမို ကောင်းမွန်လာသည်။ NLD ကချင်ပြည်နယ်အစိုးရ သက်တမ်းအတွင်း အောင်မြင်သော လုပ်ဆောင်ချက် တစ်ရပ် ဖြစ်သည်။ အများအသိအမှတ်ပြု ဂုဏ်ပြုသင့်သောအရာ ဖြစ်သည်။
၂။လမ်းဧရိယာ တိုးချဲ့ဖောက်လုပ်နိုင်ခြင်း၊ အနာဂတ် လူနေထူထပ်လာမည့် အချိန်၊ ယဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းနိုင်မည့် အမြော်အမြင်ကြီးသော လုပ်ဆောင်မှုတစ်ရပ် ဖြစ်သည်။
၃။ အချိန်တိုအတွင်း မြို့သူမြို့သားများ နေ့ဓဓူ၀ သွားလာလုပ်ရှားမှု နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ဖော်ဆောင်နိုင်မှုမှာလည်း ချီးကျူးဂုဏ်ပြုအပ်သော အောင်မြင်မှုကြီးတစ်ခု ဖြစ်သည်။
၄။ ရထားတံလမ်း ဖြတ်ကူးသည့် နေရာတွင် ပြေပြစ်စွာ ကားလမ်းကို ခင်းကျင်းလိုက်နိုင်ခြင်းမှာ အသေးအမွှား ကိစ္စဟု ထင်ရပါသောလည်း၊ အများပြည်သူ၏ နေ့စဉ်ဖြတ်သန်း သွားလာမှုအတွက် အင်မတန် ချောမွေ့စေသောအရာ ဖြစ်သည်။

ဝမ်းနည်းစရာကိစ္စရပ်များ
လမ်းတံတား ဖောက်လုပ်ခြင်း၊ မြို့ပြစီမံကိန်းနှင့် မြို့တစ်ခု၏ အနာဂတ်မှာ ဒွန်တွဲနေသောအရာ ဖြစ်သည်။ ကချင်ပြည်နယ်၏ နောင် ၁၀၊ ၂၀၊ ၃၀၊ ၄၀၊ ၅၀နှစ်တွင် မည်ကဲ့သို့သော မြို့တော်ဖြစ်မည်ကို ယခုဖောက်လုပ်နေသော လမ်းများကို ကြည့်ခြင်းဖြင့် ပုံဖော်ကြည့်နိုင်သည်။ ယခုမြစ်ကြီးနားမြို့တွင်း တိုးချဲ့ဖောက်လုပ်နေသော လမ်းများကို ကြည့်ခြင်းအားဖြင့် ရင်လေးစရာအချက်ကြီး ၃ ချက် ရှိသည်ဟု သုံးသပ်မိသည်။

၁။ သမိုင်းကို အလေးမထားသော မြို့တော်
မြို့လယ်တွင် ယခင်ကရှိသော နာရီစင်များကို အလွယ်တကူပင် ဖြိုဖျက်ခဲ့သည်။ ဂျပန်အစိုးရမှ ဒုတိယကမ္ဘာစစ်တွင် မြစ်ကြီးနားမြို့သည် သမိုင်းဝင် မြို့တစ်မြို့ဖြစ်ခဲ့ခြင်း အထိမ်းအမှတ်အနေဖြင့် ဆောက်လုပ်ခဲ့သော နာရီစင် ဖြစ်သည်။ ဂျပန်နှင့် ကချင်လူထုစစ်အတွင်း ဖြစ်ခဲ့သမျှ အကြောင်းများကို သင်ပုန်းချေခဲ့ပြီး ချစ်ကြည်ရင်းနှီးသွားမည် ဟူသည့်သင်္ကေတဟုဆိုလျှင် မမှားနိုင်ပေ။ လမ်းတိုးချဲ့ ဖောက်လုပ်ရန်အတွက်သာ စဉ်းစားပြီး ဤကဲ့သို့သော သမိုင်းဝင်သင်္ကေတများကို မဖျက်ဆီးသင့်ပါ။ အခြားသော နည်းလမ်းများ ရှာဖွေသင့်သည်။

၂။လူထုကျန်းမာရေးနှင့် မသန်စွမ်းများအတွက် ထည့်သွင်းစဉ်းစားမှု မရှိခြင်း
လမ်းများ တိုးချဲ့ဖောက်လုပ်ရာတွင် ယာဉ်များအတွက်သာ ဦးစားပေးစဉ်းစားထားပြီး အများသူငှာ လမ်း လျှောက်လျှင် အဆင်ပြေချောမွေ့စေမည့် လူသွားလမ်းများအတွက် ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။ အချို့နေရာများတွင် ပလက်ဖောင်းများ ရှိသောလည်း အလွန်ကျဉ်းမြောင်းပြီး အများသူငှာ လမ်းလျှောက်ရန် အဆင်ပြေချောမွေ့မှု မရှိပါ။ လမ်းလျှောက်လိုသူများအတွက် သက်သောင့်သက်သာ လျှောက်နိုင်ရန် ဆောက်လုပ်ထားသောလမ်းမျိုး မဟုတ်ပါ။ သွားရေးလာရေး အတွက် ဆိုင်ကယ်နှင့်ကား ကိုသာ အမှီပြုရမည့် မြို့ပြပုံစံဖြစ်နေသည်။ လမ်းလျှောက်ခြင်းကို အားပေးသည့် လမ်းမျိုးမဟုတ်။ ထို့ကြောင့် လူထုကျန်းမာရေးကို အားမပေးသည့် လမ်းမျိုးဟု ဆိုလိုခြင်းဖြစ်သည်။
ဝမ်းနည်းစရာ ကောင်းသော နောက်တစ်ချက်မှာ မသန်စွမ်းများ သွားလာနိုင်မည့်လမ်း (Pavement) မရှိခြင်း ဖြစ်သည်။ ပလက်ဖောင်းများမှာလည်း မြင့်နေသည်၊ ကျဉ်းမြောင်းနေသည့်အတွက် မသန်စွမ်းများ အကူမပါဘဲ သွားလာနိုင်မည့် လမ်းမျိုး မဟုတ်ပါ။ အားနည်းသူများအတွက် ထည့်သွင်းစဉ်းစားပေးနိုင်ခြင်း မရှိသေးသည့်မြို့ပြ ဖြစ်နေသေးသည်။

၃။ နှစ်ရှည်ပင်ကြီးများ ခုတ်လှဲပစ်ခြင်း
ကက္ကိုသည် မြစ်ကြီးနားမြို့၏ ပြယုဂ်တစ်ခုဖြစ်သည်။ အနှစ် ၂၀၊ ၃၀၊ ၄၀၊ ၅၀ နှစ်အထက်ရှိသော အပင်ကြီးများ လမ်းတစ်လျှောက်ပေါက်ရောက်ခဲ့သည်။ ထိုအပင်များ ဤသက်တမ်းသို့ရောက်ရန်မှာ လွယ်ကူသော အရာမဟုတ်ပေ။ ဤသစ်ပင်များသည် မြစ်ကြီးနားကို အေးမြစေသည်။ စိမ်းလန်း စိုပြေစေသည်။ လမ်းတိုးချဲ့ရန် သက်သက်အတွက်သာ စဉ်းစားပြီး အနာဂတ် မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြေစေမည့် အနာဂတ်ကို မဖျက်ဆီးသင့်ဟု ယူဆမိသည်။ ရုပ်ဝတ္ထုသက်သက် ဖွံ့ဖြိုးမှုသည် ဖွံ့ဖြိုးမှုအစစ်မဟုတ်ဟု ယူဆမိသည်။ သက်ရှည်အပင်ကြီးများကို ခုတ်လှဲမပစ်ဘဲ လမ်းတိုးချဲ့ လုပ်ဆောင်နိုင်သော နည်းလမ်းမရှိတော့ပြီလော။ ကမ္ဘာ့မြို့ကြီး ပြကြီးများဖြစ်သည့် London ကဲ့သို့သော အထင်ကရမြို့တွင် လမ်းဧရိယာတွင်း ပေါက်ရောက်သော သက်ရှည်အပင်များကို ချန်လှပ်ပြီး လမ်းတိုးချဲ့ထားသည်ကို စာရေးသူ အင်္ဂလန်နိုင်ငံသို့ သွားရောက်စဉ် မြင်တွေ့ လေ့လာခဲ့ရဖူးသည်။ အင်္ဂလန်နိုင်ငံ၏ ရာသီဥတုမှာ အင်မတန်အေးသော ရာသီဥတုဖြစ်သည်။ သို့သော် အင်္ဂလန်မြို့သူမြို့သား များသည် အပင်အရိပ်ကို အင်မတန် မြတ်နိုးတန်ဖိုးထားကြသည်။ တစ်နှစ်ထက်တစ်နှစ် ရာသီဥတု ပိုမို၍ ပူပြင်းလာသော မြစ်ကြီးနားမြို့တွင် အသက်ရှည်အပင်ကြီးများ ပိုမို၍ပင် လိုအပ်သည်။ အနှစ် ၄၀၊ ၅၀ ရှိသော အပင်ကို ခုတ်လှဲလိုက်သူမှာ ထိုသက်တမ်းရှိ အပင်ကို တစ်ဖန်ပြန်လည် အစားထိုးစိုက်ပျိုး နိုင်သည့်သူ မဟုတ်သည့်အတွက် မခုတ်သင့်ဟု ယူဆမိသည်။ ခုတ်လှဲပြီးသော အပင်ကြီးများကို ဈေးကြီးကြီးနှင့် ပြန်လည် ရောင်းချလိုက်သည်ကို အချို့စားသောက်ဆိုင်များ၏ စားပွဲ၊ ကုလားထိုင်များကို ကြည့်ခြင်းအားဖြင့် တွေ့မြင်နိုင်သည်။ ကျဉ်းသော်လည်း အရိပ်ရသောလမ်းနှင့် ကျယ်သော်လည်း အရိပ်ကင်းမဲ့သော လမ်းကို ရွေးပါဆိုလျှင် ရေရှည်တွင် ပထမလမ်းကိုသာ မြစ်ကြီးနားမြို့သူ မြို့သားများ ရွေးမည်ဟု စာရေးသူ ယူဆမိသည်။ လမ်းတိုးချဲ့ရန် စဉ်းစားရာတွင် ကားဘယ်နှစီး တစ်ပြိုင်တည်း ဖြတ်သန်းနိုင်မည် ဆိုသည့် အခြေခံအကြောင်းအရာ အပေါ်တွင် မစဉ်းစားဘဲ မြို့သူမြို့သားများ၏ အနာဂတ် လူမှုပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို ဦးစားပေး စဉ်းစားသင့်သည်ဟု ထင်မြင်မိသည်။

နိဂုံး
မြစ်ကြီးနား မြို့သူမြို့သားများအနေဖြင့် ရုပ်ဝတ္ထုသက်သက်သာ ဖွံ့ဖြိုးပြီး အစဉ်အလာကို အလေးမပြုသော၊ အားနည်းသူကိုလစ်လျူရှုသော၊ သဘာ၀ ပတ်ဝန်းကျင်ကို ဥပက္ခာပြုသော အနာဂတ်မြစ်ကြီးနားမြို့သို့ သွားလိုသလော၊ သို့မဟုတ် အစဉ်အလာကို တန်ဖိုးထားလေးစားတတ်သော အားနည်းသူများအတွက် ထည့်သွင်း စဉ်းစားဖော်ဆောင်သော သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုကို တန်ဖိုးထားလေးစားသည့် မြို့ပြဆီသို့ ချီတက်မည်လော၊ မိမိ၏ ဆိတ်ငြိမ်စွာ နေခြင်းကြောင့် နောင်အနာဂတ် မျိုးဆက်များ၏ အပြစ်တင်ကဲ့ရဲ့ခြင်းမှ ကင်းဝေးကြပါစေ။

လေးစားစွာဖြင့်
ဒန်ဆိုင်းလောန်
အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး
KachinLand Research Centre