ဇူလိုင် ၅

    ယခုနှစ် နှစ်စပိုင်းမှ လက်ရှိအချိန်ထိ ကချင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းသည် မြစ်ကြီးနားမြို့နယ်တွင် အမြင့်ဆုံးဖြစ်နေကြောင်း ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။လက်ရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု စာရင်းဇယားများအရ ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် အဆိုးဆုံး ဖြစ်ပွားခဲ့သော ၂၀၁၇ ခုနှစ် ဖြစ်ပွားနှုန်းထိ မများသေးသော်လည်း ၂၀၁၈နှင့် ၂၀၁၆ ခုနှစ် ဖြစ်ပွားသူဦးရေထက် ပိုမိုများနေကြောင်း တွေ့ရသည်။

    သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုသည် ယေဘုယျအားဖြင့် လေးနှစ်လျှင်တစ်ကြိမ် အများဆုံး ဖြစ်ပွားတတ်ကြောင်း၊ ယခုနှစ်သည် အများဆုံးဖြစ်ပွားသည့် နှစ်မဟုတ်သေးသော်လည်း ပူနွေးစိုစွတ်သော ရာသီဥတုအခြေအနေကြောင့် ဖြစ်ပွားမှုနှုန်း များနိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ပြည်နယ် (ရ-ပ-က-န)အဖွဲ့မှ ဒေါက်တာ ဇော်ရိန်က ပြောသည်။

    “ဒီနှစ်က အဲ့ဒီလိုအဖြစ်များတဲ့နှစ်တော့ မကျသေးဘူး။ ဒါပေမယ့် ရာသီဥတုတော်တော်ကြီးကို ပူနွေးနေတယ်။  မိုးလည်း တောက်လျှောက်နီးပါး ရွာနေတော့ ကျွန်တော်တို့ ခြင်ပေါက်နိုင်တဲ့ အနေအထားတော့ တော်တော်ကြီးကို ဖြစ်နေတယ်။ နောက်တစ်ခုက ရောဂါကူးစက်ပျံ့ပွားဖို့ကို ပိုဖြစ်နိုင်တဲ့ရာသီဖြစ်နေတယ်”ဟု ဒေါက်တာဇော်ရိန်က ပြောသည်။

    သို့သော်လည်း အများဆုံး ဖြစ်ပွားတတ်သောလဖြစ်သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်း ဖြစ်ပွားမှုနှုန်း စောင့်ကြည့်ပြီးမှသာ ယခုနှစ်အတွင်း မည်မျှဖြစ်ပွားခဲ့ကြောင်း အတိအကျသိရှိနိုင်မည် ဖြစ်ကြောင်း ဒေါက်တာဇော်ရိန်က ပြောသည်။
သွေးလွန်တုပ်ကွေး ကာကွယ်ရေးနှင့် ပတ်သက်၍ ရပ်ကွက်အလိုက် ပုံမှန်လှည့်လည် စစ်ဆေးပေးမှုများ ပြုလုပ်နေကြောင်း၊ ပိုမိုဖြစ်ပွားသော နေရာများတွင် သီးသန့်ပြန်လည် စစ်ဆေးပေးမှုများ၊ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုများကို ပြုလုပ်နေကြောင်း မြစ်ကြီးနားမြို့နယ် ကျန်းမာရေးမှူး ဦးအောင်မြင့်က ပြောသည်။

    သွေးလွန်တုပ်ကွေး မဖြစ်ပွားအောင် ကျန်းမာရေး ဝန်ထမ်းများ၏ တားဆီးပေးမှုထက် မိမိအိမ်ပတ်ဝန်းကျင်တွင် ကိုယ်တိုင် ကာကွယ်နှိမ်နင်းမှုများ ပုံမှန်ပြုလုပ်ပါမှ ထိထိရောက်ရောက် တားဆီးနိုင်မည် ဖြစ်ကြောင်း၊ နေ့ခင်း ခြင်ကိုက်မခံရအောင် သတိထားကြရန်၊ အိမ်ခန်းများကို လင်းလင်းချင်းချင်း ထားရှိရန်၊ လောက်လန်းနှိမ်နင်းမှုများ အပတ်တိုင်းပြုလုပ်ကြရန် ဒေါက်တာဇော်ရိန်က တိုက်တွန်း ပြောကြားသည်။

    ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၄ရက်နေ့ထိ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု စာရင်းဇယားအရ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ရောဂါဖြစ်ပွားသူ ၂၈၃ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

Ann