ဇွန် ၂၅

ဈေးကွက်အတွင်းရှိ ကုန်ညွှန်းအမှတ်အသား မပါရှိသော ကုန်စည်များကို လာမည့်နှစ်အတွင်း စစ်ဆေးအရေးယူ သွားတော့မည်ဖြစ်ကြောင်း စားသုံးသူရေးရာဝန်ကြီးဌာနမှ သိရသည်။

ကုန်စည်များတွင် ကုန်ညွှန်းအမှတ် ထည့်သွင်းခြင်းရှိမရှိကို ၂၀၂၀ မတ်လမှစ၍ စားသုံးသူ ဦးစီးဌာနမှ ဈေးကွက်အတွင်း ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

စားသုံးသူ ကာကွယ်ရေးဥပဒေသစ်ကို ၂၀၁၉ မတ်လတွင် လွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပြီး အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ဥပဒေကို လိုက်နာဆောင်ရွက်ရန် လုပ်ငန်းရှင်များကို တစ်နှစ် အချိန်ပေးထားကြောင်း စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဖေသန်းဝင်းက ပြောသည်။

“ကုန်ညွှန်း အမှတ်အသားတွေကို ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အထူးသဖြင့် မြန်မာဘာသာနဲ့ ရေးရမယ်ဆိုတာတွေက သူတို့ ချက်ချင်း မဖြစ်နိုင်တော့ ကျွန်တော်တို့က တစ်နှစ်ဆိုင်းငံ့လိုက်တယ် ဒီကာလပြီးရင် စတင်အရေးယူမှုဆောင်ရွက်သွားမှာပါ”ဟု ဦးဖေသန်းဝင်းမှ ဆက်ပြီးပြောသည်။

ကုန်ညွှန်း အမှတ်အသား ဖော်ပြရာတွင် ကုန်စည်၏ အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထုတ်လုပ်ရက်နှင့် ကုန်ဆုံးမည့်ရက်၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက် စသော အညွှန်းများကို မြန်မာဘာသာဖြင့် ရေးသားထည့်သွင်း ပေးရမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပမှ သွင်းကုန် ကုန်ညွှန်း အမှတ်အသားသည် နိုင်ငံခြားဘာသာစကား ဖြစ်ပါက ပြည်တွင်း လုပ်ငန်းရှင်များမှ မြန်မာဘာသာစကားဖြင့် ပြန်လည် ပြင်ဆင်ရေးသားဖော်ပြပေးပြီးမှသာ ဈေးကွက်သို့ ဖြန့်ချိရောင်းချရမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ အသေးစားလုပ်ငန်း ထုတ်ကုန်များတွင်လည်း ကုန်ညွှန်းအမှတ်အသားများ ထည့်သွင်းစေလိုကြောင်း၊ ပြည်ပကုန်ပစ္စည်းများကို တင်သွင်းရောင်းချရာတွင် ကိုယ်စားလှယ်များမှ အညွှန်းများကို မြန်မာဘာသာစကားဖြင့် ပြန်လည်ရေးသားပေးစေလိုကြောင်း မြစ်ကြီးနား စီဂျီအမ်ရုံးခွဲမှ ကိုဖြိုးမင်းက ပြောသည်။

“ပြည်တွင်းက လုပ်ငန်းအသေးစားလေး ဥပမာ-ငါးမုန့်ခြောက်တို့ အာလူးကြော်တို့ဆိုရင် ကျွန်တော်တို့ ဝယ်စားလိုက်တယ်။ ဆီချေးစော်တွေ နံနေတယ်။ ဘယ်နေ့က ကြော်ထားမှန်းလည်း မသိဘူး။ အညွှန်းလေးတစ်ခုလောက်တော့ ထားပေးသင့်ပါတယ်”ဟု ကိုဖြိုးမင်းက ပြောသည်။

ပြစ်မှုထင်ရှား၍ အရေးယူခံရပါက ကုန်သွယ်မှု၊ ထုတ်လုပ်မှု၊ ရောင်းချမှုပြုလုပ်သူ စီးပွားရေးလုပ်ငန်းရှင်များကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေးဟောပြောပွဲများကို ၂၀၁၉ မေလမှ ဒီဇင်ဘာလထိ ကချင်ပြည်နယ် ကုန်သည်ကြီးများ၊ စက်မှုလုပ်ငန်းရှင်များ၊ လက်လီ၊ လက်ကား လုပ်ငန်းရှင်များကို တစ်လနှစ်ကြိမ်နှုန်းဖြင့် ပို့ချသွားမည် ဖြစ်သည်။

Ann