ဇူလိုင် ၂

ဆွတ်ဘွမ်တစ်သျှူးငှက်ပျောကုမ္ပဏီမှ အလုပ်သမားလေးဦး ငှက်ပျောခြံသုံး ပိုးသတ်ဆေးသုံးစွဲရာမှ အဆိပ်သင့်ကာ  ဇူလိုင်လ ၁ရက်နေ့က ဝိုင်းမော်ဆေးရုံကြီးသို့ ရောက်ရှိ၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
အလုပ်သမား နှစ်ဦးတို့မှာ မနက်ပိုင်း ပိုးသတ်ဆေးပက်ဖျန်းပြီးနောက် နေ့လည်စာစားပြီးချိန်တွင် ရုတ်တရက် မူးဝေအော့အန်လာသောကြောင့် စိုက်ခင်းတာဝန်ခံနှင့် အလုပ်သမားများမှ ဝိုင်းမော်ဆေးရုံသို့ လာရောက် ပို့ဆောင်ခဲ့ရာ  လာရောက် ပို့ဆောင်သည့် အလုပ်သမားထဲမှ နှစ်ဦးမှာလည်း  နေမကောင်းဖြစ်လာသဖြင့် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

    အလုပ်သမားလေးဦး အနက် နှစ်ဦးမှာ အခြေအနေစိုးရိမ်ရသဖြင့် အရေးပေါ်ကုသမှုပြုလုပ်ကာ မြစ်ကြီးနားဆေးရုံကြီးသို့ ပြောင်းရွှေ့လိုက်ပြီး ကျန်နှစ်ဦးတို့မှာ ဝိုင်းမော်ဆေးရုံတွင် ကုသမှုခံယူခဲ့ကြောင်း သိရသည်။
ပိုးသတ်ဆေး ပက်ဖျန်းရာတွင် နှာခေါင်းစည်း တပ်ခြင်း၊ လက်အိတ်စွပ်ခြင်း၊ အကာအကွယ် အင်္ကျီများ ဝတ်ဆင်ရမည် ဖြစ်သော်လည်း ယခုကိစ္စသည် အကာအကွယ် အားနည်းခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ခန့်မှန်းရကြောင်း ဝိုင်းမော်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာသိန်းမြို့က ပြောသည်။

    “သူတို့ကတော့ လွယ်လင့်တကူ နှာခေါင်းစည်းတယ်။ လက်အိတ်စွပ်တယ် အဲ့ဒီနှစ်ခုနဲ့ပဲ လွယ်လင့်တကူ အလုပ်လုပ်ကြတယ်။ သူတို့စွပ်တဲ့ လက်အိတ်တွေက ပါးတယ်လို့ ယူဆရတယ်”ဟု ဒေါက်တာသိန်းမြို့က ပြောသည်။
ယခင်က ပိုးသတ်ဆေးသုံးစွဲခြင်းကြောင့် နာမကျန်းလူနာများ ရှိသော်လည်း စိုးရိမ်ဖွယ် အခြေအနေမရှိခဲ့ကြောင်း၊ ယခု လူနာများသည် အဆိုးရွားဆုံးအခြေအနေထိ ရောက်ခဲ့ကြောင်းနှင့် မည်သည့် ပိုးသတ်ဆေးမဆို အကာအကွယ်မဲ့ သုံးရန် မသင့်တော်ကြောင်း ဒေါက်တာ သိန်းမြို့က ပြောသည်။

    “ပိုးသတ်ဆေးက အကာအကွယ်မဲ့ သုံးလို့ရှိရင် ရေရှည် မပြောနဲ့ ရေတိုမှာတောင် ချက်ချင်းသေမှာ။ အကာအကွယ်မဲ့ သုံးရင် ဘယ်ပိုးသတ်ဆေးကိုမှ ခံနိုင်မှာ မဟုတ်ဘူး။ လူက ပိုးကောင်မှမဟုတ်တာ။ လူက ပိုးကောင်နဲ့အတူ ပါသွားမှာပေါ့”ဟု၎င်းက ပြောသည်။
၎င်းတို့သုံးသော ပိုးသတ်ဆေးသည် အလွန်ပြင်းသော အနံ့ရှိ၍ ခရမ်းရောင်ရှိကြောင်း၊ ဆေးအရှိန်ကြောင့် အော့အန်မူးဝေကာ သတိမေ့မြောသွားခဲ့ကြောင်း လူနာတစ်ဦးဖြစ်သူ ကိုမိုးဒီက ပြောသည်။
“ဖျန်းထားပြီးတော့ မကြာဘူး။ မူးလာတယ်။ အန်တယ်။ တအားကြီးကို မူးတာ အသားပါတုန်တယ်”ဟု ကိုမိုးဒီက ပြောသည်။

    ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆွတ်ဘွမ်စိုက်ခင်း တာဝန်ခံဦးလဂျာက “ကျွန်တော်တို့အနေနဲ့ ရာဘာလက်အိတ်တွေ ထုတ်ထားပေးတယ်။ ဒါပေမဲ့ သူတို့လွယ်လင့်တကူ အသုံးပြုလို့ရတဲ့ ပလတ်စတစ်အိတ်တို့ကိုဘယ်လို သုံးလဲဆိုတာ ကျွန်တော်တို့လည်း မသိဘူး။ သူတို့ ပြန်လည် ကျန်းမာလာဖို့အတွက် ဆေးဝါးကုသဖို့ နံပါတ်တစ်ပေါ့။ ပြီးတော့ နောက်ပိုင်း နလန်ပြန်ထူတဲ့အထိ တာဝန်ယူဖို့ သူတို့အဆင်သင့်ရှိပါတယ်။ အခုလိုဖြစ်တာ သူတို့ရဲ့ပေါ့လျော့မှု ပါကောင်း ပါမယ်လို့ထင်တယ်”ဟု ပြောသည်။

    ငှက်ပျောခြံ အလုပ်သမားများသည် ပျှမ်းမျှအားဖြင့် ပထမအဆင့်တွင် မြေဆီကျွေးခြင်း၊ ပေါင်းရှင်းခြင်း၊ ဆေးဖျန်းခြင်းများ ပြုလုပ်ရကြောင်း၊ မြေဆီကျွေးခြင်းကို တစ်လလျှင် အနည်းဆုံး ငါးခေါက်ခန့် ကျွေးရပြီး ပိုးသတ်ဆေးကို တစ်လလျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဖျန်းပေးရကြောင်းနှင့် အပင် စစိုက်ချိန်မှစပြီး အသီးခုတ်သည့်အချိန်အထိ မြေဆီကျွေးခြင်းနှင့် ဆေးဖျန်းခြင်းကို အကြိမ်သုံးဆယ်ခန့် ပြုလုပ်ရကြောင်း အလုပ်သမားများထံမှ သိရသည်။

Ann/Benadeth