ခတ်ချိုစစ်ရှောင်ဒုက္ခသည်များက မိုင်းလုံးဝကင်းရှင်းသွားမှသာ နေရပ်ပြမည်

569

ဇူလိုင်၁၀

နန်ဆန်ယန်မှရွှေ့ပြောင်းနေထိုင်သည့်ခတ်ချိုစစ်ရှောင်စခန်းမှပြည်သူတချို့ကနေရပ်ပြန်မည်ဆိုပါကမိုင်းလုံးဝကင်းရှင်းသွားမှသာလျှင်ပြန်မည်ဖြစ်သည့်အတွက်အစိုးရအနေဖြင့်နီးစပ်ရာရွာအနီးဝန်းကျင်တွင်နေအိမ်ကွက်များချပေးစေလိုကြောင်းပြောသည်။

အဆိုပါစစ်ရှောင်စခန်းအတွင်းရှိနန်ဆန်ယန်ကျေးရွာပြည်သူများကိုနိုင်ငံတော်ကနေရပ်ပြန်ခြင်း၊မပြန်ခြင်းနှင့်ပတ်သက်ပြီးမိမိဆန္ဒအလျောက်သာဖြစ်သည်ဟုဆိုသည့်အတွက်ကြောင့်နှင့်မိုင်းများရှိနေသေးသဖြင့်အကယ်၍ နေရပ်ပြန်ပြီးတော၊တောင်ထဲသွားရောက်အလုပ်လုပ်ကိုင်ပါကမိုင်းများထိမှန်မည်ကိုလည်းစိုးရိမ်ကြကြောင်းပြောသည်။”အခုကနန်ဆန်ယန်မှာဘယ်ကိုပဲကြည့်ကြည့်မိုင်းတွေချည်းပဲဆိုတော့အဲဒါကိုဘယ်လိုရှင်းမလဲ။ဘယ်လိုမှကုန်နိုင်မယ်မထင်ပါဘူး။အပစ်အခတ်ရပ်ထားတယ်ဆိုပေမယ့်မသေချာဘူး။တစ်ကျော့ပြန်ဖြစ်လာရင်ဘယ်လိုပြန် လုပ်မလဲ။ဘယ်သူကစစ်ရှောင်ဆိုပြီးပြန်လက်ခံမှာလဲ။ဒါကြောင့်မပြန်ဘူး” ဟုစစ်ရှောင်စခန်းတာဝန်ခံဖြစ်သူနန်ဆန်ယန်ဒေသမှဒေါ်ကြည်ကြည်ညွန့်ကပြောသည်။

ထို့အပြင်၎င်းတို့နေအိမ်များကိုမိုင်းများထိမှန်ကာမီးလောင်ပျက်စီးကုန်ပြီဖြစ်ကြောင်း၊ဈေးရောင်းမည်ဆိုပါကလည်းဝယ်ယူစားသုံးမည့်သူများသည်ဗန်းမော်သို့ဖြတ်သန်းသွားလာသူများသာရှိသဖြင့်ဈေးရောင်းကောင်း မည်မဟုတ်ကြောင်းနှင့်အိမ်မြေကွက်အချို့ကိုလုပ်ငန်းရှင်များကရွှေတူးလိုက်သည့်အတွက်မရှိတော့ကြောင်းစစ်ဘေးရှောင်ဒေါ်စန်းစန်းမြင့်ကပြောသည်။”မြေနေရာတွေချပေးပြီး၊အိမ်တွေဆောက်ပေးပြီးရင်တော့နေမယ်လေ။စာသင်ကျောင်းတွေ၊ကျန်းမာရေးဆေးခန်းတွေ၊ဈေးနေရာတွေအားလုံးအဆင်ပြေပြီဆိုမှပဲပြန်မယ်။မဟုတ်ရင်တော့ပြန်ဖို့မဖြစ်နိုင်သေးဘူး”ဟုဒေါ်အေးလိုင်ကပြောသည်။

စခန်းအတွင်းနေထိုင်ခဲ့သည်မှာ၈နှစ်ခန့်ကြာခဲ့ပြီဖြစ်သည့်အတွက်တချို့မှာစခန်းအတွင်းမှအိမ်ထောင်စု၂၇စုသည်သိန်း၄၀ဝကျော်မြေကွက်ကြီးကိုတစ်အိမ်ထောင်လျှင်၁၅သိန်းခန့်စီစုပေါင်းဝယ်ယူပြီးအိမ်ထောင် တစ်စုလျှင်ခြံအကျယ်၆၀_ ၄၀စီခွဲယူကြရန်ငွေစုနေကြကြောင်းလည်းသိရသည်။”ဒီမှာကဘာမဆိုအဆင်ပြေတယ်။ကလေးတွေအတွက်လည်းအဆင်ပြေတယ်။ပညာရေးလည်းအဆင်ပြေတယ်။ဆေးရုံဆေးခန်းလည်းနီး၊မိသားစုတွေအလုပ်လုပ်ကိုင်စားသောက်ဖို့ကလည်းအဆင်ပြေ၊သွားလာရလည်းအဆင်ပြေဆိုတော့မပြန်တော့ဘူး” ဟုဒေါ်ကြည်ကြည်ညွန့်ကပြောသည်။

အိမ်ခြံကွက်စုပေါင်းဝယ်ယူရန်အချို့စစ်ရှောင်ပြည်သူများသည်ငွေကြေးမတတ်နိုင်ကြသဖြင့်ကျေးရွာအနီးရှိမြေကွက်ရိုင်းများ၌မြေကွက်အချို့ကိုအစိုးရအနေဖြင့်မြေနေရာချပေးစေလိုကြောင်းတောင်းဆိုကြသည်။”ကျွန်မတို့ကစုပေါင်းဝယ်တဲ့ထဲမှာလည်းမပါနိုင်ဘူး။မိသားစုကများတယ်။ကျွန်မသမီးတစ်ယောက်ကအတက်ရောဂါရှိတော့ခဏခဏဆေးရုံကိုတက်လိုက်၊ဆင်းလိုက်နဲ့နေရတော့ပိုက်ဆံမစုနိုင်ဘူး။တချို့ကဝယ်နိုင်တယ်။ပလနဘက်ကိုလည်းမနေနိုင်ဘူး။တစ်ခုခုဖြစ်ရင်လမ်းမှာတင်အသက်ဆုံးနိုင်တယ်”ဟုဒေါ်မအေးလှိုင်ကပြောသည်။

အဆိုပါစစ်ရှောင်စခန်းတွင်အိမ်ထောင်စု၉၂စုရှိပြီးလူဦးရေစုစုပေါင်း၄၄၉ဦးရှိကြောင်း၊ယင်းအထဲမှအများစုသည်ပယင်းလုပ်ငန်းကိုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်း၊နီးစပ်ရာအနီးအနား၌နေ့စားအလုပ်များလုပ်ကိုင်ကာနေထိုင်ရပ်တည်နေကြသူများဖြစ်ကြောင်းသိရသည်။

၎င်းတို့အနေဖြင့်စခန်းအတွင်းနေထိုင်ပြီးပယင်းများကိုလုပ်ကိုင်ရသည်မှာနေပူထဲသွားရောက်အလုပ်မလုပ်ရရုံသာရှိကြောင်း၊မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်အခြားလုပ်ငန်းမရှိသည့်အတွက်ပယင်းလုပ်ငန်းကိုသာအမှီပြုလုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရသည်။”အဓိကလုပ်ကိုင်စားသောက်နေတာကပယင်းပဲလေ။အရင်တုန်းကတော့စုဆောင်းဖို့ရတယ်။အခုကစားဖို့သောက်ဖို့ပဲရတယ်။ဒီဟာဝယ်လိုက်၊ဒီဟာရောင်းလိုက်၊ဒီဟာစားလိုက်နဲ့လည်ပတ်နေတာပေါ့။တစ်သိန်းရင်းရင်နှစ်သိန်းလောက်မြတ်တယ်။အခုကတစ်သိန်းရင်းရင်၅သောင်းလောက်တောင်မရောက်ချင်ဘူး”ဟုဒေါ်စန်းစန်းမြင့်ကပြောသည်။

မွန်းမွန်းပန်