မြစ်ကြီးနား၊ ဇွန် ၂၀
မြန်မာနိုင်ငံလုံး အတိုင်းအတာ အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲတွင် မြစ်ကြီးနားမြို့နယ် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် ရှေ့နေဒေါ်ဆာလီထွေက Mrs. Union of Myanmar 2019 Winner ဆု ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲကို Union of Myanmar Organization မှ ဦးစီး၍ရန်ကုန်မြို့၌ ဇွန်လ ၁၅ ရက်နေ့က ကျင်းပခဲ့ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အိမ်ထောင်ရှင်အလှမယ် စုစုပေါင်း ၁၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
၎င်းအနေဖြင့် Mrs. Union of Myanmar 2019 Winner ဆုအပြင် Best Evening Gown Award, Best Introduce Award, Best Talent Award မှ Internet Popular Award တို့ကိုလည်း ရရှိခဲ့ပြီး နိုင်ငံကိုယ်စားပြုအဖြစ် ပြည်ပနိုင်ငံတစ်ခုတွင် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အိမ်ထောင်ရှင်အမျိုးသမီးများအနေဖြင့် အိမ်မှုကိစ္စများအပြင် မိမိအရည်အချင်း၊ အစွမ်းအစများကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြသခွင့်ရှိကြောင်း၊ ပြသလိုသော ရည်ရွယ်ချက်ဖြင့် ရှေ့နေအလုပ် တစ်ဖက်နှင့် အခက်အခဲများကြားမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Winner ဆုကြီးကို ရရှိခဲ့သဖြင့် ပျော်ရွှင်မိကြောင်း ဒေါ်ဆာလီထွေက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အိမ်မှုကိစ္စ လုပ်တာကလည်း တကယ်မွန်မြတ်တဲ့ အလုပ်ပါပဲ။ အိမ်မှုကိစ္စထဲမှာပဲ တဝဲ လည်လည်ပြီးတော့ ကိုယ့်ရဲ့ အရည်အချင်းတွေ၊ အစွမ်းအစတွေကို မထုတ်ပြနိုင်ဘူးပေါ့နော်။ အဲ့ဒါတွေကို ပြနိုင်တဲ့အကြောင်း ပြချင်လို့ သွားခဲ့တာ။ အဓိက ကတော့ အမျိုးသမီးတွေဟာ အစွမ်းရှိတယ်။ အိမ်ထောင်ကျတယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဂိတ်ဆုံး မဟုတ်ဘူး။ အရည်အချင်း ရှိတာကို ထုတ်ပြခွင့်ရှိတယ်”ဟု သူမက ပြောသည်။
အိမ်ထောင်ရှင် အမျိုးသမီးများသည် နိုင်ငံ့သားကောင်းရတနာများကို မွေးထုတ်ပေးသူများ ဖြစ်သဖြင့် ထက်မြက်မှုရှိရန် လိုအပ်သလို မိမိတို့၏ အစွမ်းအစများကိုလည်း မြင်သာအောင် ထုတ်ဖော်ပြသရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“သမ္မတတွေ၊ သိပ္ပံပညာရှင်တွေကို မွေးထုတ်ပေးတာက အိမ်ထောင်ရှင် အမျိုးသမီးတွေပဲ ဖြစ်တဲ့အတွက် ထက်မြက်ရမယ်။ အစွမ်းအစရှိရမယ်။ အိမ်ထဲမှာပဲ နေပြီးတော့ အိမ်တွင်းပုန်းအဖြစ် ရှင်သန်မလား၊ အိမ်အလုပ် လုပ်တာလည်း မွန်မြတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ကျွမ်းကျင်ရာကို ကိုယ်က အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီးတော့ ရှင်သန်မလားဆိုတာတော့ အမျိုးသမီးတိုင်း ရွေးချယ်ခွင့် ရှိတယ်။ ဒါကြောင့် အိမ်ထောင်ရှင် မိခင်တွေကို စကားလက်ဆောင် ပါးချင်တာကတော့ မိခင်တိုင်းဟာ အစွမ်းရှိတဲ့သူတွေ ဖြစ်ပါတယ်ပေါ့”ဟု ပြောသည်။
နိုင်ငံကိုယ်စားပြု အဖြစ်သွားရောက်ယှဉ်ပြိုင်ရာတွင် မြန်မာ့ရိုးရာ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု များကို အဓိကပြသနိုင်ရန် ပြင်ဆင်သွားမည့်အပြင် လိုအပ်သော အရည်အချင်းများကို ဖြည့်ဆည်း၍ နိုင်ငံကိုယ်စားပြုအဖြစ် အကောင်းဆုံးချပြနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သူမက ပြောသည်။

သူမအနေဖြင့် ဖိလစ်ပိုင်နှင့် အိန္ဒိယ နှစ်နိုင်ငံအနက် သွားရောက် ယှဉ်ပြိုင်လိုသည့် နိုင်ငံကို ရွေးချယ်ခွင့်ရှိကြောင်း၊ နိုင်ငံခြားသို့ သွားရောက်မယှဉ်ပြိုင်မီ လိုအပ်သော အချက်အလက်များ၊ မေးခွန်း အမေးအဖြေကဏ္ဍများ၊ အဝတ်အစားများနှင့် လိုအပ်သော လေ့ကျင့်မှုများအတွက် အဆင်ပြေအောင် Organization မှ တာဝန်ယူဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း Union of Myanmar Organization မှ Founder Lum Dau က မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။

“သူ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံလား၊ အိန္ဒိယလား။ သူလည်း အဆင်ပြေမယ်၊ သူ့အလုပ်နဲ့လည်း အချိန်ကိုက်တယ်ဆိုရင် အဆင်ပြေတဲ့ဟာ သူ ရွေးချယ်ပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

သူမသည် နိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံခြားပွဲစဉ်သို့ မကြာမီ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှ အိမ်ထောင်ရှင်အလှမယ်များ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Benadeth