ဇွန် ၇

ရေခဲတောင်ပေါ်မှ မစိမ့်ထက်ပြုတ်ကျသေဆုံးမှုကြောင့် လူသေမှုပုဒ်မဖြင့် အမှုဖွင့်ခံထားရသော The Summiter တောင်တက်အဖွဲ့ခေါင်းဆောင် နှစ်ဦးအမှုမှ သက်သေ ၂၁ ဦးကို ပူတာအိုမြို့မ ရဲစခန်းက စစ်ဆေး နေကြောင်း စခန်းမှူး ဒုရဲမှူး ခင်ဇော်ဦးထံမှသိရသည်။

မစိမ့်ထက်၏ ဖခင်ဖြစ်သူ ဦးမောင်မောင်လေးမှ တရားလိုပြု တိုင်ကြားချက်အရ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ – က ဖြင့် အမှုဖွင့်ခံထားရသည့် တောင်တက်အဖွဲ့ခေါင်းဆောင် ကိုဇော်ဇင်ခိုင်နှင့် ဒုတိယခေါင်းဆောင် ကိုအောင်ခိုင်မြင့်တို့ကို ချုပ်ရမန်ယူ၍ ပူတာအိုထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး တောင်တက်ခရီးစဉ်တွင် အတူလိုက်ပါခဲ့ကြသူများကို စစ်ဆေးနေခြင်းဖြစ်ကြောင်းသိရသည်။

ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းခန့်က ပူတာအိုမြို့နယ်၊ ဖန်ကရန်ရေခဲတောင်တက်ခရီး အပြန်လမ်းတွင် မစိမ့်ထက် သေဆုံးခဲ့မှုသည် အမှန်တကယ်ပြုတ်ကျ သေဆုံးခဲ့ခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန်အတွက်လည်း ပူတာ အိုမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၉) ဖွင့်လှစ်ကာ တောင်တက်အဖွဲ့သားများနှင့် ဒေသခံအ ထမ်းသမားများကို စစ်ဆေးခဲ့ကြောင်းသိရသည်။

မစိမ့်ထက်ပြုတ်ကျပြီး တစ်လကျော်အကြာတွင် ဒေသခံ ကိုလန်ဝမ်အထိန် ဦးဆောင်သည့် ဒေသခံ ရှစ် ဦးအဖွဲ့မှ လိုက်လံရှာဖွေခဲ့ရာ မေလ ၂၄ ရက်နေ့တွင် ပြန်လည်တွေ့ရှိ၍ ပူတာအိုသို့သယ်ဆောင်ခဲ့သည်။

မေလ ၂၇/၂၈ ရက်နေ့တို့တွင် ပူတာအိုပြည်သူ့ဆေးရုံ၌ မြစ်ကြီးနားမှုခင်းဆရာဝန် ဒေါက်တာ မဂေါ်လ မှ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပူတာအိုတွင် မီးသဂြိုဟ်ခဲ့သည်။

ဂျိုး (ပူတာအို)