ကချင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ သက်တမ်းသုံးနှစ်ခွဲတာကာလ ရောက်တဲ့အချိန်မှာတော့ မြစ်ကြီးနားအခြေစိုက် သတင်းဋ္ဌာနတွေကိုခေါ်ပြီးတော့ တတိယ(၁) နှစ်တာကာလအတွင်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ပြည်နယ်မှာရှိတဲ့ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကို ခေါ်ယူပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ ဆမားဒူဝါဆင်ဝါးနောင် ခန်းမမှာ ဇူလိုင်လ ၅ ရက်နေ့က ပြုလုပ်ခဲ့တာပါ။
အချိန်ကို ကန့်သတ်ခဲ့တာကြောင့် တက်ရောက်လာတဲ့သတင်းထောက် အယောက်စီတိုင်းက မေးခွန်းတွေ မေးခွင့်မရခဲ့ပါဘူး။ သို့ပေမဲ့လည်း ရတဲ့အချိန်လေးမှာ မြစ်ကြီးနားအခြေစိုက် သတင်းထောက်တွေ မေးပြီးသက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေက ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ် ပြန်လည်ဖြေဆိုခဲ့တာတွေကို အခုလိုကောက်နုတ်တင်ပြလိုက်ရပါတယ်။

တရုတ်သျှူးငှက်ပျောအရေး

မီဒီယာ-
တစ်သျှူး ငှက်ပျောနဲ့ ပတ်သက်ပြီးတော့ ကချင်ပြည်နယ်အစိုးရက ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ထုတ်ပြန်ထားတာ မရှိပါဘူး။ အဓိက သိချင်တာကငှက်ပျောဧက ဘယ်လောက်ရှိသလဲ။ စိုက်ပျိုးဖို့ ခွင့်ပြုထားတဲ့ ကုမ္ပဏီပေါင်း ဘယ်လောက်ရှိသလဲ။ နောက်တစ်ခုက ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် ဘယ်လို စစ်ဆေးဆောင်ရွက်နေသလဲ သိချင်ပါတယ်။

ဝန်ကြီးချုပ်-
တစ်သျှူးငှက်ပျော စိုက်ပျိုးတဲ့ လုပ်ငန်းက ဟိုးအရင် တပ်မတော်အစိုးရ လက်ထက်ကတည်းက လုပ်လာခဲ့တဲ့ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါတယ်။ ဘိန်းအစားထိုးဆိုပြီးတော့ လုပ်လာခဲ့တာပါ။ ၂၀၁၆ ကျွန်တော်တို့အစိုးရ တာဝန်ပြန်ယူလာတဲ့အချိန် ဒီဟာကြီးရှိနေတယ်။ ရှိနေတဲ့အခါကျတော့ တရားမဝင်ဘူး ဆိုတာတော့ သိတယ်။ အဲဒါကို ကျွန်တော်တို့အစိုးရအနေနဲ့ ဘယ်လိုစဉ်းစားလဲဆိုတော့ ပိတ်သိမ်းလိုက်မလား။ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ။ ပိတ်သိမ်းရင် လူမှုရေးပြဿနာတွေ အများကြီးဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီမှာ နေ့စားဘာညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ ပြည်သူတွေက တစ်သိန်းခွဲလောက်ရှိတယ်။ အခုဆိုမကဘူး။ အလုပ်လက်မဲ့ဖြစ်ပြီး ခိုးဆိုးတာတွေဖြစ်မယ်။ အဲဒီတော့ ပိတ်လို့တော့ မဖြစ်ဘူး။ တရားဥပဒေ လမ်းကြောင်းအတိုင်း ဖော်ဆောင်ရမယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီး လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ အခုလည်း ထပ်စိုက်ပါလို့ ခွင့်ပြုသလားဆိုတော့ ခွင့်မပြုပါဘူး။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုကော်မတီ ရှိတယ်။ငှက်ပျောစိုက်တာက ဒေသခံကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်တာတွေ့တယ်။ တွေ့တော့ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် ကြပ်မတ်တယ်။ မြေသြဇာ ပိုးသတ်ဆေး အလွန်အကျွံသုံးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ တရုတ်ပြည်က ပညာရှင်တွေခေါ်လာပြီး မြေသြဇာကို ဘယ်အတိုင်းအတာပဲထည့်ဆိုပြီးလာတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုဘက်မှာ ပြန်ရောင်းရင် ပိုးသတ်ဆေးမြေသြဇာ ပိုသုံးထားတယ်ဆို မဝယ်တော့ဘူး။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး –
စိုက်ဧကအနေနဲ့ ၂၀၁၆-၁၇ လောက်က ကောက်ထားတဲ့ ဒေတာအရ ဆိုရင်တော့ ၆၃၆၈၆ ရှိပါတယ်။ သို့သော်လည်းပဲ စိုက်ဧကနဲ့ ပတ်သက်လို့ ဒီနေ့အထိဘယ်လောက်ရှိသလဲဆိုတာ စာရင်းကောက်ယူဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ပြည်နယ်မှာ ငြိမ်းချမ်းရေးမရှိနိုင်သေးတဲ့အတွက် ဒီ တစ်သျှူးငှက်ပျော စိုက်တဲ့ နေရာများသည် ကျွန်တော်တို့ လက်လှမ်းမမှီနိုင်တဲ့နေရာမှာ အများကြီး စိုက်ပျိုးထားတာ ရှိပါတယ်။ အဲဒီနေရာများမှာ ဝန်ထမ်းတွေ ဒေတာ အချက်အလက်ကောက်ယူမှု မရှိတဲ့နေရာတွေ ဖြစ်နေတဲ့အတွက် အချက်အလက်မရပါဘူး။ ရနိုင်မယ့်နည်းလမ်းတော့ ကြိုးစားနေပါတယ်။

မီဒီယာ-
ဝိုင်းမော်မြို့နယ်မှာ ဆိုရင် တစ်သျှူးငှက်ပျောခြံတွေမှာ တရုတ်နိုင်ငံသားတွေ တရားမဝင်တာတွေ အများကြီး ဝင်ထွက်နေတယ်ဆိုတာ သိရတယ်ရှင့်။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုရှိတယ် ဆိုတာလေး သိချင်တယ်။
ဝန်ကြီးချုပ်-
အဲဒါကတော့ ကျွန်တော်တို့ ခုနက ပြောသလိုပေါ့လေ။ တရားမဝင် တရုတ်တွေ ငှက်ပျောခြံမှာ ရှိတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ လုံ/နယ် ဝန်ကြီးကိုယ်တိုင် လဝက ကနေ သေချာကြပ်မတ်ပြီးတော့ နိုင်ငံကူးလက်မှတ်တွေနဲ့ ခွင့်ပြုထားတယ်။
မီဒီယာ-
ဒါဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက တရားမဝင်ဆိုပြီးတော့ ဟိုဘက်ကိုပြန်ပို့ (ပြည်နှင်ဒဏ်ပေး)တဲ့ အရာတွေကရော ဘယ်လိုမျိုးလဲ။
ဝန်ကြီးချုပ်-
အဲဒီဟာကတော့ ဟိုတလောတုန်းက တစ်ခေါက်ဝင်လာတယ်ဆိုတာ ဒီဖက်က အမျိုးတွေ မင်္ဂလာဆောင်လို့ ဝင်လာတာပေါ့။ အဲဒါမျိုးလေးတွေပဲ ဖြစ်နိုင်တယ်။
မီဒီယာ-
တစ်သျှူးငှက်ပျောနဲ့ ပတ်သက်ပြီး ထပ်မစိုက်ဖို့ ဘယ်ချိန်မှာ စတင်ပြီး ရပ်နားထားပါသလဲ။ ဘယ်အချိန်မှာ ပြီးဆုံးမလဲ။ လုပ်ငန်းရှင်များနဲ့ လုပ်သားများ အပြန်အလှန်စာချုပ်ပြီးတော့ အလုပ်သမားများ နစ်နာမှုမရှိအောင် ဘယ်လိုများဆောင်ရွက်ပေးထားသလဲ။ ရက်လွန်ပြီးတော့ စိုက်ပျိုးနေတာကိုလည်း ဘယ်လိုအရေးယူသွားမလဲ။
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး-
တစ်သျှူးငှက်ပျော တိုးချဲ့စိုက်ပျိုးခြင်းကို ရပ်တန့်ထားတာပဲဖြစ်ပါတယ်။ စိုက်ပြီးသား စိုက်ခင်းကိုတော့ ထုတ်လုပ်မှုကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။ တိုးချဲ့စိုက်ပျိုးခြင်းကို ဘာကြောင့် ရပ်တန့်ထားတာလဲဆိုတော့ တစ်သျှူးငှက်ပျောနဲ့ ပတ်သက်ပြီးတော့မှ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကနေပြီးတော့မှ ဒေါ်လာ ၅ သန်းအောက် ရင်းနှီးမြှုပ်နှံနိုင်ဖို့ ကော်မတီက အစီအမံတွေ လုပ်နေတဲ့ ကာလဖြစ်တဲ့အတွက် ရပ်တန့်ထားခြင်း ဖြစ်ပါတယ်။ လက်ရှိတိုးချဲ့ပြီးတော့မှ စိုက်ပျိုးနေတယ်လို့ ကြားသိရတဲ့ ကုမ္ပဏီအချို့ကိုလည်း ခေါ်ယူသတိပေးထားတာ ရှိပါတယ်။ အဖွဲ့နဲ့ စစ်ဆေးဖို့လည်း ဆက်ပြီး ဆောင်ရွက်ထားတာ ရှိပါတယ်။ တွေ့ရှိချက်အပေါ် မူတည်ပြီးတော့ အရေးယူတာတွေလည်း ရှိမှာပါ။ ဘယ်အချိန်အဆုံးသတ်မလဲဆိုရင် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီကနေ ခွင့်ပြုချက်ရပြီဆိုရင် ရေးဆွဲထားတဲ့ လုပ်ထုံးလုပ်နည်းများနဲ့ အညီဆောင်ရွက်မယ်ဆိုတဲ့ သဘောတူညီချက် ရပြီဆိုရင် ဆက်ပြီးခွင့်ပြုဖို့ ရှိပါတယ်။

နန်ကျင်စီးပွားရေးဇုန် လက်ရှိအခြေအနေ

မီဒီယာ-
နန်ကျင်စီးပွားရေးဇုန် ကိစ္စမှာ သြ့ လက်မှတ်ထိုးပြီးသွားပြီလို့ ကြားတယ်။ ဆွေးနွေးနေတယ်လို့ သိရတယ်။ နောက်ဆုံး အခြေအနေက ဘယ်လိုရှိပါသလဲ။
ဘဏ္ဍာအခွန်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး-
ကျွန်တော်တို့ဟာ ၂၀၁၈ မေလ ၅ ရက်နေ့မှာ မှာ ဧက ၄၇၀၀ ကျော်ကို အကောင်အထည်ဖော်ဖို့ အတွက် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအခြေအနေဆိုရင် တစ်နှစ်ကျော်ပါပြီ။ ဒီစီမံကိန်းကြီးဟာ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ သဘောထားတွေ၊ စိတ်ဓါတ်တွေ ပြောင်းလဲလာနိုင်မယ့် စီမံကိန်းကြီးဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေ အတွက်လည်း အကျိုးရှိသွားမယ်။ MoU လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာ MoA/JV ထိုးဖို့ Agreement ချုပ်ဆိုနိုင်ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးရပါတယ်။ ဆွေးနွေးရမယ့်အချက်တွေအများကြီး ရှိပါတယ်။ ကျွန်တော်တို့ အရင်ခေတ် အဆက်ဆက်ကဲ့သို့ စနစ်တကျနဲ့ စီမံကိန်းကို တိုင်ပင်ညှိနှိုင်းပြီးတော့မှ သဘောတူညီချက် အထိုက် အလျာက်ရရှိအောင် အသေးစိတ် မဆွေးနွေးဘဲနဲ့ လုပ်လိုက်ရင် နောက်ဆက်တွဲ ပြည်နယ်အတွက်ရော အစိုးရအတွက်ရော အကျိုးမရှိ ဖြစ်နိုင်ပါတယ်။ လက်ရှိအခြေအနေမှာ သူတို့ (တရုတ်)ဘက်က ဒီစီမံကိန်း ၄၇၀၀ဧကကို ဆောင်ရွက်ချင်တယ်။ ဆောင်ရွက်တဲ့အပေါ်မှာ အစိုးရက မြေပိုင်တဲ့အတွက် မြေရှယ်ယာထိုးပေးဖို့။ မြေကိုတန်ဖိုးသတ်မှတ်မယ်။ ပြောရင်တော့ လွယ်လွယ်လေးပါ။ တကယ်တော့ ကျွန်တော်တို့သည် ဘာတွေလုပ်မယ် ဆိုတဲ့ Business Plan – Master Plan သိပ်အရေးကြီးပါတယ်။ ဒီစီမံကိန်းကြီးကို အကောင်အထည်မဖော်ခင်မှာ တစ်နှစ်အတွင်း ဆွေးနွေးပြီးတဲ့ အချက်တွေ အချက်ပေါင်း ၆၀/၇၀ လောက် ဆွေးနွေးပြီး ဖြစ်ပါတယ်။ ဆွေးနွေးလို့မရတဲ့ဟာတွေကိုလည်း ချန်ထားတာရှိပါတယ်။ ကျွန်တော့်အနေနဲ့ အရမ်းတော်တဲ့ ရှေ့နေတွေနဲ့ ဆွေးနွေးတိုင်ပင်နေပါတယ်။ အခုချိန်ထိ သူတို့ Master Plan မပြီးသေးဘူး။ လောလောဆယ်က ဆွေးနွေးထားတဲ့အချက်ပဲ ရှိသေးတယ်။ Master Plan တင်လာရင် အစိုးရအဖွဲ့နဲ့ ထပ်ပြီးဆွေးနွေးရမယ့်အချက်တွေလည်း ရှိပါသေးတယ်။ နောက်ဆုံး အခြေအနေသည် ဆွေးနွေးဆဲကာလ ဖြစ်နေသေးတယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့ကိုတင်ပြမယ်။ ပြည်ထောင်စုက သဘောတူညီချက်ရရင် လွှတ်တော်ကို တင်ပြမယ်။ ရရှိမယ့် အကျိုးအမြတ်ကိုလည်း ပြည်သူလူထုကို ရှင်းလင်းတင်ပြပြီးတော့မှ လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားပါမယ်။

လိုင်စင်မဲ့ ယာဉ်ကိစ္စ

မီဒီယာ-
ကားဆိုင်ကယ် လိုင်စင်မဲ့ ကိစ္စတွေပါ။ လိုင်စင်မဲ့ လိုင်းကားတွေကို ဖမ်းနေတယ်လို့ ကျွန်မတို့ကြားတယ်။ တချို့ဆိုရင် အိမ်စီးကားတွေပါတယ်လို့ သိရပါတယ်ရှင့်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းရှင်းလင်းလင်း မစီးရဘူးဆိုရင် မစီးရဘူးပေါ့။ ဆိုင်ကယ်ဆိုရင်လည်း နံပါတ်ပြားပဲ တပ်နေလို့တော့ ဖြေရှင်းမှုတစ်ခုလို့ ကျွန်မအနေနဲ့ မမြင်ပါဘူးရှင့်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုများစီမံထားပါသလဲ။
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး-
အဓိကကတော့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ထပ်ပြီးတော့ မှတ်ပုံတင်လုပ်ပေးဖို့ ကိစ္စကို အခုရက်ပိုင်းအတွင်း လုပ်ပေးဖို့ စီစဉ်နေတာ ရှိပါတယ်။ ကားကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကချင်ပြည်နယ်အတွင်း ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲခြင်း ဥပဒေနဲ့အညီ တရားဝင်ပြေးဆွဲလျက်ရှိတဲ့ ယာဉ်အသင်းက ၁၅၀ လောက် ရှိပါတယ်။ အဲဒီအသင်းတွေထဲက တချို့အသင်းတွေမှာ လိုင်စင်မဲ့တွေနဲ့ ဆွဲနေတယ်လို့ ပြောသလို အခြား လိုင်စင့်မဲ့ကားတွေနဲ့ ခရီးသည်တွေ ပြေးဆွဲနေတဲ့ အပေါ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းက လွှတ်တော်မှာ မေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကချင်ပြည်နယ်အတွင်းမှာ တရားဝင် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို နစ်နာမှုမရှိစေရေးအတွက် ၂၀၁၉ ဇွန်လလောက်က စပြီး လိုင်စင်မဲ့ကားနဲ့ ခရီးသည်တင်နေတဲ့ ယာဉ်တွေကို အရေးယူဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ဒီနေ့အထိဆို တရားမဝင်ပြေးဆွဲတဲ့ ယာဉ် ၄၅ စီးလောက်ကို အရေးယူဆောင်ရွက်ထားတာ ရှိပါတယ်။ အိမ်စီးကားတွေနဲ့ ပတ်သက်ပြီး ဆက်လက်ဖြေကြားရာ “ကျွန်တော်တို့က မှတ်ပုံတင်ထားခြင်းမရှိတဲ့ ဘယ်ယာဉ်ကိုမဆို အများပြည်သူ ပိုင်လမ်းတွေမှာ မောင်းနှင်နေတာရှိပါတယ်။ အခုက ပထမဆုံးအနေနဲ့ ခရီးသည်တင်ယာဉ် ကိစ္စတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နောင်ကျရင်တော့ တရားဥပဒေစိုးမိုးရေးအရ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း

မီဒီယာ-
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရရဲ့ သဘောထားကိုလည်း သေသေချာချာလေး ရှင်းပြပေးပါ။
ဝန်ကြီးချုပ်-
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း မြစ်ဆုံကော်မရှင်ထဲမှာ ပါပါတယ်။ နှစ်လတစ်ကြိမ် အစည်းအဝေးလုပ်ပြီးတော့ ကော်မရှင်ရဲ့ အစီရင်ခံစာကို သမ္မတကို တင်ပြီးတော့ သမ္မတက ဆုံးဖြတ်မယ်ဆိုတဲ့ အဆိုက နောက်ဆုံးပဲ။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရအဆင့် မဟုတ်ဘဲနဲ့ ပြည်ထောင်စုအစိုးရကနေပဲ ဆုံးဖြတ်ပေးပါလိမ့်မယ်လို့ပဲ ဖြေကြားပါရစေ။

ပြည်နယ်အတွင်းက လမ်းခင်းဖို့ အရေးကြီးလမ်းများကို ဘယ်လိုဆုံးဖြတ်ခဲ့ကြသလဲ

မီဒီယာ-
ဖားကန့် – ကားမိုင်းလမ်းကို မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းက ကွန်ကရစ်လမ်း အခမဲ့ခင်းပေးဖို့ပေါ့နော်။ အဲဒါကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးနဲ့ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီက ဦးကျော်သူရတို့က ဝန်ကြီးချုပ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဆီ ခွင့်ပြုချက်တောင်းတာတွေ အသိပေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီမှာ သဘောတူညီချက် ရရှိခဲ့တာတွေလည်း သိရပါတယ်။ နောက်မှာ ကချင်ပြည်နယ်အစိုးရက ဒီလမ်းကို ဘီအိုတီစနစ်ချပေးဖို့ လုပ်ထားတယ်ဆိုပြီးတော့ လမ်းပန်းဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ပြန်လုပ်တယ်။ ဘာကြောင့် ခွင့်မပြုပေးခဲ့တာလဲ။
လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး-
ကျွန်တော်တို့ဆီကို မြန်မာသူရက ဦးသူရနဲ့အဖွဲ့လာခဲ့တာမှန်ပါတယ်။ ကျွန်တော်တို့ဆီကိုလာပြီးမှ သူတို့ကျောက်မျက်လုပ်ငန်းရှင်များက ဒီလမ်းကိုခင်းချင်ပါတယ်။ သူတို့ငွေနဲ့ ခင်းချင်ပါတယ်ဆိုပြီး လာပြောတာရှိပါတယ်။ နောက်ပြီး သူ့အနေနဲ့လည်း ၁ ဘီလီယံ ကို စပြီးမတည်ပေးမယ်လို့ ပြောတာလည်း ရှိပါတယ်။ သူလာပြောပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ တွက်ချက်ချက်အရဆိုရင် တကယ့်အဆင့်မီလမ်း ဖြစ်အောင်ဆိုရင် ဘီလီယံ ၅၀ နီးပါးလောက် ကုန်မယ်ဆိုတာကို အကြမ်းဖျဉ်းပြောပြပါတယ်။ ပထမဆုံးလာပြောတာက အခြေအနေလေးပဲ လာပြောပြီးမှ နောက်ဆောင်ရွက်မယ့် ဒီငွေကို ဘယ်လိုရှာမယ် ဆိုတာကို ကျွန်တော်တို့ကို ဆောင်ရွက်ဖို့ လာပြီးညှိနှိုင်းတာ မရှိပါဘူး။ နောက်ပြီး ဒီ ဖားကန့်-ကာမိုင်းလမ်းကို ပေးမယ်ဆိုရင်လည်း တစ်ဦးတစ်ယောက်လာပြောတာနဲ့ ပေးလို့ မရပါဘူး။
မီဒီယာ-
ကျွန်တော် မေးချင်တာ ၁၁ ဘီလီယံ(ဗန်းမော်-မိုးမောက် လမ်းအား တင်ဒါမခေါ်ယူပဲ ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးမှာ လုပ်ပိုင်ခွင့် ချပေးထားသည့် ကိစ္စ)ကိစ္စပါ။ ဒီကိစ္စမှာ လာဘ်ပေး လာဘ်ယူမှုတွေ ရှိနေတယ်လို့လည်း ကြားသိရပါတယ်။ ထိပ်ပိုင်းခေါင်းဆောင် ၆ ယောက်ဟာ ဒီအမှုမှာ ပါဝင်နေတယ်ဆိုပြီးတော့ အပြင်သတင်းတွေအရ ကြားနေရတာပေါ့လေ။ အခုလက်ရှိ တွေ့တာက တင်ဒါမခေါ်ဘူး၊ လွှတ်တော် အတည်ပြုချက်မယူဘူး။ ညှိနှိုင်းမှု အားနည်းတယ်ဆိုတဲ့ အပိုင်းတွေ သိရှိထားပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုဆုံးဖြတ်ချက် ချပေးတာလဲ။ ဘာကြောင့် အဲဒီကုမ္ပဏီ(ပါဝါဖိုက်စတား)ကို ပေးလိုက်တာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။
ဝန်ကြီးချုပ်-
ဒီ ၁၁ ဘီလီယံ ဆိုတာ မန္တလေးလမ်းကို လျာထားတဲ့လမ်း ဖြစ်ပါတယ်။ လမ်းလေးလမ်းက လုံခြံရေးအခြေအနေအရ လုပ်လို့မရဘူး။ လုပ်လို့မရတဲ့ အခါကျတော့ ကွင်းဆင်းစစ်ဆေးတာ ဘာညာအချိန်က တော်တော်ကုန်သွားတယ်။ ကုန်သွားတဲ့အချိန်ကျတော့ ဒီငွေတွေကို ပြန်အပ် လိုက်မလားပေါ့။ ဒီလုပ်ငန်းက လမ်း ၄ ခုပေါင်းမှ ၁၁ ဘီလီယံ။ ၁၁ ဘီလီယံဆိုတာ တစ်ခုတည်းကို ချပေးတာမဟုတ်ဘူး။ တင်ဒါခေါ်ဖို့အချိန်လည်း မရတော့ဘူး။ ပြန်အပ်ရင် ကျွန်တော်တို့ ပြည်နယ်နာတာပေါ့။ ပါဝါဖိုက်စတားက မီးသတ်လမ်းဆုံကနေ မိုင်ဒဲကွေ့အထိ အစမ်းလုပ်ပြပါ့မယ် ဆိုတော့ မကြိုက်ရင် ပိုက်ဆံမပေးနဲ့ဆိုတဲ့ ကုမ္ပဏီ(ပါဝါဖိုက်စတား) ပေါ်လာတယ်။ ကဲဒါဆိုရင် ခရိုင်ချင်းဆက်လမ်းကို လုပ်ရအောင်၊ တင်ဒါခေါ်ဖို့လည်း အချိန်မရှိတော့ ပါဝါဖိုက်စတားကို ရုံးမှာလာပြီး ရှင်းပြခိုင်းတယ်။ အချိန်ကလည်း မရတော့ဘူးဆိုတော့ ပြည်နယ်မနစ်နာအောင် Cabinet ဆုံးဖြတ်ချက်နဲ့ လုပ်လိုက်တာပါ။

လျှပ်စစ်မီးရရှိရေး

မီဒီယာ-
၂၀၁၉ – ၂၀ မီးရရှိရေးအတွက် ပြုလုပ်မယ်ဆိုရင် ဘယ်လိုစွမ်းအင်မျိုးကို အခြေခံပြီးတော့ ထုတ်လုပ်မလဲဆိုတာ သိချင်ပါတယ်ရှင့်။
လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်စက်မှုလက်မှု ဝန်ကြီး-
ကျွန်တော် အနေနဲ့ ၂၀၁၉-၂၀ လျှပ်စစ်မီး ရရှိရေး စွမ်းအင်ဘယ်ကရမလဲဆိုတော့ ကျွန်တော်တို့ ပြည်နယ်မှာဆိုရင် လောလောဆယ် ချီဖွေငယ်ရေအားလျှပ်စစ်ကနေ ကျွန်တော်တို့ ၉၉ မဂ္ဂါဝပ် ရှိပါတယ်။ နောက်ပြီး ဘူးဂါးကနေ ၂၀ ဒဿမ ၅ နဲ့ ထပ်ပြီးတိုးချဲ့ထားတာ ၁၄ ခုရှိပါတယ်။ ဗန်းမော်မှာဆိုရင် တာပိန် ရေအားလျှပ်စစ်ကနေ ၂၄၀မဂ္ဂါဝပ် ရှိတယ်ဆိုတော့ ကျွန်တော်တို့ ပြည်နယ်အတွက် လုံလောက်မှု ရှိတဲ့အတွက် ပြည်နယ်သုံးနေတာဆိုရင် မဂ္ဂါဝပ် ၅၀၀ ရှိတဲ့အတွက် ထပ်ပြီးတိုးချဲ့မယ်ဆိုရင်တော့ လုံလုံလောက်လောက် တိုးချဲ့လို့ရပါတယ်။

နယ်စပ်ပြဿနာ

မီဒီယာ-
ကချင်ပြည်နယ်ဘက်မှာ အငှားကိုယ်ဝန်နဲ့ ရောင်းစားခံရတာတွေ၊ သားမယားအဖြစ် ရောင်းစားခံရတာတွေနဲ့ ပတ်သက်ပြီးတော့ရော ကချင်ပြည်နယ်အစိုးရ အနေနဲ့ ဘယ်လို ဆောင်ရွက်နေလဲဆိုတာ၊ ဘယ်လောက်ထိဖြစ်နေတယ်ဆိုတာ သိချင်ပါတယ်ရှင့်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး-
တရားမဝင် လူကုန်ကူးမှုတားဆီးရေးအဖွဲ့ ဆိုတာ ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒီအဖွဲ့ကနေ သတင်းရရှိမှုအပေါ် မူတည်ပြီး သက်ဆိုင်ရာဒေသခံတွေနဲ့ ပေါင်းပြီးတော့ တရားမဝင် လူကုန်ကူးတာတွေ ဖမ်းဆီးခဲ့တာတွေရှိပါတယ်။ ပြီးရင် တစ်ဖက်နိုင်ငံမှာ ရောက်ရှိနေတဲ့ အငှားကိုယ်ဝန်သည် အမျိုးသမီးတွေ အနေနဲ့ အခက်အခဲတွေရှိလို့ သတင်းပို့လာရင် ညှိနှိုင်းပြီးတော့မှ ပြန်လည်ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။

မပေါ်ပေါက်သေးတဲ့ မှုခင်းများ

မီဒီယာ-
ကချင်ပြည်နယ်အတွင်းမှာဆိုရင် မပေါ်ပေါက်သေးတဲ့ မှုခင်း အများကြီးရှိတယ်ပေါ့လေ။ အဲဒါတွေကို ဘယ်လိုပုံစံ စီစဉ်ဆောင်ရွက်နေပါသလဲ။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး-
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ ၂၀၁၇-၁၈-၁၉ ခုနှစ်တွေရဲ့ အမှုကြီးတွေ နှိုင်းယှဉ်ပြီး ရှင်းပြသွားပါမယ်။ လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ လုယက်မှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုရှိတယ်။ ၂၀၁၇ မှာ စုစုပေါင်း ၁၅၇ မှု ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၂၀၁၈ မှာတော့ ၁၃၈ မှုနဲ့ ၂၀၁၉ ဇွန်လအထိတော့ ၄၅ မှု ဖော်ထုတ်နိုင်ခဲ့ပါတယ်။ မမိသေးတဲ့ အမှုတွေကတော့ အမှုတစ်ခုတည်းတော့ မဟုတ်ပါဘူး။ အများကြီးရှိပါတယ်။ အဲဒါကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးတော့မှ ဆောင်ရွက်လျက်ရှိပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မေးခွန်းများ

မီဒီယာ-
ပူတာအိုဒေသမှာ ဒြပ်သတ္တုတူးဖော်ရေးနဲ့ ပတ်သက်ပြီး တင်ပြလာတာတွေရှိတယ်။ ခွင့်ပြုဖို့ဆိုရင် ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်လိုတယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရရဲ့ သဘောထား မှတ်ချက်ကိုသိချင်ပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး-
ဒြပ်သတ္တုနဲ့ ပတ်သက်ပြီးတော့ ပူတာအိုမှ မဟုတ်ပါဘူး။ ပြည်ထောင်စုအနေနဲ့ အကြီးစား အလတ်စားတွေ ချပေးတဲ့ လုပ်ငန်းစဉ်တွေကို ပြည်ထောင်စုက ချမှတ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်အနေနဲ့တော့ အသေးစား လက်လုပ်လက်စားတွေကို ချပေးတာဖြစ်ပါတယ်။ ပြည်ထောင်စုကနေ ပြီးတော့ ပြည်နယ်ကို မှတ်ချက်တောင်းတဲ့အခါမှာ လုပ်ကွက် စိစစ်ချထားပေးရေးအဖွဲ့ဆိုတာ ရှိပါတယ်။ အဲဒီတော့ ဒီအဖွဲ့တွေက လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ကွက်လျှောက်ပြီဆိုရင် ရွာမြေ ဟုတ်မဟုတ်၊ လယ်မြေ ဟုတ်မဟုတ်၊ သစ်တောဧရိယာ ဟုတ်မဟုတ် စတဲ့အချက်တွေနဲ့ သေချာစိစစ်ပြီးမှ ကွင်းဆင်းစစ်ဆေးတဲ့ အဖွဲ့တွေက ကင်းလွတ်ကြောင်း အစီရင်ခံစာ တင်ပြလာတဲ့အချိန်မှာ ဒီထက်ပိုပြီး သံသယရှိတယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ကွင်းဆင်းပြီးမှ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို အမှာစာ တင်ပါတယ်။
မီဒီယာ-
ဖားကန့်မှာ မိုးရာသီကာလ (ကျောက်မျက်တူးဖော်ရေးလုပ်ငန်း) ရပ်နားထားတာ ရှိပါတယ်။ ရပ်နားထားတဲ့အချိန်မှာ ခိုးတူးနေတာလေးတွေကို ဘယ်လိုစိစစ်နေတယ် ဆိုတာလေး သိချင်ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး
လုပ်ငန်း သုံးလရပ်နားရတာလည်း အားလုံးလည်း သိရှိပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ မိုးတွင်းကာလမှာ ဖားကန့်မှာ အန္တရာယ် မကြာမကြာ ကျရောက်လေ့ရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီလုပ်ငန်းစဉ်ဆောင်ရွက်တဲ့အခါမှာ ဘေးအန္တရာယ် မကြုံတွေ့အောင်လို့ ရပ်နားတဲ့အပေါ်မှာ ကျွန်တော်တို့ အနေနဲ့လည်း သက်ဆိုင်ရာ နယ်မြေလုံခြုံရေး အဖွဲ့တွေနဲ့ သက်ဆိုင်ရာမြို့နယ်/ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ရပ်မိရပ်ဖတွေနဲ့ လုပ်ငန်းစဉ်ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် ကုမ္ပဏီတွေ ရပ်နားတဲ့အခါမှာ လုံးဝမလုပ်ဖို့အတွက် စနစ်တကျလမ်းညွှန်ထားပြီးသား ဖြစ်ပါတယ်။ ကျောက်စိမ်း တူးဖော်ရေး အထွေထွေမန်နေဂျာ ဦးဆောင်တဲ့ အဖွဲ့တွေကလည်း အပတ်စဉ် အစီရင်ခံစာတွေ တင်ပြခြင်းဖြင့် ဆောင်ရွက်ချက်တွေ(ခိုးတူး) မရှိအောင် စိစစ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

IDPs

မီဒီယာ-
IDPs တွေကို ကချင်ပြည်နယ်အစိုးရကနေ အဓိက ပံ့ပိုးနိုင်တာ ဘာတွေလဲ။ နေရပ်ပြန်တဲ့သူတွေ အတွက်ရော ပြည်နယ်အစိုးရကနေ ဘာတွေ ကူညီပေးနေလဲ။
လူမှုရေးဝန်ကြီး-
တရားဝင် IDPs စခန်းစုစုပေါင်းကတော့ ၈၅ ခုရှိပါတယ်။ တရားဝင်နေကတော့ ၄၂၈၇ ယောက်ရှိပါတယ်။ နေရပ်ပြန်တာတွေလည်းရှိပါတယ်။ နေရပ်ပြန်တဲ့သူတွေကို ဘာတွေကူညီပေးနေလဲ ဆိုတော့ ပြောင်းရွေ့စရိတ်တွေ ထောက်ပံ့တယ်။ ပြီးလို့ရှိရင် သူတို့အတွက် တစ်လစာထောက်ပံ့
တယ်။ ပြီးလို့ရှိရင် လိုအပ်တဲ့အသုံးအဆောင် ပစ္စည်းတွေ ထောက်ပံ့တယ်။ ဒါကအစိုးရအဖွဲ့ ထောက်ပံ့တာပါ။ အခြားအဖွဲ့အစည်းတွေကလည်း ထောက်ပံ့တာတွေ ရှိပါတယ်။ မြို့ပေါ်မှာရှိတဲ့ IDPs တွေကိုလည်း လစဉ်စားနပ်ရိက္ခာတွေ ထောက်ပံ့ပါတယ်။

တိုင်ကြားစာ အခြေအနေ

မီဒီယာ-
လက်ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့မှာ တိုင်ကြားစာဘယ်လောက် ရှိပါသလဲ။ ဘယ်လို ဖြေရှင်းပေးနေလဲ။
ဝန်ကြီးချုပ်-
တိုင်ကြားစာကတော့ အများကြီးရှိတယ်။ နိုင်ငံတော်အတိုင်ပင်ခံနဲ့ နိုင်ငံတော်သမ္မတကို တိုက်ရိုက် တိုင်ကြားတာရှိတယ်။ ကချင်ပြည်နယ် အစိုးရကိုလည်း ဝန်ကြီးချုပ်ကို လိပ်မူပြီး တိုင်ကြားတွေလည်း ရှိတယ်။ ဘယ်လောက်ရှိသလဲ ဆိုတာတော့ သက်ဆိုင်ရာဋ္ဌာနတွေကို ပြန်မေးမှရမယ်။ တိုင်ကြားစာက အမြဲတမ်းရှိတယ်။ ဖြေလည်း ဖြေရှင်းနေတယ်။

မူးယစ်ဂိုဏ်းတွေ ဘာကြောင့် မမိတာလဲ

မီဒီယာ-
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ ဝန်ကြီးချုပ်ပြောသွားတာက မူးယစ်ဆေးဝါးတွေက လွယ်လွယ်ရတော့ သုံးစွဲတာတွေ ဝယ်လိုအားတွေ မြင့်တက်လာတယ်လို့ ပြောသွားပါတယ်။ ကျွန်တော်သိချင်တာက ကချင်ပြည်နယ်အတွင်းမှာ နာမည်ကျော်ကြားနေတဲ့ မူးယစ်ဒိုင်ကြီးတွေကို ဖမ်းဆီးရမိမှု မရှိတာ ဘာကြောင့်ပါလဲ။ နောက်ပြီး ဘာအခက်အခဲတွေ ရှိပါသလဲ။
ဝန်ကြီးချုပ်-
မနှစ်တုန်းကဆို ပရာဒိုကားနဲ့ မူးယစ်ဆေးဝါးအများကြီး မိပါတယ်။ ကျွန်တော် သက်ဆိုင်ရာမူးယစ်ကို လိုက်ခိုင်းပါတယ်။ လိုက်တဲ့အခါကျတော့ ဘယ်ရောက်လဲဆိုတော ရှမ်းမြောက်ကို ရောက်သွားတယ်။ ရောက်ပြီးတော့ ပြည်သူ့စစ်ရဲ့ နယ်ထဲကို ဝင်သွားတယ်။ အဲဒီအခါကျတော့ ဒိုင် မမိဘူး။ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေး မရသေးတဲ့အတွက် ပြဿနာတွေ ရင်ဆိုင်တဲ့အခါမှာ ထိရောက်မှုမရှိဘူး။ ငြိမ်းချမ်းရေးရမယ်ဆို ၉၀ ရာခိုင်နှုန်းလောက် ဖြေရှင်းပြီးသား ဖြစ်သွားမယ်။

မြို့တွင်းနှစ်ရှည်ပင်များ ခုတ်ရတဲ့ အကြောင်းအရင်း

မီဒီယာ-
မြစ်ကြီးနားမြို့ထဲ လမ်းချဲ့တဲ့အချိန်မှာ နှစ်ရှည်သစ်ပင်တွေကို ခုတ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကြားမှာဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးလည်း သိချင်ပါတယ်။
ဝန်ကြီးချုပ်-
သစ်ပင်ခုတ်တာလည်း ကျွန်တော်တို့ အများကြီး စဉ်းစားပါတယ်။ တချို့က သစ်ပင်ခုတ်လို့ ကျွန်တော်တို့ မြစ်ကြီးနားကြီး တအားပူလာတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ခုတ်တဲ့ အပင်က ဘာမှ မရှိပါဘူး။ ဘာပြန်စဉ်းစားသလဲဆိုတော့ မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော် ဖြစ်တယ်။ ခရိုင်မြို့ဆိုရင်လည်း ခရိုင်မြို့နဲ့ လိုက်လျောညီထွေတဲ့ လမ်းတွေ တံတားတွေ ကျယ်ကျယ်ဝန်းဝန်း ရှိရမယ်။ တတ်နိုင်သလောက် ကျွန်တော်တို့ လမ်းတွေချဲ့ပြီး မြို့တော် အင်္ဂါရပ်နဲ့ညီအောင် ဆိုပြီးတော့ ငွေအကုန်ကျခံ အချိန်ကုန်ခံပြီးတော့ ဒီကုက္ကိုပင်ကြီးတွေကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကြေညာစာတမ်း

မီဒီယာ-
၂၀၁၅ ခုနှစ်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာဆိုရင် ပြည်သူတွေအလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး အများကြီး ကတိပေးခဲ့တာတွေရှိတယ်။ အဲဒီတော့ သုံးနှစ်တာကာလအတွင်းမှာ ပြည်နယ်အစိုးအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဘာတွေဖန်တီးပေးနိုင်မှု အခြေအနေ ဘယ်လိုများရှိပါသလဲ။
ဝန်ကြီးချုပ်-
လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အလုပ်အကိုင်ရရှိရေးဆိုတာ ပါပါတယ်။ ကချင်ပြည်နယ်က မတည်ငြိမ် မအေးချမ်းသေးတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုမရှိဘူး။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နံှမှုတွေ လာမှသာ အလုပ်အကိုင်ရရှိမှာ ဖြစ်ပါတယ်။ ဒီနှစ်ပိုင်းမှာ ဒါကို အားစိုက်ပြီးတော့ လုပ်နေတဲ့ကာလ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးဆိုတာ ငွေထုတ် ပိုက်လာပြီးတော့ မွေးမြူရေးမှာဖြစ်ဖြစ် စိုက်ပျိုးရေးမှာပဲဖြစ်ဖြစ် လာရောက် ရင်းနှီးမြှုပ်နှံမှသာလျှင် ပြည်သူတွေကို အလုပ်အကိုင်ပေးနိုင်မှာ ဖြစ်ပါတယ်။