ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြီးဆုံးသွားခဲ့ချိန် မှာတော့ လွှတ်တော်အမတ်အချို့ရဲ့ ကြယ်ပွင့်ပြမေးခွန်းတွေဟာ ပြည်သူလူထုစိတ်ဝင်စားမှုရှိတဲ့ မေးခွန်းတွေပါလာခဲ့ပါတယ်။

သာမန် မေးနေကျ ကျောင်းအဆင့်မြှင့်တင်ရေး၊ ရေရှိရေး၊ လျှပ်စစ်မီးရရှိရေး စတဲ့ မေးခွန်းတွေအပြင် အဂတိ တိုက်ဖျက်ရေးကော်မရှင်ရုံး ဖွင့်ဖို့၊ ပြည်နယ်ဥပဒေချုပ်နဲ့ တရားသူကြီးချုပ်တို့ကို တရားရေးမဏ္ဍိုင်နဲ့ စပ်လျဉ်းပြီးတော့ အစီရင်ခံစာတင်သွင်းဖို့ အစီအစဉ် ရှိမရှိမေးခွန်းတွေနဲ့ ပြည်နယ်တွင်း ပြေးဆွဲနေတဲ့ လိုင်စင်မဲ့ကား အကြောင်းတွေ၊ ပြည်နယ်အစိုးရရဲ့ နှစ်စဉ် ဘတ်ဂျတ်တင်သွင်းခြင်း ဆိုင်ရာ ကိစ္စရပ်တွေ၊ ဖားကန့် ရွှေ့ပြောင်းလုပ်သားတွေအကြောင်း၊ စတဲ့ ကြယ်ပွင့်ပြမေးခွန်းတွေဟာ အရင်လွှတ်တော် အစည်းအဝေးတွေထက် ကောင်းမွန်တဲ့ မေးခွန်းတွေ ထွက်လာတာ တွေ့ရပါတယ်။

ဒီလို ပြည်သူလုထု စိတ်ဝင်စားနိုင်မယ့် အဓိကမေးခွန်းတွေကို ကြိုတင် တင်ပြထားပါလျက် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနတွေ ပြန်လည်ဖြေဆိုကြတာကို အချို့လွှတ်တော်အမတ်တွေကတော့ ကျေနပ်အားရမှု မရှိဘူးလို့ ဆိုပါတယ်။
(၁၅) ကြိမ်မြောက် အစည်းအဝေးရဲ့ အကောင်းဆုံးမေးခွန်းတွေ မေးမြန်းခဲ့တယ်လို့ ဆိုလို့ရတဲ့ တနိုင်းမဲဆန္ဒနယ် အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက သူမေးတဲ့ အဓိက မေးခွန်းတွေကို ဖြေကြားတဲ့အပေါ် အခုလို ပြောပါတယ်။

“ကျွန်တော့် မေးခွန်းနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်တရားသူကြီးချုပ်ရယ်၊ ပြည်နယ်ဥပဒေချုပ် ရယ်ကို မေးတဲ့ မေးခွန်းမှာ ပြည်နယ်ဥပဒေချုပ်ပဲ လာဖြေသွားတယ်။ ကျွန်တော် သိချင်တာက ပြည်နယ် တရားသူကြီးချုပ်ရဲ့ အဖြေကို ပိုသိချင်တာ။ အဲဒီမေးခွန်းအတွက်လည်း စိတ်ကျေနပ်မှု မရခဲ့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျေနပ်အားရမှု မရှိပါဘူး ခင်ဗျ။ ကျွန်တော်တို့ သိချင်တာထက် ပြည်သူတွေ သိချင်တာကို မေးတဲ့ မေးခွန်းမှာ ကျွန်တော်ကိုယ်တိုင်က မကျေနပ်သလို ပြည်သူတွေလည်း ကျေနပ်မှာ မဟုတ်ပါဘူး”ဟု ဦးဇော်ဝင်းက ဆိုပါတယ်။
မိုးမောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းကလည်း ပြန်လည်ဖြေဆိုတဲ့ အဖြေတွေအပါ် ရာနှုန်းပြည့် ကျေနပ်မှု မရှိပါဘူး။ အစည်းအဝေးတစ်ခုလုံးရဲ့ အမေးအဖြေတွေ အခြေခံပြီး သုံးသပ်ပြောကြားပါတယ်။

“လွှတ်တော် ကိုယ်စားလှယ်တွေ မေးမြန်းကြတော့ သူတို့ဒေသရဲ့ အကျိုးဖြစ်ထွန်းမယ့် ကိစ္စတွေကို မေးမြန်းကြတာပေါ့နော်။ “ရန်ပုံငွေ တင်ပြတောင်းခံပြီးတော့ ရရှိပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း”ဆိုပြီး အလယ်အလတ် ဖြေတာပေါ့ဗျာ။ ဘယ်နေ့မှာ ဘယ်လမ်းကို၊ ဘယ်တံတားကို ဘယ်ဘတ်ဂျတ်နှစ်မှာ အတိအကျလုပ်ပေးမယ်ဆိုတဲ့ အားရတဲ့အဖြေမျိုးတော့ မဟုတ်ဘူး”ဟု ဦးနေဝင်းက သူရဲ့အမြင်ကို ပြောပြခဲ့တာပါ။

သို့ပေမဲ့လည်း ဝန်ကြီးတွေ ဖြေလိုက်ပြီဆိုတာနဲ့ ကတိကဝတ်ပေးပြီးသား ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေး၊ တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တင်ပြ တောင်းဆိုရာမှာ ၁၀ ခု တောင်းဆိုပါက အနည်းဆုံး ၅ ခု ရရှိကြောင်းလည်း ဆက်လက် ပြောကြားပါတယ်။

လွှတ်တော်တွင်း မေးမြန်းသည့် မေးခွန်းများသည် ဒေသအတွက် အမှန်တကယ် လိုအပ်သည့်အတွက် မေးမြန်းရခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးများမှ အမှန်တကယ်လို/မလိုကို တတ်နိုင်သလောက် မြေပြင်တွင်ကွင်းဆင်းလေ့လာပြီးမှ အဖြေကို ဖြေဆိုသင့်ကြောင်း၊ အတတ်နိုင်ဆုံး ကိုယ်စားဖြေဆိုခြင်းများ ရှောင်ကြဉ်သင့်ကြောင်း၊ သို့မှသာ ဆက်စပ်မေးခွန်းများကို မေးမြန်းရာတွင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်းလည်း နောင်မွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချန်တန်ခင်က ပြောပါတယ်။

“မေးတဲ့အချိန် ၁၅ ရက်အချိန်ရပေမယ့် လွှတ်တော်ထဲမှာ ဖြေတဲ့အချိန်ထိကို သူတို့က ကွင်းမဆင်းရသေးဘဲ လွှတ်တော်ရဲ့ မေးခွန်းကိုပဲ ဖြေဆိုတဲ့ တချို့ဝန်ကြီးဋ္ဌာနတွေ ရှိတာပေါ့။ ဒါ လုံး၀ မဖြစ်သင့်ဘူးလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ဒီအပေါ်မှာလည်း လွှတ်တော်ဥက္ကဋ္ဌက သေချာကြပ်မတ်ဖို့ လိုတယ်လို့ သုံးသပ်ပါတယ်”ဟု ဦးချန်တန်ခင်က သူရဲ့အမြင်ကိုပြောပါတယ်။

ဒုတိယ အကြိမ်မြောက် ကချင်ပြည်နယ် လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်လ ၃ ရက်နေ့ကနေ စတင်ပြီးတော့ အစည်းအဝေး ၇ ရက် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ကြယ်ပွင့်ပြမေးခွန်း ၈၅ ခုကို မေးမြန်းခဲ့ကြပြီးတော့ နောက်လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ဘယ်လို စိတ်ဝင်စားစရာ မေးခွန်းတွေကို ဘယ်လိုဖြေဆိုကြမလဲဆိုတာ စောင့်ကြည့်ရအုန်းမှာပါ။

စည်သူ(မြစ်ကြီးနား)