မြန်မာနိုင်ငံ ကျောက်မျက်ဥပဒေကို အသစ်ပြင်ဆင်လိုက်တဲ့ ဥပဒေ အခုနှစ် နှစ်ဆန်းပိုင်းက ထွက်ရှိလာသလို မြန်မာ့ကျောက်စိမ်းကဏ္ဍအပေါ် နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့အစည်းတွေရဲ့ အစီအရင်ခံစာတွေကလည်း ၂၀၁၅ ခုနှစ်နောက်ပိုင်းကစပြီး ထွက်ပေါ်လာခဲ့ပါတယ်။

    ဒါပေမဲ့ သယံဇာတ တူးဖော်မှုအတွက် မှန်ကန်ကောင်းမွန်တဲ့ စီမံမှုတွေ၊ စောင့်ကြည့်လေ့လာ ထိန်းကျောင်းမှုတွေ အားနည်းနေဆဲဖြစ်သလို လိုင်စင်ချထားပေးမှုတွေနဲ့ တူးဖော်ရေးကုမ္ပဏီတွေနဲ့ စပ်လျဉ်းတဲ့ သတင်း အချက်အလက်ထုတ်ပြန် ကြေညာမှုတွေမှာလည်း ပွင့်လင်းမြင်သာမှုတွေ အခုထိ တွေ့မလာရသေးဘူးလို့ စောင့်ကြည့်လေ့လာသူတွေက ဝေဖန်နေကြပါတယ်။

    ဒီလို အခြေအနေတွေကြောင့်လည်း ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ဂျေဒိုက် ကျောက်စိမ်းတွေ ထွက်ရှိရာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ် ဖားကန့်ဒေသဟာ ကျိန်စာသင့်ဘဝကနေ ရုန်းထွက် မလာနိုင်သေးတာပါ။
တစ်ဖက်မှာလည်း နှစ်စဉ် ဘီလျံနဲ့ချီတဲ့ အဖိုးတန်ကျောက်မျက်တွေက တရုတ်နိုင်ငံနဲ့ ကမ္ဘာ့ဈေးကွက်တွေဆီ ရောက်ရှိသွားပေမယ့် မြန်မာနိုင်ငံသားတွေ အတွက်မှာတော့ သယံဇာတ ပြုန်းတီးမှုတွေ၊ အဂတိလိုက်စားမှုတွေနဲ့ လူမှုရေးပြဿနာတွေဟာ ပြိုလဲသွားတဲ့ မြေစာပုံတွေနဲ့အတူ လိုက်ပါမသွားဘဲ မားမားမတ်မတ်ကျန်နေဆဲပါ။

    ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတွေရဲ့ တရားဝင်ရော၊ တရားမဝင်ပါ တူးဖော်နေတာတွေ လက်ပိုက်ကြည့်ပြီး အရေးယူတာတွေ ပြင်းပြင်းထန်ထန် တင်းကြပ်မှုတွေ မလုပ်ဘူးဆိုရင် လာမယ့် နှစ်အနည်းငယ်အတွင်းမှာပဲ ဖားကန့်က ကွယ်ပျောက်သွားတော့မှာ ဖြစ်တယ်လို့ ဆိုနေကြပါတယ်။

    မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(နေပြည်တော်)က အထွေထွေမန်နေဂျာ ဦးကျော်သက်ဦးကတော့ “တရားဥပဒေနဲ့အညီ ကြပ်ကြပ်မတ်မတ်လုပ်မယ်ဆိုရင်တောင် ဖားကန့်ဟာ နောက်ထပ်ဆယ်နှစ်လောက်ပဲ လုပ်လို့ရတော့မယ်”လို့ ဆိုပါတယ်။

အကန့်အသတ်ရှိတဲ့ သယံဇာတနဲ့ တိုးပွားလာတဲ့ ထုတ်ယူမှုများ
ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းမှာ မြစ်ကြီးနားသတင်းဂျာနယ်က ဖားကန့်နယ်မြေကို သွားရောက်ခဲ့ရာမှာတော့ ကျောက်စိမ်းတူးဖော်မှုတွေကို အင်နဲ့အားနဲ့ အရှိန်မြှင့် ဆောင်ရွက်နေကြတာ တွေ့ခဲ့ရပါတယ်။

အကြောင်းကတော့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီပေါင်း ၃၀၀ ကျော်ထဲက ကုမ္ပဏီ ထက်ဝက်ကျော်ဟာ လအနည်းငယ်အတွင်း၊ နှစ်အနည်းငယ်အတွင်း စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်တမ်းမကုန်ဆုံးမီ တောင်တွေကိုမိုင်းခွဲရှာဖွေနေကြပြီး စက်ယန္တရားကြီးတွေနဲ့ မြေသယ်ယာဉ်တွေဟာ ဖားကန့်မြေပေါ်မှာ ရှုပ်ထွေးစည်ကားနေတာပါ။

    ၂၀၁၆ ခုနှစ် အစောပိုင်းအထိ စာရင်းတွေအရ သက်တမ်းမကုန်သေးတဲ့ ကျောက်စိမ်း တူးဖော်ခွင့်ပါမစ် ၂၁၀၀၀ အထိ ရှိနေခဲ့ပါတယ်။ နှစ်လယ်ပိုင်းမှာတော့ ပါမစ်အသစ်ချထားပေးတာ၊ သက်တမ်း တိုးပေးတာတွေကို ရပ်ဆိုင်းလိုက်တဲ့အတွက် ပါမစ် အရေအတွက်ဟာ လက်ရှိအချိန်မှာ  ၆၀၀၀အောက်သာ ရှိတော့ကြောင်းကို သယံဇာတစီမံမှုလေ့လာရေးအဖွဲ့ Natural Resource Governance Institut ရဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ထုတ်ပြန်တဲ့ မြန်မာ့ကျောက်စိမ်း အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

တစ်ဖက်နိုင်ငံဈေးကွက်မှာ ရောင်းပန်းလှတဲ့ အေနဲ့ ဘီ အဆင့်ရှိ အရည်အသွေးမြင့် ကျောက်မျက်တွေရဖို့ အတွက် ပေပေါင်း ၅၀၀လောက်အထိ နက်နက်ရှိုင်းရှိုင်းတူးဖော်မှုတွေ အများအပြား ကျန်ရှိနေပါတယ်။
အကျိုးဆက်အနေနဲ့ ပြီးခဲ့တဲ့ မြေစာပုံပြိုကျမှု လုပ်ကွက်နံရံ ပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရေမဆေးကျောက်တူးသမားတွေနဲ့ ကုမ္ပဏီအလုပ်သမားတွေ ရာနဲ့ချီသေဆုံးနေရတာပါ။

ဒီလို ဖြစ်စဉ်တွေဟာ ကမ္ဘာနဲ့အဝှမ်း စာဖတ်ပရိသတ်တွေ၊ သတင်းကြည့်ရှုသူတွေအကြား ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ပေမယ့် ဖားကန့်နယ် အတွက်ကတော့ ရှောင်လွဲှမရတဲ့ နောက်ထပ်လည်း ကြုံတွေ့လာရနိုင်သေးတဲ့ ကံကြမ္မာပါပဲ။

ဒီလို အလောတကြီး တူးဖော် ထုတ်လုပ်လိုက်မှုတွေကြောင့် လိုင်စင်သက်တမ်းထပ်မံ တိုးမပေးတော့ရင်တောင် ဖားကန့်မြေကြီးထဲကနေ ကျောက်စိမ်းထွက်ရှိတဲ့ ပမာဏကတော့ လျော့သွားမှာ မဟုတ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မြန်မာ့ကျောက်စိမ်း တရားမဝင် တင်ပို့ရောင်းချရမှုဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃၁ ဘီလျံလောက် ရှိတယ်လို့ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက ထုတ်ပြန်တဲ့ နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲ့  Global Witness ရဲ့ အစီအရင်ခံစာမှာ ပါရှိပါတယ်။ အဲဒီနှစ်တွေမှာပဲ တရားဝင် ကျောက်စိမ်း ရောင်းချမှုကနေ ရရှိတဲ့ အခွန်ငွေကတော့ ဒေါ်လာသန်း ၅၇၀ ကျော်သာ ရှိခဲ့တာပါ။

    ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကတော့ တရားမဝင်ရောင်းချမှုတွေဟာ Global Witness က ဖော်ပြထားတဲ့ ပမာဏရဲ့ နှစ်ဆကျော် (ဘီလျံ ၇၀ လောက်အထိတောင်) ရှိနေနိုင်တယ်လို့ ပြည်နယ်လွှတ်တော်မှာ တရားဝင် ပြောကြားခဲ့ပါသေးတယ်။

ကျောက်မျက်ဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကလည်း လိုင်စင် သက်တမ်းကုန်ခါနီး ကုမ္ပဏီတွေရဲ့ အပူတပြင်း ထုတ်လုပ်မှုတွေကြောင့် တရားမဝင်တင်ပို့နေတဲ့ မြေပြင်ကိန်းဂဏန်းတွေဟာ ပိုများဖို့ပဲရှိတယ်လို့ ပြောပါတယ်။

 “သက်တမ်းကုန် လုပ်ကွက်တွေက တစ်သုတ်ပြီးတစ်သုတ် တစ်လပြီးတစ်လတရားဝင် ပိတ်သိမ်းတာတွေရှိတယ်။ သက်တမ်းကုန်လုပ်ကွက် ရက်စွဲက အားလုံးမှာရှိပြီးသား။ ဒီအခွင့်အရေးကို မည်သူမဆို ကျင့်သုံးမှာပဲ”လို့ သူက ဆိုပါတယ်။

တရားမဝင် ရောင်းချမှု၊ ပြီးတော့ မတရားမဝင် တူးဖော်မှု 
ဒါက တရားဝင် တူးဖော်နေတဲ့အပိုင်းကိုပဲ ပြောတာပါ။ သက်တမ်းကုန် လုပ်ကွက်တွေကနေ ခိုးတူးပြီးတော့ ထွက်ရှိခဲ့တဲ့ ကျောက်စိမ်း ကျောက်မျက်တွေ အများအပြား ရှိနိုင်တယ်လို့ သူက ဆိုပြီး နှစ်ဖက်စလုံးက ယိုယွင်းမှုတွေ ရှိနေတယ်လို့ ထောက်ပြပါတယ်။

ကုမ္ပဏီတွေရဲ့ လိုင်စင်သက်တမ်းကို သက်ဆိုင်ရာအစိုးရနဲ့ နီးစပ်သူအသိုင်းအဝိုင်းကသာ သိရှိနိုင်ပါတယ်။ သက်တမ်းကုန် လုပ်ကွက်တွေကနေ  ခိုးယူတူးဖော်လိုက်တဲ့ ကျောက်မျက်တွေအတွက် နိုင်ငံတော်က ဘာအခွန်မှ ရရှိမှာမဟုတ်ပါဘူး။

နိုင်ငံတော် အစိုးရရဲ့ ရောင်းဝယ် ခွန်ထဲမှာလည်းပေါ်မှာ မဟုတ်ဘူး။ အဲဒီစာရင်းက ပြောမရလောက်အောင်ကို များပြားလိမ့်မယ်”ဟု ဒေါက်တာအမ်ကောန်လက ပြောသည်။
ဖားကန့် ကျောက်စိမ်းတွေဟာ ကန်ပိုက်တီး၊ ဆဒုံး၊ လွယ်ဂျယ်စတဲ့ မြို့တွေကတစ်ဆင့် နယ်စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းပြီး တရုတ်နိုင်ငံဘက်ကို နေ့စဉ်လိုလို သွားလာနေတာပါ။

ပျှမ်းမျှအားဖြင့် တစ်ရက်ကို ဆယ်ဘီးကား ၁၂ စီးလောက်နဲ့ တရားမဝင် ထွက်နေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက မြစ်ကြီးနားသတင်းဂျာနယ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က တွေ့ဆုံစဉ်က ပြောခဲ့ပါသေးတယ်။

သို့ပေမဲ့လည်း လုပ်ကွက်သက်တမ်း ကုန်လာတာနဲ့အမျှ အဲဒီလောက်တော့ မရှိတော့ပါဘူးလို့ လည်း ဦးတင့်စိုးက လက်ရှိအခြေအနေကို သုံးသပ်ခဲ့ပါတယ်။

    မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရဲ့ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်သက်ဦးကတော့ အဓိကအားဖြင့် ဒေသပေါင်းစုံက တစ်နိုင်တစ်ပိုင် လာရောက်လုပ်ကိုင်နေတဲ့ (ရေမဆေးကျောက်ရှာသူ)တွေကသာ တရားမဝင် ရောင်းချနေကြပြီး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ အများစုက နေပြည်တော် ကျောက်မျက်ပြပွဲတွေကတစ်ဆင့် ရောင်းချနေတယ်လို့ ဆိုပါတယ်။

    ကုမ္ပဏီကတော့ အဲဒီလိုမလုပ်ဘူး။ တရားမဝင် ရေမဆေးကျောက် ရှာသူတွေကလည်း အများကြီး။  သူတို့ကို ဥပဒေအရလည်း ကောင်းကောင်း မထိန်းနိုင်ဘူး”လို့ ပြောပါတယ်။
လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေထဲကတချို့ဟာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးနဲ့ အကျိုးတူ ပူးပေါင်းနေကြတာတွေလည်း ရှိပါတယ်။

ဦးကျော်လွင်ဦးကတော့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အနေနဲ့ ကုမ္ပဏီတွေ အပေါ် အထူးကြပ်မတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဥပဒေနဲ့ စာချုပ်စည်းကမ်း ဖောက်ဖျက်မှုတွေ အတွက် လုပ်ကွက်သက်တမ်း ရပ်ဆိုင်းခြင်း စတဲ့ အရေးယူ အပြစ်ပေးမှုတွေ ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။

ဒါပေမဲ့ ၂၀၁၆ ခုနှစ် ကျောက်စိမ်း ထုတ်လုပ်မှုစုစုပေါင်းက ၃၈ ကီလိုဂရမ်ရှိပြီး နေပြည်တော်ပြပွဲ တွေကတစ်ဆင့် ရောင်းချတဲ့ပမာဏဟာ သန်းပေါင်း ၇ကီလိုဂရမ်သာ ရှိတာကြောင့် ငါးဆကျော် ကွာဟနေတာကိုလည်း NRGI ရဲ့ အစီအရင်ခံစာမှာ တွေ့ရှိရသလို အစိုးရအနေနဲ့ ကျောက်စိမ်းတွင်းတွေ အပေါ် ထိရောက်တဲ့ ကြီးကြပ်မှုတွေ လုပ်ဆောင်မလာနိုင်သေးဘူးလို့ ဆိုထားပါတယ်။

အရည်အသွေးမြင့် ကျောက်တွေရဲ့ လားရာ
ကျောက်မျက် လုပ်ကွက်တွေ သက်တမ်းကုန်လာတာနဲ့အမျှ ဖားကန့်ကျောက်ဝိုင်း ရေမဆေး ကျောက်ဈေးကွက်မှာလည်း ကျောက်တွေရှားပါးလာနေပါပြီ။ ဒါပေမဲ့ ကုမ္ပဏီတွေက  တူးဖော်လိုက်တဲ့ တန်ဖိုးအမြင့်ဆုံးကျောက်စိမ်းရိုင်း တွေကတော့ တရုတ်ပြည်ဈေးကွက်ကို ရောက်ရှိနေဆဲလို့ ဒေသခံ ကျောက်ရောင်းဝယ်ရေးသမားတွေက ဆိုပါတယ်။

တကယ့် တန်ဖိုးရှိတဲ့ကျောက် အကုန်လုံးကို ကုမ္ပဏီနိုင်ငံတော်ကို အပ်တယ်လို့ ဘယ်သူပြောနိုင်လဲ။ သေချာတာတစ်ခုက အခွန်ဆောင်ရမှာ စိုးလို့ ဘယ်သူမှ မအပ်ဘူး။ တော်တော်များများက တရားမဝင်ကပဲ သွားကြတာ။ ဖားကန့်မှာ ဥပဒေကို တိတိကျကျလိုက်နာတဲ့ ကုမ္ပဏီဆိုတာရှားတယ်။ ရှင်းရှင်းပြောရရင် ရှိကိုမရှိတာ”လို့  ဖားကန့်မြို့နယ်မှာ အနှစ် ၃၀ ကျော် ကျောက် အရောင်းအဝယ် လုပ်ခဲ့တဲ့ ကိုမင်းသွင်က ပြောပါတယ်။

ကျောက်စိမ်းတူဖော်ရေး အခန်းကဏ္ဍမှာ တရားဝင်တူးတာနဲ့ တရားမဝင် တူးတာ နှစ်ပိုင်းရှိပါတယ်။ တရားမဝင် တူးတဲ့အပိုင်းမှာတော့ နိုင်ငံတော်အတွက် အလုံးစုံနစ်နာသလိုပဲ တရားဝင် တူးဖော်ရာ နေရာမှာလည်း ကုမ္ပဏီအချို့က မိမိတို့ တူးဖော်ရရှိတဲ့ ကျောက်စိမ်းတွေကို နိုင်ငံတော်ကို အကုန်လုံးမအပ်တာကြောင့် အဲဒီမှာလည်း နိုင်ငံတော်အတွက် အခွန်နစ်နာဆုံးရှုံးတာတွေ ရှိနိုင်တယ်လို့ ဖားကန့်ဒေသခံကိုဇော်မိုးထက်က ထောက်ပြ ပြောဆိုပါတယ်။

“လိုင်စင် သက်တမ်းနဲ့ လုပ်တဲ့ လုပ်ကွက်က နည်းလာတဲ့အတွက် နိုင်ငံတော်ကို အပ်တဲ့ ကျောက် ပမာဏက နည်းလာမယ်။ သက်တမ်းကုန်တဲ့ လုပ်ကွက်တွေကို နိုင်ငံတော်က မထိန်းသိမ်းနိုင်တော့တဲ့ အခါကျတော့ ကျောက်တူးတာတွေက လျော့မသွားဘူး။ ဒီအတိုင်းပဲ တရားမဝင်တူးနေကြတယ်။ အဲဒါကို ဘယ်အဖွဲ့အစည်းကမှ အရေးယူဆောင်ရွက်တာမရှိဘူး။ တရားမဝင်တူးတဲ့သူကလည်း ထုတ်နေတယ်။ လိုင်စင်နဲ့သူကလည်း ထုတ်နေတယ်ဆိုတော့ ထုတ်တဲ့ ကျောက်ပမာဏကတော့ ပိုများသွားတာပဲ”လို့ ကိုဇော်မိုးထက်က သုံးသပ် ပြောပါတယ်။

ကျောက်မျက် ဥပဒေသစ် လက်တွေ့မှာ ပြောင်းလဲပေးနိုင်မလား
အန်အယ်လ်ဒီ အစိုးရသက်တမ်းမှာတော့ ကျောက်မျက်ဥပဒကို ပြင်ဆင်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ယာဉ်ယန္တရား လျှော့တာတွေ၊ လုပ်ကွက်သက်တမ်း မတိုးတာတွေ၊ ပြည်နယ်အစိုးရက တိုက်ရိုက် ကိုင်တွယ်ရမယ့် အပိုင်းတွေ (ဥပမာ- အသေးစား အလတ်စား လုပ်ငန်း) စတဲ့အချက်တွေကို ပြင်ဆင်ဖို့ လုပ်လာခဲ့တာပါ။

အခုဆိုရင် အသေးစားနဲ့ လက်လုပ်လက်စားလုပ်ကွက် ၂၇၀၀၀ လောက်ကို သတ်မှတ်ထားပြီးပါပြီ။ ဒါပေမဲ့လည်း အဲဒီနေရာတွေက ကျောက်စိမ်းထွက်တဲ့ ကျောက်ကြောတွေ မဟုတ်လို့ ဘယ်သူမှ စိတ်မဝင်စားကြဘူးလို့လည်း သိရပါတယ်။

အသစ် ပြင်ဆင်လိုက်တဲ့ ကျောက်မျက် ဥပဒေဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ထွက်ရှိလာပြီး ဖြည့်စွက်ပေးမယ့် နည်းဥပဒေတွေ ထပ်မံထွက်ရှိလာဖို့ စောင့်မျှော်နေကြပါတယ်။

အစိုးရသစ်က ပြင်ဆင်လိုက်တဲ့ ကျောက်မျက်ဥပဒေဟာ အရင်နှစ်တွေက ပိုပိုပြီးတော့ ကောင်းလာပြီးတော့ အကြီးစား လုပ်ကွက်ဧက အများကြီးမပေးတော့တာတွေဟာ တကယ်ကို ကောင်းမွန်တဲ့ ဥပဒေဖြစ်ပြီးတော့ မြေပြင်မှာ လက်တွေ့လုပ်ဆောင်ဖို့က ခက်ခဲတယ်လို့ ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဇေလွမ်းက ပြောပါတယ်။

“ခါတိုင်းဥပဒေ ထက်တော့ နည်းနည်းပြောင်းလဲမှုရှိလာတယ်။ ဥပဒေကတော့အရမ်းကောင်းတယ်။ ဥပဒေအတိုင်း မြေပြင်မှာ လက်တွေ့လုပ်ဆောင်ဖို့က ခဲယဉ်းတယ်လို့ ထင်တယ်။ အလတ်စား ၅ ဧကကို လက်တွေ့ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ သိချင်တယ်။ ကျွန်တော့်အမြင်ပြောရရင် မလွယ်လောက်ဘူး”လို့ ဦးဇေလွမ်းက သုံးသပ်ထားတာ ဖြစ်ပါတယ်။

တကယ့် လက်တွေ့ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီးတော့ စနစ်တကျ တူးဖော်ထုတ်လုပ်မယ်ဆိုရင်တော့ ၁၀ စုနှစ်လောက်ပဲ ထုတ်လုပ်လို့ရတော့မယ်ဆိုရင် တရားဥပဒေကို လိုက်နာမှုအားနည်းတဲ့ သက်ဆိုင်ရာ ဋ္ဌာနတွေ၊ ကုမ္ပဏီတွေ၊ လောဘသားတွေကြောင့် ဖားကန့်မြေဟာ ၁၀ နှစ် မပြောနဲ့ ငါးနှစ်တောင် မခံတော့ဘူးလို့ ဖားကန့်မှာ နှစ်ပေါင်းများစွာနေထိုင်လာတဲ့ မှော်ကြာ(ဒေသအခေါ်အဝေါ်) တွေက ပြောနေကြပါတယ်။

စည်သူ(မြစ်ကြီးနား)