မြစ်ကြီးနား၊ ဇူလိုင် ၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံစာကြည့်တိုက် အသင်းတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် မြစ်ကြီးနားမြို့ရှိ အ.ထ.က(၁) အဆင့်မြင့် ကျောင်းစာကြည့်တိုက်ကို ယနေ့ ဇူလိုင်လ ၉ရက်နေ့က ဖွင့်လှစ်လိုက်ပြီဖြစ်သည်။


အဆိုပါ ‘သုတရတနာ’ အမည်ရ အ.ထ.က (၁) ကျောင်းစာကြည့်တိုက်ကြီးသည် ၂၀၁၉ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး တိုင်းနှင့်ပြည်နယ် (၁၈) ခုမှ ကျောင်းပေါင်း (၅၀)ကို စာကြည့်တိုက်များ သက်ဝင်လှုပ်ရှား လာစေရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်ရာ ကချင်ပြည်နယ်ရှိ ကျောင်းများမှ တစ်ခုအဖြစ် ဖွင့်လှစ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်း ကျောင်းပေါင်း (၅၀)မှ ကချင်ပြည်နယ်အတွင်းရှိ ကျောင်းများထဲတွင် အ.ထ.က(၁) မြစ်ကြီးနား အပြင် အ.ထ.က(၁) မိုးညှင်း၊ အ.ထ.က (၁) ဗန်းမော် ကျောင်းသုံးကျောင်း စတင်ဖွင့်လှစ်ခွင့် ရရှိကြောင်း ပြည်နယ်ပညာရေး ဒုညွှန်ကြားရေးမှုး(စီမံ) ဦးသန်းမြင့်အောင်က အခမ်းအနားတွင် ပြောကြားသည်။
မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများတွင် စာကြည့်တိုက်၏ သက်ဝင်လှုပ်ရှားမှုများ နည်းပါးနေသောကြောင့် နိုင်ငံတော် အတိုင်ပင်ခံ၏ လမ်းညွှန်မှာကြားမှုအရ စာကြည့်တိုက်များကို ပြန်လည် သက်ဝင်လှုပ်ရှားစပြုလာပြီဖြစ်ကြောင်းနှင့် ယခု ဖွင့်လှစ်ခွင့်ရသော ကျောင်းပေါင်း (၅၀)ရှိ စာကြည့်တိုက်များကို ကွန်ပျူတာစနစ်ဖြင့် စာအုပ်များကို စာရင်းထည့်သွင်းသည့် နည်းပညာဖြင့် အသုံးပြုသွားမည် ဖြစ်ကြောင်း ဦးသန်းမြင့်အောင်က ဆက်လက်ပြောသည်။
ကျောင်းသူ/သားများ စာဖတ်အားကောင်းမွန်ပြီး ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေး၊ စာရိတ္တမြင့်မားရေး၊ ခေတ်မီ ပညာရေး၊ ဗဟုသုတတိုးပွားရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု စာအုပ်ကောင်းများကို ဖတ်ရှုလိုက်နာစေရန် ရည်ရွယ်ပြီး ‘သုတရတနာ စာကြည့်တိုက်’ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း စာကြည့်တိုက် အတွင်းရေးမှူး ဆရာမ ဒေါ်လှလှအေးက ပြောသည်။
လက်ရှိ ‘သုတရတနာ စာကြည့်တိုက်’ တွင် ရသစာပေ နှစ်ထောင်ကျော်၊ မဂ္ဂဇင်း တစ်ထောင်ကျော် စုစုပေါင်း သုံးထောင်ရှိနေပြီး လစဉ် အသစ်ထွက်ရှိမည့် စာအုပ်များကိုလည်း ဝယ်ယူဖြည့်ဆည်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Benadeth